ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) နှင့် ရှမ်းပြည်ပြန်လည် ထူ ထောင်ရေးကောင်စီ (RCSS) တို့ကြား စစ်ရေး တင်းမာနေပြီး ၎င်းတို့ကြား တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက် ပြေးရသည့် အရပ်သား ဦးရေမှာလည်း ၃၀၀၀ ကျော်ရှိပြီဟု သတင်းရရှိသည်။
မိုင်းကိုင်မြို့နယ်တွင်းရှိ ဟိုခဲကျေးရွာအုပ်စုတွင် RCSS နှင့် SSPP ကြား စက်တင်ဘာ ၁၄ ရက်မှစ၍ တိုက်ခိုက်မှုများ စတင်ခဲ့ပြီး ယနေ့ထိ စစ်ရေး တင်းမာနေခြင်း ဖြစ်သည်။
စစ်ဘေးရှောင် ဒုက္ခသည်များကို အကူအညီပေးနေသူ တဦးက “တိုက်ပွဲ စဖြစ်တုန်း ကနဦးမှာ စပြေးရတာ လူဦးရေ ၁၀၀၀ ကျော်၊ နောက်၂၀၀၀ ကျော် လာတယ်။ နောက်ဆုံးက အောက်တိုဘာ ၄ ရက်မှာ လက်နက်ကြီးတွေ ပစ်တာ ကုန်းပေါင်းရွာထဲ ၃ လုံးလောက် ကျတယ်။ အဲဒီနေ့မှာ ကုန်းပေါင်းရော ကုန်းဟိုင်းရော ၂ ရွာက အကုန် ထပ်ထွက်ပြေး တော့ အခု ဒုက္ခသည်ဦးရေ စုစုပေါင်းက ၃၀၀၀ ကျော်ရှိနေပြီ” ဟု ပြောသည်။
စစ်ဘေးရှောင်ဒုက္ခသည်များသည် ဟိုခဲကျေးရွာအုပ်စု၊ ဟမ်းငိုင်းကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ ၁၀ ရွာကျော်မှ ထွက်ပြေးလာကြသည့် ဒေသခံများ ဖြစ်သည်။
စစ်ဘေးရှောင်ဒုက္ခသည်များသည် ပန်ကေတုကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ဈေးဝင်းထဲတွင် ခိုလှုံနေကြသည်။
အောက်တိုဘာလ ၄ ရက်က ကုန်းပေါင်းကျေးရွာတွင်း လက်နက်ကြီးကျည်များ ကျပေါက်ကွဲရာ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ကလေး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ကျည်စ ထိမှန်သည့် အမျိုးသားသည် ဝမ်းဗိုက်တွင် ကျည်စ ဖောက်ဝင်ခဲ့ပြီး အောက်တိုဘာ ၅ ရက်၊ မနက်ပိုင်းမှ ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့ကာ ဒဏ်ရာကြောင့် သေဆုံး သွားခဲ့သည်။
အောက်တိုဘာ ၅ ရက်တွင်လည်း စစ်ဘေးရှောင်စခန်းမှ နေရပ်ရင်း ဟမ်းငိုင်းကျေးရွာဘက်သို့ ပြန်ပြီး ကျွဲနွားများ ကြည့်ရန်သွားသည့် အမျိုးသား၂ ဦး လမ်းတွင် မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ အဆိုပါ အမျိုးသား၂ ဦး သည်လည်း အောက်တိုဘာ ၆ ရက်၊ မနက်ပိုင်းမှသာ ပရဟိတအသင်း အကူအညီဖြင့် မိုင်းကိုင်ဆေးရုံသို့ ရောက်ရှိခဲ့ သည်။
RCSS၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ၊ ဗိုလ်မှူး ခမ်းစံက ၎င်းတို့ တပ်ဖွဲ့နှင့် SSPP သည် အောက်တိုဘာ ၅ ရက် အထိ မိုင်းကိုင်မြို့နယ်တွင်း တိုက်ပွဲများ ဖြစ်ပွားထားပြီး လက်ရှိတွင်လည်း စစ်ရေး တင်းမာနေဆဲ ဖြစ်သည် ဟု ပြော သည်။
