အာဏာသိမ်း စစ်ကောင်စီကို ယခုထက် ပိုမိုအရေးယူနိုင်မည့် မြန်မာနိုင်ငံဆိုင်ရာ ဥပဒေမူကြမ်းကို အမေရိကန်အောက် လွှတ်တော်တွင် အောက်တိုဘာ ၅ ရက်နေ့က တင်သွင်းခဲ့ကြောင်း အမေရိကန် အခြေစိုက် သတင်းဌာနများက ရေး သား ဖော်ပြကြသည်။
ဥပဒေမူကြမ်းကို အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ၊ အောက်လွှတ်တော် နိုင်ငံခြားရေးရာ နှင့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဆပ်ကော်မတီဝင် ၁ ဦးနှင့် အထက်လွှတ်တော်အမတ် ၁ ဦးတို့က ၂၀၂၁ ခုနှစ် ဗမာပြည် ဆိုင်ရာ အက်ဥပဒေအဖြစ် လွှတ်တော်ကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ယင်းဥပဒေမူကြမ်းတွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကို အရေးယူ ဒဏ်ခတ်ရန် အပါအဝင် မြန်မာနိုင်ငံက တင်ပို့သည့် ကျောက်စိမ်းနှင့် ကျောက်မျက်များအား အမေရိကန်သို့ တင် ပို့ခွင့် တားမြစ်ခြင်းနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူး ၁ ဦး ခန့် အပ်ရေး စသည့် ပြဋ္ဌာန်းချက်များ ပါဝင်သည်။
ထို့ပြင် ကုလသမဂ္ဂက မြန်မာစစ်ကောင်စီကို ထိရောက်သည့် အရေးယူမှုများ ပြုလုပ်ရန် အမေရိကန်က ဆက်လက် ဖိအားပေးရေး ပြဋ္ဌာန်းချက်များ ပါဝင်ကြောင်း အမေရိကန် သတင်းဌာနများ၏ ရေးသားချက်အရ သိရသည်။
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် Global Witness အဖွဲ့ကမူ မြန်မာနိုင်ငံဆိုင်ရာ ဥပဒေကို ကွန်ဂရက်လွှတ်တော် တွင် တင်သွင်းလိုက်ခြင်းအား ကြိုဆိုပြီး ယင်းဥပဒေကို ကွန်ဂရက်က အမြန်ဆုံး အတည်ပြုပေးရန်လည်း အောက်တိုဘာ ၆ ရက်တွင် ကြေညာချက်ထုတ်ပြန် တိုက်တွန်းသည်။
ထို့ပြင် စစ်တပ်အတွက် နှစ်စဉ် ဒေါ်လာ ၁ ဘီလီယံ ဝင်ငွေရှိသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကို အရေးယူ ပိတ်ဆို့သည့် စာရင်းထဲ အမြန်ထည့်သွင်းသင့်ကြောင်းလည်း Global Witness အဖွဲ့က ဆိုသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းသည် ဒဏ်ခတ်ပိတ်ဆို့မှုများမှ ကင်းလွတ်ပြီး စစ်ခေါင်းဆောင်များကို ထောက် ပံ့နေသော အသက်သွေးကြော ဖြစ်ခဲ့သည့် ၁၉၉၀ နှင့် ၂၀၀၀ ခုနှစ် ကာလများကကဲ့သို့ အခြေအနေ ရှိနေခြင်းကြောင့် အမေရိကန်အနေဖြင့် ထပ်မမှားသင့်တော့ကြောင်း Global Witness ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အမေရိကန်အနေနှင့် မကြာသေးမီက ကုလသမဂ္ဂတွင် မြန်မာနိုင်ငံအတွင်း လက်နက်များ စီးဝင်ခြင်းကို ကာကွယ် ရန် တောင်းဆိုသည့် စည်းနှောင်မှု မရှိသော အဆိုပြုချက်ထက်ပိုပြီး ကုလသမဂ္ဂ အခွင့်အာဏာဖြင့် လက်နက်ပိတ်ဆို့မှု တခုဖြစ်ရန် ဆက်လက် တွန်းအားပေးသင့်သည်ဟုလည်း Global Witness အဖွဲ့က တိုက်တွန်းသည်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံဆိုင်ရာ ဥပဒေကို အမေရိကန် လွှတ်တော်က အတည်ပြုလိုက်ပါက ယင်းဥပဒေသည် မြန်မာစစ်ကောင်စီအပေါ် ပိုမို ဖိအားပေးနိုင်မည့် ခြေလှမ်းကောင်းတရပ် ဖြစ်လာ လိမ့်မည်ဟု မျှော်လင့်ကြောင်း ဧရာဝတီနှင့် သီးသန့်အင်တာဗျူးတွင် ပြောဆိုဖူးသည်။
“အမေရိကန်လို နိုင်ငံမျိုးက ဒီလိုမျိုး အရေးယူမယ်ဆိုရင် အခြား ဗြိတိန်တို့လို၊ EU (ဥရောပသမဂ္ဂ) တို့ကလည်း Action ယူတာတွေ ရှိလာဖို့ကလည်း များတယ်ပေါ့။ ဒါတွေ ရှိလာခြင်းအားဖြင့် မြန်မာနိုင်ငံ မှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အတားအဆီး ဖြစ်စေမယ်။ သူတို့တွေရဲ့ အပြုအမူကို ပြောင်းလဲလာစေမယ်လို့ မြင်ပါတယ်။
ဒီလိုမျိုး လုပ်နိုင်မယ်ဆိုရင် ကျနော်တို့ ပြည်သူတွေအတွက် ကောင်းသောအကျိုး ရှိစေမယ်လို့ ယုံကြည်တယ်” ဟု ၎င်းက ပြောသည်။
You may also like these stories:
စစ်ကောင်စီက ကလေးငယ်များ အပါအဝင် ပြည်သူ ၁၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထား