ကယားပြည်နယ်၊ လွိုင်ကော်မြိုတွင် အောက်တိုဘာ ၆ ရက် ညပိုင်းက နေအိမ်များပေါ်သို့ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲခြင်းကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး၊ ၈ ဦး ဒဏ်ရာရရှိထားသည်ဟု သတင်းရရှိ သည်။
လက်နက်ကြီးကျည်များသည် မြို့ပေါ်ရပ်ကွက်များ ဖြစ်သည့် နမ့်ဘော်ဝမ် (ခ) ရပ်ကွက်၊ ဧက ၅၀၀ ရပ်ကွက်နှင့် ရေနီကန် ကျေးရွာအတွင်းသို့ ကျပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
နမ့်ဘော်ဝမ် (ခ) ရပ်ကွက်တွင်း သေဆုံးသွားသည့် အမျိုးသားသည် ၎င်း၏ နေအိမ်တွင်း လက်နက်ကြီးကျည် ကျ ပေါက်ကွဲခြင်းမရှိဘဲ ကျည်စ လာထိမှန်ခြင်းကြောင့် သေဆုံးသွားခြင်း ဖြစ်သည်ဟုလည်း ဒေသခံများထံက သိရ သည်။
အခြားဒဏ်ရာရသူ ၈ ဦးသည် နမ့်ဘော်ဝမ် (ခ) ရပ်ကွက်ထဲမှ အသက် ၈ နှစ်နှင့် ၉ နှစ်အရွယ် ကလေး ၂ ဦး၊ အသက် ၁၈ နှစ်အရွယ် လူငယ်တဦး၊ အသက် ၃၂ နှစ်အရွယ် အမျိုးသမီး၊ ဧက ၅၀၀ ရပ်ကွက်ထဲမှ အသက် ၂၃ နှစ် အရွယ် အမျိုးသမီးတဦးနှင့် အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦး၊ ရေနီကန်ကျေးရွာမှ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတဦးနှင့် အသက်၂၅ နှစ်အရွယ် အမျိုးသားတဦးတို့ ဖြစ်သည်။
ရွှေလွိုင်ကော် ပရဟိတအသင်းမှ အဖွဲ့ဝင်တဦးက “ထိခိုက် ဒဏ်ရာရတဲ့ ၈ ဦးကို ဒီမနက်ပဲ ဆေးရုံကို ပို့ပေးလိုက်ပါပြီ။ သူတို့ ဆေးရုံတက်ပြီး ဆေးကုသမှု ခံယူရမှာပါ” ဟု ပြောသည်။
ဧရာဝတီမှ ဒေသခံများကို ဆက်သွယ်မေးမြန်းရာ အောက်တိုဘာ ၆ ရက်၊ ည ၈နာရီဝန်းကျင်တွင် လွိုင်ကော်မြို့ရှိ စစ်ကောင်စီ၏ အမှတ် (၅၄) တပ်ဝန်းအနီးတွင် ပစ်ခတ်သံများ စတင်ကြားရပြီးနောက် လက်နက်ကြီးကျည်များ ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ပြောဆိုကြသည်။
နမ့်ဘော်ဝမ် (ခ) ရပ်ကွက်မှ ဒေသခံအမျိုးသမီးတဦးက “ပစ်ခတ်မှုတွေက ည ၇ နာရီကျော်ကျော် ၈ နာရီလောက်မှာ စဖြစ်တာပါ။ တိုက်ပွဲ ဖြစ်တာလားတော့ ကျမတို့လည်း မသိဘူး။ စစ်တပ်ကို ဝင်ပစ်တာလို့တော့ ပြောတယ်။ ကျမ တို့ က အသံပဲ ကြားရတာ။ နောက်ပိုင်း သေနတ်သံတွေပြီးတော့ လက်နက်ကြီးသံတွေ ကြားရတာပါ။ သေနတ်ပစ်တာ ကလည်း တော်တော်လေး ကို ကြာပါတယ်။ လက်နက်ကြီးတွေကလည်း ကိုယ့်အနီးအနားတင် ကျတော့ ကြောက် တာပေါ့” ဟု ပြောသည်။
နမ့်ဘော်ဝမ် (ခ) ရပ်ကွက်တွင်း သေဆုံးသွားသည့် အမျိုးသားသည် ၎င်း၏ နေအိမ်တွင်း လက်နက်ကြီးကျည် ကျ ပေါက်ကွဲခြင်း မရှိဘဲ ကျည်စ လာထိမှန်ခြင်းကြောင့် သေဆုံးသွားခြင်း ဖြစ်သည်ဟုလည်း ဒေသခံများထံက သိရ သည်။
လက်နက်ကြီးကျည်များ ကျပေါက်ကွဲခြင်းကြောင့် နေအိမ်များလည်း ၅ လုံးထက်မနည်း ထိခိုက်ပျက်စီး သွားသည်ဟု သိရသည်။
အောက်တိုဘာ ၆ ရက်၊ ညပိုင်းက စစ်ရေး အခြေအနေနှင့် ပတ်သက်၍ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံကို ဆက်သွယ်မေးမြန်းရာ ၎င်းတို့ KNDF အနေဖြင့် လွိုင်ကော်မြို့တွင်း ပစ်ခတ်မှုတွင် ပါဝင်ခဲ့ခြင်း မရှိပါဟု ပြောသည်။
ဧရာဝတီမှ လွိုင်ကော်မြို့နယ်တွင် အခြေစိုက် လှုပ်ရှားသည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)ထံသို့ ဆက်သွယ်မေးမြန်းရာ ၎င်းတို့ အနေဖြင့် အောက်တိုဘာ ၆ ရက်၊ ညပိုင်း၌ ဖြစ်ပျက်သွားသည့် စစ်ရေး အခြေအနေကို အတိအကျ သိရှိခြင်း မရှိပါဟု ပြောသည်။
