စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ရှိ ကျေးရွာ ၅ ရွာကို ဝင်ရောက်စီးနင်း ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည့် စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ယနေ့ မနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံများလည်း ထွက်ပြေး တိမ်း ရှောင်နေရကြောင်း သိရသည်။
စစ်ကောင်စီတပ်များသည် အနောက်တော၊ ဘင်၊ ညောင်ပင်သာ၊ အုန္နဲဘုတ်နှင့် သင်တော စသည့် ၅ ရွာကို အောက်တို ဘာ ၅ ရက်က ဝင်ရောက်စီးနင်း ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး PDF တို့က ပြန်လည်ခုခံရန်ကြိုးစားသော်လည်း မိုးရွာ သဖြင့် တူမီးကိုသာ အားပြုတိုက်ရသည့် ဒေသခံ ကာကွယ်ရေးများမှာ ပစ်ခတ်မရ၍ ပြန်လည်ဆုတ်ခဲ့ရသည်ဟု တပ်ဖွဲ့ ခေါင်းဆောင်က ဆိုသည်။
မင်းကင်းမြို့နယ် PDF ခေါင်းဆောင်းက “သူတို့ လာမယ်ဆိုတာ သိလို့ ကျနော်တို့က စောင့်နေတယ်။ သူတို့က မိုးရွာထဲမှာ လာတယ်။ သူတို့က ရွာတွေကို မီးတက်ရှို့လူတွေကိုသတ် လုပ်ကြ။ ကျနော်တို့ သေနတ်တွေက မိုးရွာထဲမှာ မပေါက်ဘူးဗျ။ မိုးရွာထဲမှာ ပေါက်တဲ့ သေနတ်ဝယ်ချင်တာ။ သေနတ်ကလည်း ဘယ်လို ဝယ်ရမလဲ မသိဘူး။ အဆက်အသွယ်လဲ မရှိဘူး” ဟု ပြောသည်။
ယနေ့နံနက်တွင် မိုးမရွာသဖြင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်များက ရွာများကို စီးနင်းသည့် စစ်ကောင်စီတပ် အင်အား ၁၀၀ခန့်ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း၊ ၄၅မိနစ်ခန့် ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်များလည်း အထိအခိုက်ရှိသလို ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးလည်း လက်နက်ကြီးထိမှန်ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ထံက သိရသည်။
“ပျက်စီးမှု အခြေအနေကိုကြည့်ပြီး ဒီကောင်တွေ လွန်လွန်းတယ်ဆိုပြီး အသက်သေရင် သေပါစေဆိုပြီး လိုက်ပြီး တိုက်တာ ကျနော်တို့ဘက်က လက်နက်ကြီးထိ ဒဏ်ရာရ အထိအခိုက် ၁ ယောက် ရှိတယ်” ဟု ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦးက ဆိုသည်။
စစ်ကောင်စီ ဝင်ရောက်စီးနင်းသည့် ကျေးရွာ ၅ ရွာမှ ဒေသခံ ၃၀၀၀ ကျော်သည် နေရပ်ကိုစွန့်ကာ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။
စစ်ကိုင်းတိုင်းတွင် စက်တင်ဘာလအတွင်း စစ်ကောင်စီက လူအင်အား၊ လက်နက်အင်အားများ ဖြည့်တင်းခဲ့ပြီးနောက် PDF များ အားကောင်းသည့် ဒေသများသို့ ထိုးစစ်ဆင် တိုက်ခိုက်လာနေကြောင်း PDF တပ်ဖွဲ့များထံက သိရသည်။
မင်းကင်းအပြင် ကနီ၊ ယင်းမာပင်၊ ပုလဲ၊ မြောင်၊ ဒီပဲယင်း၊ တန့်ဆည် အစရှိသည့် မြို့နယ်များတွင် စစ်ကောင်စီတပ်က ကျေးရွာများသို့ ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ကာ ပစ္စည်းများအား ဖျက်ဆီးခြင်း ဒေသခံများအား ဖမ်းဆီး၊ ပစ်ခတ်၊ သတ်ဖြတ်ခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။
အဆိုပါ ဒေသများတွင် စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုများ အပြင် စစ်ကောင်စီ ယာဉ်တန်းများ မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းများလည်း ရှိနေသည်။
You may also like these stories:
လွိုင်ကော် တိုက်ပွဲ ပြင်းထန်၊ အရပ်သား ထောင်နှင့်ချီ ထွက်ပြေးနေရ
ကယားပြည်နယ်မှာ အာဏာသိမ်းတပ် စစ်အင်အားတိုးမြှင့်နေ