အိန္ဒိယ ကာကွယ်ဝန်ကြီးဌာနလက်အောက်ရှိ စစ်လက်နက်ကုမ္ပဏီ Bharat Electronics Ltd (BEL) သည် မြန်မာ စစ်တပ်အတွက် လေကြောင်းရန် ကာကွယ်ရေး အဝေးထိန်း စစ်လက်နက်ပစ္စည်းများကို ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ရောင်းချခဲ့ကြောင်း Justice for Myanmar အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာစစ်တပ်အတွက် လက်နက် တင်သွင်းပေးနေသည်ဟု ယူဆရသော မြန်မာစစ်လက်နက်ပွဲစားကုမ္ပဏီ Mega Hill General Trading မှတဆင့် BEL က အဆိုပါ လက်နက်များကို ရောင်းချပေးခဲ့ခြင်း ဖြစ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေး ဆိုင်ရာ အချက်အလက်ကုမ္ပဏီ Panjuva ၏ မှတ်တမ်းများကို ကိုးကားပြီး Justice for Myanmar က ထုတ် ပြန်လာခြင်း ဖြစ်သည်။
အဆိုပါ မှတ်တမ်းများအရ အိန္ဒိယကုမ္ပဏီက တင်ပို့မှု စာရင်းထဲတွင် အဝေးထိန်း လက်နက်စနစ်၊ တင့်ကားများတွင် စစ် လက်နက်တပ်ဆင်သည့်စနစ်၊ လက်နက်လည်ပတ်သည့်စနစ်၊ မြင်ကွင်းစောင့်ကြည့်သည့်စနစ်၊ စနစ်ထိန်းချုပ်စက်နှင့် လက်နက်စနစ်ကို လည်ပတ်စေရေး အသုံးပြုရမည့်စနစ်တို့ ပါဝင်ကြောင်း သိရသည်။
Justice For Myanmar ၏ စုံစမ်းရရှိထားချက်အရ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု မတိုင်ခင် နှင့် နောက်ပိုင်းတွင် BEL ကုမ္ပဏီမှ မြန်မာစစ်တပ်သို့ ကမ်းရိုးတန်း စောင့်ကြည့်ထောက်လှမ်းရေး စနစ်များကို အကြိမ် အများအပြား တင်ပို့ခဲ့ပြီးနောက်ပိုင်း ယခုအခါ အဝေးထိန်း လက်နက်ရုံ လွှဲပြောင်းမှုတရပ် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။
“၎င်းတို့ ရောင်းချခဲ့သည့် အဆိုပါ လက်နက်စနစ်သည် မြန်မာစစ်တပ် ဆက်လက် ကျူးလွန်လျက်ရှိသည့် ရက်စက်ကြမ်း ကြုတ်သည့် ရာဇဝတ်မှုများအား အားပေးကူညီနိုင်သည်ကို အလုံးစုံ သိရှိနားလည်ထားလျက်နှင့်ပင် ထိုသို့ ရောင်းချခဲ့ခြင်း ဖြစ်သည်။ မြန်မာစစ်တပ်၏ တရားမဝင် စစ်အာဏာသိမ်း ကြိုးပမ်းမှုနှင့် နိုင်ငံတဝှမ်း အကြမ်းဖက် စစ်ဆင်ရေး များ နောက်ပိုင်းလများတွင် အဆိုပါ တင်ပို့ရောင်းချမှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်” ဟု Justice for Myanmar က ဆိုသည်။
အဆိုပါ အဝေးထိန်း လက်နက်အတွက် ဖော်ပြထားသည့် တင်ပို့မှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀ ကျော်ရှိပြီး ယင်းတင်ပို့မှုမှာ မြန်မာစစ်တပ် စမ်းသပ်အသုံးပြုရန် တစုံစာအတွက်သာ ဖြစ်နိုင်ဖွယ်ရှိကြောင်း၊ နောက်ပိုင်းတွင် များပြား သည့် ဝယ်ယူမှုများ လုပ်ဆောင်ရန် အလားအလာများ ရှိနေကြောင်း Justice for Myanmar က သုံးသပ်ထား သည်။
အဝေးထိန်း လက်နက်တင်ပို့မှု၊ မြန်မာစစ်တပ်အား စစ်လက်နက်နှင့် စပ်ဆပ်ပစ္စည်းများ ဆက်လက်ထောက်ပံ့နေမှု များနှင့် ပတ်သက်၍ BEL ကုမ္ပဏီကို Justice For Myanmar က ဆက်သွယ်မေးမြန်းခဲ့သော်လည်း BEL ကုမ္ပဏီက တုံ့ပြန် ဖြေကြားခြင်း မရှိခဲ့ကြောင်း သိရသည်။
BEL ကုမ္ပဏီ၏ အများဆုံး ရှယ်ယာရှင်သည် အိန္ဒိယအစိုးရဖြစ်ပြီး ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကာ ၎င်းတို့၏ အကြီးဆုံး နိုင်ငံတကာ ရှယ်ယာရှင်များတွင်လည်း Nippon Life Insurance Company အိန္ဒိယကုမ္ပဏီခွဲက အမေရိကန် ဒေါ်လာ သန်း ၂၅၀၊ Goldman Sachs Asset Management က အမေရိကန်ဒေါ်လာ ၂၃၅ သန်း တန်ဖိုးရှိ ရှယ်ယာများ ပိုင်ဆိုင်ထားကြောင်း တွေ့ရသည်။
အိန္ဒိယကုမ္ပဏီ BEL မှတဆင့် မြန်မာစစ်တပ်အတွက် စစ်လက်နက်နှင့် ကာကွယ်ရေး နည်းပညာများ တင်သွင်းနေသော မြန်မာကုမ္ပဏီ Mega Hill General Trading သည် နိုင်ငံတကာ ကုန်ပစ္စည်း ပေးသွင်းသူများ ကွန်ရက်တခုမှ မြန်မာ့စစ် တပ်၏ ရေတပ်အတွက် လိုအပ်သည့် စက်ယန္တရားများနှင့် သိပ္ပံနည်းပညာဆိုင်ရာ ပစ္စည်းကိရိယာများ အပါအဝင် နည်း ပညာများကို တင်သွင်းခဲ့သည့် ကုမ္ပဏီတခု ဖြစ်သည်။
You may also like these stories:
ဘယ်လာရုစ်က လက်နက်ပွဲစား ဒေါက်တာအောင်မိုးမြင့်
ယူကရိန်းမှ လက်နက်အဝယ်တော် (သို့မဟုတ်) ဦးအောင်လှိုင်ဦး
လေတပ်ဦးစီးချုပ် မိသားစု စီးပွားရှာသော နည်းလမ်း (အပိုင်း ၁)
လေတပ်ဦးစီးချုပ် မိသားစု စီးပွားရှာသော နည်းလမ်း (အပိုင်း ၂)