ပြီးခဲ့သော ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့၍ လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ကိုယ်စားလှယ်များအနေဖြင့် လက်ရှိ အချိန်အထိ နိုင်ငံရေးပင်စင် မရသဖြင့် တလုံးတခဲတည်း ရရှိမည့် ယင်း ငွေ ကြေးအား ထုတ်ပေးရန် စစ်ကောင်စီထံ လွှတ်တော်ကိုယ်စားလှယ် တချို့တင်ပြ တောင်းခံထားကြောင်း သိရသည်။
အဆိုပါ ခံစားခွင့်ငွေကြေးအား ထုတ်ပေးရန် လွှတ်တော် ကိုယ်စားလှယ်တချို့ စုပေါင်း လက်မှတ်ထိုး၍ အောက်တိုဘာ ၄ ရက်နေ့ ရက်စွဲဖြင့် စာတိုက်မှတဆင့် စစ်ကောင်စီထံ တင်ပြတောင်းခံစာ ပေးပို့ထားကြောင်း ဧရာဝတီတိုင်း၊ မအူ ပင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းက ပြောသည်။
ဦးစိန်ဝင်းက “ကျနော်တို့ စဉ်းစားတယ်။ နစက သည် ဥပဒေနဲ့အညီ အာဏာကို ထိန်းတာပါ ဆိုရင် ဥပဒေမှာ ကျနော်တို့ကို အခွင့်အလမ်း ပေးထားပြီးသား။ အဲဒီတော့ ပေးမယ်ဆိုရင် နောက်လည်း ပေးရမယ့်အတူတူ အခုလည်း ၅ လကျော်လာပြီ။ အင်မတန် ခက်ခဲကျပ်တည်းနေတဲ့ ကာလမှာ ပေးလိုက်ခြင်းအားဖြင့် အားလုံးအတွက် အကျိုးဖြစ်မယ်” ဟု ဧရာဝတီသို့ ပြော သည်။
အဆိုပါ နိုင်ငံရေး ပင်စင် ခံစားခွင့် တင်ပြတောင်းဆိုသည့်အထဲတွင် မအူပင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်း အပါအဝင် ရခိုင်ပြည်နယ်အတွင်းက ပြည်ထောင်စုအဆင့် လွှတ်တော် ကိုယ်စားလှယ်များ၊ NLD ပါတီမှ တံတား ဦးမဲဆန္ဒယ်မှ လွှတ်တော် ကိုယ်စားလှယ်တို့ ပါဝင်ကာ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ၇ ဦး လက်မှတ်ရေး ထိုး တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။
ထိုသို့ လွှတ်တော် ကိုယ်စားလှယ်ဟောင်းများ လက်မှတ်ရေးထိုး တင်ပြ တောင်းဆိုကြရာတွင် အားလုံး ပါဝင်ကြရန် အတွက် ဖုန်းဖြင့်ချိတ်ဆက်ပြီး ကြိုးပမ်းခဲ့သော်လည်း အများစုသော လွွှတ်တော်ကိုယ်စားလှယ်များ၏ ဖုန်းများမှာ စက် ပိတ်ထားခြင်းအပါအဝင် ဆက်သွယ်၍ အလွန်ခက်ခဲခြင်းတို့ကြောင့် လက်လှမ်းမှီသလောက် ကိုယ်စားလှယ်တချို့ဖြင့်သာ တင်ပြခဲ့ရခြင်း ဖြစ်ကြောင်း ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းက ပြောသည်။
ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေကလည်း “ကျနော်တို့ ကိုယ် စားလှယ်တွေကို ဆက်သွယ်လို့ ရမယ်ဆိုရင် အားလုံး ပါကြမယ်။ အခု တော်တော်များများကို ဆက်သွယ်လို့ မရဘူး။ ကျနော်တို့ ကိုယ်စားလှယ်တွေဟာ နိုင်ငံရေးသမားတွေ ဖြစ်တဲ့အတွက် ဘာစီးပွားရေး နောက်ခံမှလည်း မရှိဘူး။ အဲဒီ အတွက် ဒီလို ကျပ်တည်းတဲ့ကာလမှာ ကျနော်တို့ ရမယ့် ဒီငွေကြေးတွေကို တောင်းရတာ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့်၂၀၁၀ – ၂၀၁၅ ခုနှစ် လွှတ်တော် သက်တမ်း၌ ပြည်ထောင်စု လွှတ်တော်တွင် လွွှတ်တော်ကိုယ်စားလှယ်များကို တလုံးတခဲတည်း နိုင်ငံရေးပင်စင် ချီးမြှင့်ငွေပေးရန် ဆုံးဖြတ်ချက်များရှိရာ ယင်းဆုံးဖြတ်ချက်အရ ထို ၅ နှစ်တာ ကာလ အတွင်းက ကိုယ်စားလှယ်များအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများသည် တဦးလျှင် နိုင်ငံရေးပင်စင် ချီမြင့်ငွေ ကျပ်သိန်း ၅၀ ရရှိခဲ့ ကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်ဟောင်းများက ပြောသည်။