ဗိုလ်မှူးခမ်းစံက “စစ်ဘေးရှောင်တွေက ၃၀၀၀ ကျော်ပြီလို့ ကျနော်တို့ စာရင်း ရထားပါတယ်။ ဒါပေမယ့် သူတို့ နေရပ်ပြန်ဖို့က နည်းနည်းခက်ခဲ ဦးမယ်။ ဘာလို့လဲဆိုတော့ SSPP က ထိုးစစ်ဆင်လာပြီး ကျေးရွာတွေထဲ ဝင်လာ တပ်စွဲ ထားတာတွေ ရှိတယ်။ ကျေးရွာထဲမှာ လက်နက်ကြီးတွေ သယ်ပြီး ပစ်တာတွေ ရှိတယ်။ ဒါကြောင့် လောလော ဆယ် သူတို့ နေရပ်ပြန်ဖို့ အခက်အခဲ ရှိဦးမယ်လို့ ပြောတာပါ” ဟု ပြောသည်။
မိုင်းကိုင်မြို့နယ်သည် ရှမ်းတော်လှန်ရေး သမိုင်းတလျှောက်တွင် ရှမ်းတော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက် လှုပ်ရှားခဲ့ သည့် နယ်မြေဖြစ်သော်လည်း လက်ရှိတွင် RCSS တပ်များ ထိန်းချုပ်လှုပ်ရှားသည့်နယ်မြေဖြစ်ပြီး SSPP ဘက်မှ လာ ရောက် တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ဗိုလ်မှူးခမ်းစံက ဆိုသည်။
ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ကြား စစ်ရေး ပဋိပက္ခများကို ဖြေရှင်းရန်အတွက် RCSS ဘက်မှ လိုလားပြီး တွေ့ဆုံ ညှိနှိုင်းခြင်း ကသာ ပြေလည်နိုင်မည့် တခုတည်းသော ထွက်ပေါက်ဖြစ်သည်ဟုလည်း ယုံကြည်ထားပါသည်ဟု ဗိုလ်မှူးခမ်းစံက ဆိုသည်။
တိုက်ပွဲအခြေအနေ၊ စစ်ရေး ပဋိပက္ခများနှင့် ပတ်သက်၍ SSPP ဘက်သို့ မေးမြန်းရန် ဧရာဝတီမှ ဆက်သွယ်သော် လည်း ဆက်သွယ်၍ မရခြင်းကြောင့် SSPP ဘက်မှ သုံးသပ်ချက်ကို ရယူနိုင်ခြင်း မရှိပါ။
RCSS နှင့် SSPP ကြား စစ်ရေး တင်းမာနေသည့် မိုင်းကိုင်မြို့နယ် အတွင်းရှိ ဟိုခဲကျေးရွာသည် သီပေါမြို့နယ်နှင့် နယ်မြေ ဆက်စပ်နေသည့် ရွာဖြစ်ပြီး ဟမ်းငိုင်းကျေးရွာအုပ်စုသည် ကျေးသီးမြို့နယ်နှင့် နယ်မြေ ထိစပ်နေသည့် ကျေးရွာ အုပ်စုကြီး ဖြစ်သည်။
RCSS နှင့် SSPP ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်ကြသော်လည်း ရှမ်းပြည်နယ်တွင်း ၎င်းတို့ တပ်ဖွဲ့များ လှုပ်ရှားသည့် နယ်မြေများအပေါ် ငြင်းခုံမှုများကြောင့် စစ်ရေးအရ ပြေလည်ကြခြင်း မရှိကြပါ။
SSPP၏ ဌာနချုပ်သည် ကျေးသီးမြို့နယ်အတွင်းရှိ ဝမ်ဟိုင်းကျေးရွာတွင် ဗဟိုဌာနချုပ် အခြေစိုက်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း အတွင်းရှိ မြို့နယ်များတွင် တပ်ဖြန့် လှုပ်ရှားသည်။
RCSS သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ထိုင်း- မြန်မာနယ်စပ်ရှိ လွယ်တိုင်းလျန်းတွင် ဌာနချုပ် အခြေစိုက်ပြီး ရှမ်းပြည် နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် တပ်ဖြန့် လှုပ်ရှားသည်။
