မြန်မာနိုင်ငံ၏အကျပ်အတည်း ဖြေရှင်းရေး အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ အားထုတ်မှုများတွင် ပူးပေါင်းဆောင်ရွက်ရန် စစ်ကောင်စီ၏ ပျက်ကွက်မှုများအတွက် စိတ်ပျက်ခြင်းကို ဖေါ်ပြပြီး ယခုလနှောင်းပိုင်းတွင် ကျင်းပမည့်ASEAN ထိပ်သီးဆွေးနွေးပွဲသို့ စစ်ကောင်စီခေါင်းဆောင်ကို တက်ရောက်ခွင့် မပေးဘဲ ထားနိုင်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သတိပေးပြောကြားလိုက်သည်။
ASEAN အဖွဲ့ဝင်မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီလက အာဏာသိမ်းမှုနှင့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူများကို သွေးချောင်းစီးနှိမ်နင်းမှုကြောင့် လူမှုရေးနှင့် နိုင်ငံရေးအခြေအနေများ ဖရိုဖရဲဖြစ်နေသည်။ နိုင်ငံတကာ အသိုက်အဝန်းသည် ASEAN အထူးသံတမန်တဦးခန့်အပ်ပြီး သံတမန်ရေး အားထုတ်မှုများ ပြုလုပ်နေသည်။
တနင်္လာနေ့က ASEAN နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ပြီးနောက် အဖွဲ့ဝင်နိုင်ငံများက မြန်မာစစ်ကောင်စီကို စိတ်ပျက်ကြောင်း တညီတညွတ်တည်း ဖေါ်ပြကြသည်။
မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က သက်ဆိုင်သူအားလုံးနှင့်တွေ့ဆုံမည့် ASEAN အထူးသံတမန် အာရီဝန် ယူဆွတ် မြန်မာနိုင်ငံသို့ လာရောက်ရေးကိစ္စကို ဆွေးနွေးကြောင်း သိရသည်။ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) အာရီဝန်ကို မြန်မာနိုင်ငံဆိုင်ရာ ASEAN အထူးသံတမန်အဖြစ် သြဂုတ်လက ခန့်အပ်ခဲ့သော်လည်း သူမြန်မာနိုင်ငံသို့ လာရောက်မည့်ကိစ္စကို စစ်ကောင်စီက အတည်မပြုသေးပေ။
သတင်းအများစုအရ တနင်္လာနေ့က ကျင်းပသည့် အစည်းအဝေးသည် အဆင်ပြေချောမွေ့ခြင်း မရှိပေ။
မြန်မာစစ်ကောင်စီသည် အထူးသံတမန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသောကြောင့် ASEAN အဖွဲ့ဝင်နိုင်ငံများက စိတ်ပျက်ကြောင်း၊ အခြေအနေတိုးတက်မှုမရှိလျင် ယခုလ ကျင်းပမည့် ထိပ်သီးအစည်းအဝေးတွင် မြန်မာကို ချန်လှပ်ထားနိုင်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖတ်ဒင် အဗဒူလာက အစည်းအဝေးပြီးနောက် တွစ်တာတွင်ရေးသားလိုက်သည်။
”တိုးတက်မှုမရှိရင် အောက်တိုဘာ ၂၆ -၂၈ မှာ ကျင်းပမယ့် ASEAN ထိပ်သီးဆွေးနွေးပွဲမှာ စစ်ကောင်စီ ဥက္ကဋ္ဌကို ခေါ်ဖို့ခက်မယ်” ဟု အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို ရည်ညွှန်းပြီး သူရေးသည်။
စစ်ကောင်စီခေါင်းဆောင်သည် ထိုထိပ်သီးဆွေးနွေးပွဲကို အလွန်တက်လိုနေကြောင်း ရန်ကုန်မှ သံတမန်များက ပြောသည်။ စစ်ကောင်စီသည် တရားဝင်မှုရှိကြောင်း သူပြသလိုပြီး သူအစည်းအဝေးတက်ခွင့်ရပါက ASEAN က စစ်ကောင်စီကို အသိအမှတ်မပြုသည့် လက္ခဏာအဖြစ် ယူဆလိုနေသည်။
ထို့အပြင် မြန်မာနိုင်ငံသည် ကျဆုံးနိုင်ငံအဆင့်သို့ အလျှင်အမြန်ကျရောက်နေသည်။ စစ်အုပ်စုက ဖေဖေါ်ဝါရီလတွင် တရားမဝင် အာဏာသိမ်းပြီးနောက် နိုင်ငံသည် ဖရိုဖရဲဖြစ်နေပြီး စစ်ကောင်စီကလည်း တနိုင်ငံလုံးကို ထိန်းချုပ်နိုင်ခြင်း မရှိပေ။
တနင်္လာနေ့အစည်းအဝေးအပြီးတွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီက မြန်မာနိုင်ငံအခြေအနေ တိုးတက်မှု မရှိကြောင်းနှင့် အဖွဲ့ဝင်အများစုက စိတ်ပျက်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးကဲ့သို့ပင်ပြောကြားသည်။
“အထူးသံတမန်က ကြိုးစားနေတဲ့ ကိစ္စတွေကို စစ်အုပ်စုက အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုမရှိဘူး” ဟု သူပြောကြောင်း Reuters သတင်းဌာန၏ ဖေါ်ပြချက်အရ သိရသည်။
အထူးသံတမန်တဦးအနေဖြင့် သူသည် ဖမ်းဆီးဖြုတ်ချခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နျင့် အာဏာသိမ်းစဉ်က ဖမ်းဆီးထားသောအရာရှိများ အပါအဝင် သက်ဆိုင်သူအားလုံးနှင့်တွေ့လိုကြောင်း ယူဆွတ်က ပြောကြားထားသည်။
ဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံနှင့်တွေ့မည့်အစား ယူဆွတ်ကို ဒုသမ္မတဟောင်း ဦးဟင်နရီဗန်ထီးယူနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးတီခွန်မြတ်တို့နှင့်တွေ့ခွင့်ပေးကြောင်း သတင်းရင်းမြစ်များကပြောသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ရန် Asean အထူးသံတမန်၏တောင်းဆိုမှု ငြင်းပယ်ခံရ
ပုဒ်မ ၅၀၅-ခ စွပ်စွဲချက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ခုခံချေပမည်
ဦးဖြိုးမင်းသိန်း ထွက်ဆိုချက် ဒေါ်အောင်ဆန်းစုကြည် ငြင်းဆို