မအူပင် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း သည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြုအဖြစ် ရွေးချယ်ခံရပြီး လွှတ်တော်တွင် ၄ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့သည့်အတွက် ကျပ်သိန်း ၄၀ ကို လည်း တလုံးတခဲတည်း နိုင်ငံရေး ပင်စင်အဖြစ် ရရှိခဲ့ကြောင်းလည်း ၎င်းက ရှင်းပြသည်။
ရခိုင်ပြည်နယ် လွှတ်တော် ဒု က္ကဋ္ဌဟောင်း ဦးမြသန်းက “တလုံးတခဲတည်း စရိတ်ချီးမြှင့်ငွေ မရသေးတာတော့ ဟုတ်တယ်။ ဘာကြောင့် မပေးသေးလဲဆိုတာတော့ ကျနော်တို့လည်း မသိဘူး။ ပြည်ထောင်စု လွှတ်တော်ကတော့ ပေးရမယ်ဆိုပြီး တော့ ဆုံးဖြတ်ခဲ့တာ ရှိတယ်။ အဲဒီအတွက် ပထမအကြိမ် လွှတ်တော် သက်တမ်းတုန်းကလည်း ကိုယ်စားလှယ်တွေ အဲဒီ တလုံးတည်းခဲတည်း ချီးမြှင့်ငွေတွေ ရခဲ့ကြတယ်။ ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အရ ဆိုရင်တော့ ဒီငွေတွေကို ဥပဒေအရ ရပိုင်ခွင့် ရှိရပါမယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိုင်းထွန်းအေး ကလည်း လွှတ်တော် ကိုယ်စားလှယ်များသည် နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းများဖြစ်သည့်အတွက် လက်ရှိအာဏာကို ထိန်းချုပ်ထားသည့် စစ်ကောင်စီအနေဖြင့် ထိုခံစားခွင့် ငွေကြေးများကို ပေးဆောင်ရန် တာဝန်ရှိကြောင်း ပြောဆိုသည်။
ဦးစိုင်းထွန်းအေး က “ကျနော်တို့က လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာ နိုင်ငံတော်ရဲ့ ဝန်ထမ်းတွေ ဖြစ်တယ်။ ပြည်သူ တွေရဲ့ ဝန်ထမ်းတွေ ဖြစ်တယ်။ အဲဒီတော့ ဒီအခွင့်အရေးကို လက်ရှိ အာဏာကို ထိန်းချုပ်ထားတဲ့ အစိုးရကသာ တာဝန်ယူ ဖော်ဆောင်ပေးဖို့ လိုအပ်တယ်။ အဲဒီလိုမျိုး မဟုတ်ဘဲနဲ့ NLD လွှမ်းမိုးတဲ့လွှတ်တော်၊ NLD ကိုယ်စားလှယ်တွေ အများစု ရှိတဲ့ လွှတ်တော်ဆိုပြီးမှ ဒါကို နှောင့်နှေးအောင် တမင်သက်သက် ထိန်ချန်ပြီးမှ လုပ်တယ်ဆိုရင်တော့ လူ့အခွင့်အရေး ချိုး ဖောက်တဲ့သဘော၊ နိုင်ငံ့ဝန်ထမ်း အခွင့်အရေး ချိုးဖောက်တဲ့ သဘောလို့ ကျနော်တို့ကတော့ ယူဆပါတယ်” ဟု ဧရာဝတီ သို့ ပြောသည်။
SNLD ပါတီဝင် ဦးစိိုင်းထွန်းအေးသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ မိုင်းရှူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်အဖြစ် အနိုင် ရရှိခဲ့သူဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ရှမ်းပြည်နယ် အမှတ် (၇) မဲဆန္ဒ နယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သူ ဖြစ်သည်။
ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ နိုင်ငံတော်မှ နိုင်ငံရေးပင်စင် ထောက်ပံ့ငွေကို ၂၀၂၁ ခုနှစ် ဧပြီလကုန် မေလအတွင်း လွှတ်တော် ကိုယ်စားလှယ်ဟောင်းများအား ထုတ်ပေးရမည်ဖြစ်သော်လည်း ယနေ့အထိ မထုတ် ပေးသေးဘဲ ၅ လ ကျော်လွန်လာပြီ ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံရေးသမားများဖြစ်၍ မည်သည့် စီးပွားရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် မိသားစု စားဝတ်နေရေး အခက်အခဲ အကျပ်အတည်း များနှင့် ရင်ဆိုင်နေရပြီး နိုင်ငံရေး ထောက်ပံ့ပင်စင်ငွေ ရရှိလိုသော ဆန္ဒပြင်းပြလျက်ရှိကြောင်း ၎င်းတို့တောင်းဆို တင်ပြ ထားသည့် စာတွင် ရေးသားထားသည်။
You may also like these stories:
ရခိုင်ဝန်ကြီးဟောင်းအမှုတွင် ဥပဒေနှင့်အညီ လုပ်ဆောင်ခဲ့ကြောင်း ခုခံချေပ
ဦးဖြိုးမင်းသိန်း ထွက်ဆိုချက် ဒေါ်အောင်ဆန်းစုကြည် ငြင်းဆို