အာဏာသိမ်း စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် စွပ်စွဲကာ တရားစွဲဆိုထားမှုအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၃ ဦး အနေဖြင့် သက်သေ တင်ပြခြင်း မရှိဘဲ ကိုယ်တိုင်ချေပ ထွက်ဆိုမည် ဖြစ်ကြောင်း ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က ပြောသည်။
စစ်တပ်က အရပ်သားအစိုးရအား ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဒေါ်အောင်ဆန်းစု ကြည်၊ သမ္မတဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့မှာ ဖမ်းဆီးချုပ်နှောင်ခြင်း ခံခဲ့ရပြီး ပြင်ပနှင့် အဆက်အသွယ် ဖြတ်ခံထား ရသည့် အချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဟူ၍ ထုတ်ပြန်သည့် ကြေညာချက် ကြောင့် ၎င်းတို့တွင် တာဝန်ရှိသည်ဟုဆိုကာ တရားစွဲခံရခြင်း ဖြစ်သည်။
တရားသူကြီးကလည်း ၎င်းတို့အား ယင်းပုဒ်မဖြင့် စွဲချက်တင်ထားသည်။
အဆိုပါ ကြေညာချက် ၂ စောင်သည် ဖေဖော်ဝါရီ ၇ ရက်၊ ၁၃ ရက်နေ့ ရက်စွဲများဖြင့် ထွက်ပေါ်လာခြင်းဖြစ်ပြီး ၎င်းတို့ အနေ ဖြင့် ကြေညာချက်များအား သိရှိခြင်း မရှိသည့်အတွက် အပြစ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် နှင့် ဒေါက်တာမျိုးအောင်တို့က တရားခွင်တွင် ထွက်ဆိုထားသည်။
အမှုနှင့် ပတ်သက်၍ အောက်တိုဘာ ၁၂ ရက်တွင် သမ္မတဦးဝင်းမြင့်အား စစ်ဆေးမည်ဖြစ်ပြီး အောက်တိုဘာ ၂၆ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အားလည်းကောင်း၊ နိုဝင်ဘာ ၂ ရက်တွင် ဒေါက်တာမျိုးအောင်အားလည်းကောင်း စစ်ဆေးသွား မည် ဖြစ်သည်။
ယနေ့ ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်အား ဦးညီညီဆိုသူက သီးခြားစွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားမှု၌ ထပ်မံပျက်ကွက်သည့် တရားလိုပြသက်သေအား ချန်လှပ်ကာ လာ မည့် အောက်တိုဘာ ၁၂ ရက်နေ့ ရုံးချိန်တွင် စွဲချက်တင်သင့်/မတင်သင့်အား နှစ်ဖက်ရှေ့နေများက လျှောက်လဲတင်ပြကြ မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကျန်းမာရေး အခြေအနေအရ အပတ်စဉ် ရုံးထုတ်စစ်ဆေးမှုအား တပတ်ခြား သာ ရုံးထုတ်စစ်ဆေးပေးရန် ထပ်မံတောင်းဆိုခဲ့ပြီး အဆိုပါ တောင်းဆိုမှုနှင့် ပတ်သက်၍ ရှေ့လာမည့်ရုံးချိန်းတွင် တရားရုံး က ဆုံးဖြတ်ပေးမည် ဖြစ်သည်။
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အမည်ဖြင့် ထုတ်ပြန်ခဲ့သည့် အဆိုပါ ကြေညာချက် ၂ စောင်နှင့် ပတ်သက်ပြီး အခြားသော ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ် အချို့ကိုလည်း အာဏာသိမ်း စစ်ကောင်စီက ပုဒ်မ ၅၀၅-ခ ဖြင့် တရားစွဲဆို ထားမှုကြောင့် တရားရင်ဆိုင်နေရသည်။
You may also like these stories:
ဦးဖြိုးမင်းသိန်း ထွက်ဆိုချက် ဒေါ်အောင်ဆန်းစုကြည် ငြင်းဆို
ဒေါ်အောင်ဆန်းစုကြည်အား စွဲထားသည့် ပုဒ်မ ၅၀၅- ခ အမှု ပြန်ခေါ်သက်သေ စစ်ဆေး