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာမှစ၍ RCSS သည် ရှမ်းပြည်နယ်မြောက်ပိုင်း၌ အခြေစိုက် လှုပ်ရှားသည့် တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ SSPPတို့နှင့် နမ့်ဆန်၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ မြို့နယ်တို့တွင်း နယ်မြေ အငြင်းပွားမှုများကြောင့် ပဋိပက္ခများ စတင်ခဲ့သည်။
TNLA နှင့် SSPP သည် မဟာမိတ်တပ်များ ဖြစ်ရာ RCSSကို ပူးပေါင်း တိုက်ခိုက်ခြင်းများ ပြုလုပ်ပြီး တိုက်ပွဲများမှာ RCSS ဘက်က နယ်မြေကျော်လွန် လှုပ်ရှားခြင်း၊ တပ်ဖြန့်ကျက်ခြင်းကြောင့် ဖြစ်ရသည်ဟု ပြောဆိုထားသည်။
RCSS ဘက်ကလည်း ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သဖြင့် ရှမ်းပြည်နယ်အတွင်း မည်သည့် နေရာမဆို လှုပ်ရှားခွင့် ရှိပြီး အချို့နယ်မြေများသည် ၎င်းတို့ ယခင်က လှုပ်ရှားဖူးသည့် နယ်မြေဟောင်းများ ဖြစ်သည်ဟု ပြောဆို ထားခြင်းများ ရှိသည်။
ဇွန်နှင့် ဇူလိုင်လအတွင်းကလည်း ကျေးသီးမြို့နယ်တွင်း လွယ်ဟွန်းတောင်ကြော တလျှောက်တွင် SSPP နှင့် RCSS ကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။
ထိုစဉ်က တိုက်ပွဲဖြစ်ရသည့် အကြောင်းအရင်းသည် RCSS နေရာယူထားသည့် လွယ်ဟွန်းတောင်ကြောသည် SSPP ၏ ဌာနချုပ် ဝမ်ဟိုင်းနှင့် ၁၀ မိုင်ကျော်သာ ကွာဝေးပြီး စစ်ရေးအရ ခြိမ်းခြောက်နိုင်သည့် နေရာဖြစ်နေခြင်း၊ လွယ်ဟွန်း သည် ယခင်က SSPP လွှမ်းမိုးခဲ့သည့် တောင်ကြောဖြစ်ခြင်းတို့ကြောင့် နယ်မြေအငြင်းပွားမှုဖြစ်ကာ တိုက်ခိုက်ခဲ့ကြ ခြင်း ဖြစ်သည်။
လွယ်ဟွန်းတိုက်ပွဲတွင် SSPP ဘက်မှ မဟာမိတ်ဖြစ်သည့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ရာနှင့်ချီသည့် စစ်သားများ ပါဝင်ကာ ဝင်တိုက်ကူပေးခဲ့သည်။
ထိုသို့ဖြင့် ကျောက်မဲ၊ သီပေါနှင့် ကျေးသီးမြို့နယ်အတွင်း ဖြစ်နေသည့် ပဋိပက္ခများသည် ပြေလည်အောင် ဖြေရှင်း နိုင် ခြင်း မရှိသဖြင့် မိုင်းကိုင်မြို့နယ်တွင်းအထိ ကူးစက်လာခြင်း ဖြစ်သည်။
ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ကြား နှစ်ချီ၍ စစ်ရေးပဋိပက္ခ ဖြစ်နေသည့်အပေါ်တွင် ဆွေးနွေးညှိနှိုင်းရေး နည်းဖြင့် ဖြေရှင်း နိုင်ရန် ရှမ်းနိုင်ငံရေး အသိုင်းအဝိုင်းမှ စေ့စပ်ညှိနှိုင်းပေးခြင်းများ ရှိခဲ့သည်။
သို့သော် SSPP ဘက်က RCSS အနေဖြင့် ကျော်လွန်တပ်စွဲထားသည့် နေရာများမှ ဦးစွာ ဆုတ်ခွာပြီးမှ နိုင်ငံရေး ကိစ္စ များ ဆွေးနွေးလိုသည်ဟု ရပ်တည်ထားပြီး RCSS ဘက်က ဦးစွာ နိုင်ငံရေးကိစ္စများ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ပြီး မှသာ နယ်မြေ ပြဿနာကို ရှင်းလင်းမည်ဟူ၍ သဘောထား ရှိသဖြင့် လက်ရှိတွင် နှစ်ဖက် တွေ့ဆုံ ဆွေးနွေးနိုင်ခြင်း မရှိပါ။