လွိုင်ကော် အခြေစိုက် KNDF တပ်ဖွဲ့ဝင်က “ညက တိုက်ပွဲဖြစ်တာတော့ ရှိတယ်။ နမ့်ဘော်ဝမ်ဆိုတာက လွိုင်ကော်ရဲ့ မြောက်ဘက်ခြမ်းပါ။ ကျနော်တို့က တောင်ဘက်ခြမ်းမှာ လှုပ်ရှားတာဖြစ်လို့ အဲဒီဘက်က အခြေအနေကို သေသေချာ ချာ မသိပါဘူး” ဟု ပြောသည်။
တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု (PKPF) ၏ သတင်းနှင့်ပြန်ကြားရေး ဗျူရိုက အရပ်သားနေအိမ်များဘက်သို့ ကျပေါက်ကွဲသည့် လက်နက်ကြီးကျည်များသည် စစ်ကောင်စီဘက်မှ ၎င်းတို့၏ အမှတ် (၅၄) တပ်ရင်းကို ပစ်ခတ်ခံ ရခြင်းကြောင့် အရပ်သားရပ်ကွက်များကို လက်တုံ့ပြန်ကာ ရမ်းသမ်းပစ်ခတ်သည့် ကျည်များ ဖြစ်သည်ဟု သတင်း ထုတ်ပြန်ထားသည်။
လွိုင်ကော်မြို့တွင်း အရပ်သားများ နေထိုင်သည့် ရပ်ကွက်များ၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီးကျည်များ ပစ် ခတ်ခံရခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီဘက်သို့ မေးမြန်းရန် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။
လွိုင်ကော်မြို့နယ်ထဲတွင် အာဏာသိမ်းစစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေးတပ်များသည် အောက်တိုဘာ ၄ ရက်ထိ တိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် ဖြစ်ပွားသည်။
အာဏာသိမ်း စစ်ကောင်စီကို တိုက်ခိုက်နေသည့် ကရင်နီတော်လှန်ရေး တပ်များထဲတွင် KNDF၊ ကရင်နီတပ်မတော် (KA)၊ မြို့နယ်အလိုက် ဖွဲ့စည်းထားသည့် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) များ၊ Genaration Z တပ်ဖွဲ့များ ပါဝင် သည်။
စစ်ကောင်စီသည် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်အထိ အပစ်အခတ် ရပ်စဲပေးပါကြောင်း ကြေညာထားပြီး ၎င်းတို့၏ အုပ်ချုပ်ရေး ယန္တရားများနှင့် လုံခြုံရေးဆိုင်ရာ ယန္တရားများကို တိုက်ခိုက်ခံရခြင်းမှအပ ကျန် နေရာများတွင် စစ်ဆင်ရေးများ လုပ်ဆောင်ခြင်းကို ရပ်ဆိုင်းပေးပါမည်ဟု ကြေညာထားသည်။
သို့သော် စက်တင်ဘာ ၂၇ ရက်မှ စ၍ ရှမ်းပြည်နယ်၊ ကလောမြို့နယ်ဘက်မှ စစ်သည်အင်အား ၃၀၀ ကျော် ပါဝင် သည့် စစ်ကားအစီး ၄၀ ဖြင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ထဲသို့ အင်အား ထပ်တိုးချဲ့ဖြည့်တင်းခဲ့သည်။
ထိုသို့ အသစ်တိုးချဲ့ ဖြည့်တင်းသည့် စစ်ကောင်စီ၏ စစ်ကြောင်းများ ကယားပြည်နယ်ထဲသို့ မဝင်နိုင်ရန် ကရင်နီ တော်လှန်ရေးတပ်များက တားမြစ်ရာ လွိုင်ကော်မြို့နယ်အဝင် ကုန်းသာကျေးရွာတွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။
စစ်ကောင်စီ၏ အသစ်တိုးချဲ့ဝင်လာသည့် စစ်ကြောင်းများ ကယားပြည်နယ်တွင်းသို့ ဝင်လာပြီးနောက်တွင် လွိုင်ကော် ၌ စစ်ရေးတင်းမာမှုများ ဖြစ်သည့်အပြင် ဒီးမော့ဆို၊ ဖရူဆို၊ ဘော်လခဲ၊ ဖားဆောင်းမြို့နယ်တို့တွင်လည်း စစ်ကောင်စီ ဘက်က စစ်ကြောင်းများထွက်ခြင်း၊ စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်နေခြင်းတို့ကြောင့် စစ်ကောင်စီတပ်များနှင့် ကရင်နီ တော်လှန်ရေး တပ်များကြား စစ်ရေး တင်းမာလျက် ရှိသည်။
You may also like these stories:
ကလေးငယ် ၇၆၀၀၀ ကျော် နေရပ်စွန့်ခွာရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများ တောထဲတွင် ဖွားမြင်နေရ
မင်းကင်းတွင် ရွာများကို ဝင်စီးသည့် စစ်တပ်နှင့် PDF တို့ တိုက်ပွဲဖြစ်
နေပြည်တော်ကို ကာကွယ်ဖို့ ကယားကို စစ်ရေးအရ ပိုမို ဖိနှိပ်နေသလား