တနသာင်္ရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်အတွင်း စစ်ကောင်စီနှင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တို့၏ တိုက်ပွဲများကြောင့် အနီးရှိ ရွာများမှ ဒေသခံ တထောင်ခန့် နေရပ်စွန့် ထွက်ပြေး နေရကြောင်း ဒေါန တနသာင်္ရီ စစ်ဘေးရှောင်ကူညီရေးအဖွဲက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၈ရက်မှ စ၍ ထားဝယ်- မြိတ်ကားလမ်း အရှေ့ဘက်ခြမ်းရှိ တောင်ပျောက်တိုက်နယ် ထဲမှ ရွာများသို့ စစ်ကောင်စီတပ်များဝင်လာပြီး နေအိမ်များ မီးရှို့ခြင်း၊ ရွာသားများအား ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သဖြင့် တိုက်ပွဲများဖြစ်ခဲ့ခြင်း ဖြစ်သည်။
ဒေါနတနသာင်္ရီစစ်ဘေးရှောင်ကူညီရေးအဖွဲ့က “တနေ့ကို နည်းနည်း နည်းနည်းနဲ့ ပြေးလာကြတာ အခုဆိုရင် ၁ထောင် နီးပါးရှိနေပြီ။ တိုက်ပွဲတွေ ထပ်ဖြစ်မယ်ဆိုရင် ဒီထက်ပိုတိုးလာဖို့ပဲရှိတယ်။ စစ်ဘေးရှောင်စခန်းတွေ မရှိသေးတော့ အဆင် ပြေသလိုပဲ ရှောင်ပြီးနေကြရတယ်။ နောက်ပိုင်းကျရင်တော့ Camp လိုမျိုး လုပ်ဖို့ အတွက် တိုင်ပင်နေတာတွေတော့ရှိ တယ်” ဟုပြောသည်။
ထိုသို့ စစ်ကောင်စီမှ ကျေးရွာများအတွင်း ဝင်ရောက်ပြီး ရက်ပိုင်းအကြာတွင် စစ်ကောင်စီတပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တခုဖြစ်သည့် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ကြပြီး၊ အမျိုးသမီးများ၊သက်ကြီး ရွယ်အိုများနှင့် ကလေး ငယ်များမှာ တိမ်းရှောင်နေရခြင်းဖြစ်သည်။
စစ်ဘေးရှောင်များသည် ပါလာသည့် စားနပ်ရိက္ခာ တပတ်စာမျှသာ ကျန်တော့ပြီး ဆေးဝါးများလည်း လိုအပ် နေကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းပိတ်စစ်ဆေးနေခြင်းများ ရှိနေသဖြင့် စစ်ဘေး ရှောင်များအတွက် စားနပ်ရိက္ခာနှင့် လိုအပ်သည်များကို ပို့ဆောင်ရန် အခက်အခဲရှိကြောင်း သိရသည်။
“စားနပ်ရိက္ခာအတွက် သူတို့ဆီမှာ တပတ်စာလောက်ပဲရှိတော့တယ်။ သွားပို့ဖို့အတွက်ကလည်း အခက်အခဲရှိတယ်။ ဆေးဝါးနဲ့ ပတ်သက်ပြီးတော့လည်း အခက်အခဲရှိတယ်။ စားနပ်ရိက္ခာကလည်း သူတို့ပြေးလာကြတော့ ပါလာတာတွေနဲ့ စားသောက်နေရတာ။ သွားပို့ဖို့လမ်းကြောင်းကလည်း မလွယ်ဘူး။ အပြင်ကနေ လူကူပေးဖို့က မရဘူးဖြစ်နေတယ်” ဟု ဒေါနတနသာင်္ရီစစ်ဘေးရှောင်ကူညီရေးအဖွဲ့က ပြောသည်။
တောင်ပျောက်တိုက်နယ်တွင် စက်တင်ဘာလမှ အောက်တိုဘာလအတွင်း တိုက်ပွဲ ၄ကြိမ်ဖြစ်ခဲ့ပြီး၊ စစ်ကောင်စီ ဘက်မှ အကျအဆုံးများအား ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။
ဒေသခံတဦးက “ပြည်သူတွေဘက်ကလည်း ရရာလက်နက်နဲ့ တိုက်ပွဲဝင်နေတာဖြစ်တဲ့အတွက် အဓိက ဒီလို တိုက်ပွဲတွေ ဆက်ဖြစ်နေမယ်ဆိုရင် စစ်ဘေးရှောင်တွေ များလာပြီး အခက်အခဲတွေ ပိုဖြစ်လာဖို့ပဲရှိတယ်။ အဲဒီတော့ တိုက်ပွဲဖြစ်နေ တာကို ခဏနား စောင်ကြည့်ပြီး ပြည်သူတွေလွတ်ရာကျွတ်ရာ ရောက်တော့မှ ပြန်ပြီးတော့ တိုက်ကြတာမျိုး ဖြစ်စေချင် တယ်။ လက်ရှိ အချိန်မှာ အကူအညီလိုတဲ့သူတွေကို မကူညီနိုင်ဘူးဖြစ်နေတော့ အခက်အခဲတွေက အများကြီးရှိတယ်” ဟု ပြောသည်။
You may also like these stories:
နေပြည်တော်ကို ကာကွယ်ဖို့ ကယားကို စစ်ရေးအရ ပိုမို ဖိနှိပ်နေသလား
မင်းကင်းတွင် စစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်၍ PDF ၁၃ ဦး သေဆုံး