သတင်း

တလအတွင်း ထိုင်းသို့ ခိုးဝင်သည့် မြန်မာလုပ်သား ၅၀၀ ခန့် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းလုပ်သားများ တရားမဝင် ဝင်ရောက်မှု ယခင်ကထက် ပိုမိုများပြားလာရာ စက်တင် ဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၄ ရက်နေ့ထိ ၁ လတာ ကာလအတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၅၀၀ ခန့် ဖမ်းဆီးခံရကြောင်း သိရသည်။

ထိုင်းအစိုးရက ၎င်းတို့နိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေသည့် ရွှေ့ပြောင်းလုပ်သားများအတွက် အလုပ်လုပ်ကိုင်ခွင့် ကတ် ပြုလုပ်ပေးမည်ဟု ကြေညာပြီးနောက်ပိုင်း တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သားများ ယခင်ကထက် ပိုမို များပြားလာခြင်း ဖြစ်သည်ဟုလည်း မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်သူများက ဆိုသည်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “အကုန်လုံးက မြန်မာနိုင်ငံမှာ နိုင်ငံရေး အခြေအနေနဲ့ စစ်တပ်က အာဏာသိမ်းတာတခု၊ အလုပ်အကိုင် ရှားပါးပြီးတော့ ဝင်ငွေရှားပါနေတာကတခု၊ နောက်ပြီး ထိုင်းနိုင်ငံက တရားဝင်လမ်းတွေ ဖွင့်နိုးဖွင့်နိုးကို စိတ်မရှည်တော့လို့ ဝင်လာတာက တခု။ လက်မှတ်အသစ်တွေ လုပ်ပေး ဆိုတော့ အမြန်ဆုံး ပြေးရမယ်ဆိုပြီး ပွဲစားတွေရဲ့ စကားကြောင့် လာကြတာတွေပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ထိုင်းအစိုးရဝန်ကြီးအဖွဲ့က ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြ သည့် အထောက်အထားမဲ့ တရားမဝင် နေထိုင်သူများအား ၂ နှစ်တာ သက်တမ်းရှိသော အလုပ်သမားကတ် ထုတ်ပေး မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ကတ်ရရှိမည့် သူများမှာ လက်ရှိ တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်း လုပ်သားများနှင့် MoU သဘောတူ စာချုပ်များဖြင့် အလုပ်လုပ်ကိုင်ရင်း သက်တမ်းကုန်နေသည့် ရွှေ့ပြောင်းလုပ်သားများ ပါဝင်ကြောင်း ဖော်ပြထားသည်။

ဦးမိုးကြိုးက “စစ်ကောင်စီ လက်ထက်မှာ အလုပ်အကိုင် ရှားပါးတယ်။ နိုင်ငံရေး မငြိမ်သက်ဘူး။ MoU စနစ်နဲ့လည်း ထိုင်း နိုင်ငံကို ဝင်ရနိုးဝင်ရနိုးနဲ့ ၁၉ လအထိ ကြာသွားတယ်။ အဲဒါကြောင့် ပိုများတယ်။ ဒီလို ခိုးဝင်တယ်ဆိုတာက အခုမှ မဟုတ် ဘူး။ ဒါကြီးက ကြိုးတန်းလမ်းလျှောက်။ ရွှေ့ပြောင်းလုပ်သားတွေသည် ဆပ်ကပ်သမားတွေ မဟုတ်ဘူး။ အဲဒီတော့ ကြိုး တန်းလမ်းလျှောက်ဖို့အတွက် မကျွမ်းကျင်ဘူး” ဟု ဆိုသည်။

ထိုသို့ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာကြသူများသည် တဆင့်ခံပွဲစားများအား ထိုင်းဘတ်ငွေ ၁ သောင်းခွဲမှ ၂ သောင်းခွဲခန့်အထိ ပေးရကြောင်း၊ ထိုကဲ့သို့ အဖမ်းခံရသည့်အခါ အများစုကို ပြည်တော်ပြန်ဟုဆိုကာ မြန်မာနိုင်ငံသို့ ပြန် လွှတ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

ထိုင်းနိုင်ငံ ကန်ချနာဘူရီ၊ ပရကျွတ်ခီရီကန်၊ တာ့ခ်နှင့် ချင်းမိုင်စသည့် ခရိုင်များတွင် အောက်တိုဘာ ၄၊ ၅ ရက်အတွင်း မြန်မာနိုင်ငံသား ၂၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး ချင်းမိုင်ခရိုင် ဖန်မြို့နယ်တွင်လည်း မြန်မာရွှေ့ပြောင်း လုပ်သား ၁၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်း ထိုင်းအစိုးရက မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအို အိမ်နီးချင်းနိုင်ငံမှ အလုပ်သမား ၄ သိန်းကျော်ကို MoU စနစ်ဖြင့် ခေါ်ယူရန်အတွက် စီစဉ်ထားပြီး အဆိုပါ လုပ်ငန်းစဉ် မတိုင်ခင် ထိုင်းနိုင်ငံ၏ လုပ်ငန်း လိုအပ် ချက်အရ ၂ နှစ်တာ သက်တမ်းရှိသည့် အလုပ်လုပ်ကိုင်ခွင့် ကတ်များပေးရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အလုပ်လုပ်ကိုင်ခွင့် ကတ်ထုတ်မည့် အစီအစဉ်အား ထိုင်းအစိုးရက အောက်တိုဘာလမှ စတင်ကာ ပြုလုပ်ပေး မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသော မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဒသမ ၁၅ သန်း ရှိပြီး တရားမဝင် ဝင်ရောက် နေထိုင်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား အရေအတွက်မှာ ၁ သန်းကျော် ရှိနေကြောင်း သိရသည်။

You may also like these stories:

တနှစ်ခွဲအတွင်း ထိုင်းကို ခိုးဝင်သည့် မြန်မာလုပ်သား ၄ သောင်းကျော်ဖမ်းမိ

ထိုင်းနိုင်ငံရှိ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ၂ နှစ်ခံအလုပ်သမားကတ် လုပ်ပေးမည်

Loading