ရှမ်းပြည်နယ်တွင်း စစ်ရေးပဋိပက္ခများနှင့် ပတ်သက်၍ RCSS က အောက်တိုဘာ ၁ရက်တွင် ကြေညာချက် တစောင် ထုတ်ခဲ့ပြီး ထိုထဲတွင် ၎င်းတို့ တပ်အနေဖြင့် တွေ့ဆုံ ဆွေးနွေးလိုကြောင်း၊ ညီနောင်တိုင်းရင်းသား အချင်းချင်းကြား မဆွေးနွေးနိုင်ခြင်း၊ သံဃာတော်များနှင့် ပြည်သူလူထုများက ကြားဝင်ဖျန်ဖြေပေးသော်လည်း ယနေ့ထိ ပဋိပက္ခ ရှိနေ ခြင်းတို့အပေါ် စိတ်မကောင်းဖြစ်ရကြောင်း ရေးသားထားသည်။
ထို့ပြင် RCSS ဘက်မှ စစ်ရေး ပဋိပက္ခများကို ဖြေရှင်းရန် SSPP/ SSA ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပန်ဖ ထံသို့ စာရေးသား ညှိနှိုင်းခဲ့သော်လည်း SSPP ဘက်မှ အကြောင်းပြန်ကြားခြင်း မရှိခဲ့ကြောင်း ကြေညာချက်ထဲတွင် ရေးသားထားသည်။
SSPP ကလည်း အောက်တိုဘာ ၃ ရက်တွင် RCSS ကို တုံ့ပြန်သည့် ကြေညာချက်တစောင်အား ထုတ်ပြန်ခဲ့ပြီး ထိုစာ ထဲတွင် ပဋိပက္ခဖြစ်ရသည့် အဓိက အကြောင်းအရင်းမှာ၂၀၁၅ ခုနှစ်မှစ၍ SSPP နယ်မြေတွင်းသို့ RCSS က အင်အား အလုံးအရင်းဖြင့် ဝင်ရောက်ခဲ့ခြင်း၊ ပဋိပက္ခများ ဖြေရှင်းရန် ညှိနှိုင်းခဲ့ကြသော်လည်း သဘောတူညီချက်များကို ချိုး ဖောက်ခြင်း၊ RCSS ဘက်က လူမှုကွန်ရက်ကိုလည်း နိုင်ငံရေး လက်နက်အဖြစ် အသုံးပြု၍ တိုက်ခိုက်နေခြင်းက ပဋိ ပက္ခများကို ပိုကြီးထွားစေသည့် အချက်များ ဖြစ်သည်ဟု ရေးသားထားသည်။
RCSS ၏ စာထဲတွင် ရေးသားထား သကဲ့သို့ စာပြန်ခြင်း မရှိသည်ဟူသည့် အချက်မှာလည်း မှန်ကန်ခြင်း မရှိကြောင်း၊ SSPP ၏ နာယက ဗိုလ်ချုပ်ကြီး စဝ်ဆေထင်က RCSS ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်စစ်ထံသို့ ဇွန် ၁၈ ရက်တွင် ပေးပို့ ခဲ့ကြောင်း တုံ့ပြန်ရေးသားထားသည်။
SSPP ဗိုလ်ချုပ်ကြီး စဝ်ဆေထင် ပေးပို့သည့် စာထဲတွင် ရှမ်းပြည်နယ်၏ မြောက်ပိုင်းကို SSPP က တာဝန်ယူပြီး RCSS က ရှမ်းပြည်နယ် တောင်ပိုင်းကို တာဝန်ယူရန်၊ နိုင်ငံရေးအရ ဘုံရည်မှန်းချက် တူညီသည့် နေရာများတွင် ပူးပေါင်း ဆောင်ရွက်ကာ မတူညီသည်များကို ဆက်လက် ဆွေးနွေးပြီး တပ်နှစ်တပ် ပေါင်းစည်းနိုင်ရေးကို ကြိုးစားပါက ရလဒ် ကောင်းများ ဖော်ဆောင်နိုင်မည်ဟူ၍ ရေးသားထားကြောင်းလည်း SSPP က ထုတ်ပြန်ထားသည်။
You may also like these stories:
ကလေးငယ် ၇၆၀၀၀ ကျော် နေရပ်စွန့်ခွာရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများ တောထဲတွင် ဖွားမြင်နေရ
စစ်ကောင်စီ မြေမြှုပ်မိုင်းများက အရပ်သားများကို ပစ်မှတ်ထား
ရှမ်းတိုင်းရင်းသားချင်း တိုက်ပွဲနောက်ကွယ်မှာ တရုတ်လက်တွေ ပါလား
ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ကြားက အဖြေမရှိသေးတဲ့ ပဋိပက္ခ