ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင်း ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြား တိုက်ခိုက်မှုများနှင့် စစ်ရေးတင်းမာခြင်း များကြောင့် ကျေးရွာများကို စွန့်ခွာပြီး စစ်ဘေးရှောင်နေရသည့် အရပ်သားဦးရေ ၆၀၀၀ ကျော်ရှိလာပြီဟု သတင်းရရှိ သည်။
မိုင်းကိုင်မြို့နယ်တွင် စက်တင်ဘာ ၁၄ ရက်မှစ၍ အောက်တိုဘာ ၄ ရက်အထိ ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP/SSA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ကြား တိုက်ပွဲများ ဖြစ်ပွားထားသည်။
နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဒုက္ခသည်များသည် ဟိုခဲကျေးရွာအုပ်စု၊ ဟမ်းငိုင်း ကျေးရွာအုပ်စု နှင့် ပန်ကေတု ကျေးရွာအုပ်စုအတွင်းမှ ဒေသခံများ ဖြစ်သည်။
စစ်ဘေးရှောင်ဒုက္ခသည်များကို အကူအညီပေးနေသူများ ပြုစုထားသည့် စာရင်းအရ မိုင်းကိုင်မြို့နယ်တွင်း စစ်ဘေးရှောင်နေရသည့် ဦးရေမှာ ၆၀၆၁ ဦး ရှိပြီဖြစ်သည်။
၎င်းတို့သည် ပန်ကေတုကျေးရွာအုပ်စု၊ နားနေဘုန်းကြီးကျောင်းတွင် ၇၉၄ ဦး၊ ကုန်းလိုင်း စာသင်ကျောင်းဆောင်တွင် ၈၂ ဦး၊ မောက်လိုင်ရွာ၏ ဇရပ်တွင် ၁၃၂၆ ဦး၊ ဝိင်းငင်း ဘုန်းကြီးကျောင်းနှင့် ဟွေနွဲ့ ဘုန်းကြီးကျောင်းတွင် ၈၁၂ ဦး၊ ဟမ်းငိုင်းကျေးရွာအုပ်စု၊ ကုန်းစုံဘုန်းကြီးကျောင်းတွင် ၁၅၈၃ ဦး၊ လွယ်စက်တောင် ဘုန်းကြီးကျောင်းတွင် ၆၄၃ ဦး၊ ကောင်းမူးဆိုင် စေတီဝန်းအတွင်း၌ ၈၂၁ ဦးတို့ ဖြစ်သည်။
စစ်ဘေးရှောင်ဒုက္ခသည်များကို အကူအညီပေးနေသူတဦးက “သူတို့က စားရေးသောက်ရေးကတော့ အရမ်းကြီး အဆင်ပြေတယ်လို့ မရှိပါဘူး။ တိုက်ပွဲဖြစ်တုန်းက ပြေးလာကြတာဆိုတော့ တချို့က ဘာမှ မပါလာကြဘူး။ တချို့ ကတော့ အိုးခွက်ပါလာကြတယ်။ ဖြစ်သလိုပဲ နေထိုင်နေကြရတဲ့ အခြေအနေပါ။ တော်တော်လေး ချို့တဲ့ကြပါတယ်။ အိမ်ကိုလည်း ဘယ်သူမှ မပြန်ရဲကြသေးတော့ စားနပ်ရိက္ခာကတော့ အကူအညီတွေ ထပ်လိုပါတယ်” ဟု ပြောသည်။
မိုင်းကိုင်မြို့တွင်း၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူများ၊ ကူးစက်ခံရသူများထဲမှ သေဆုံးမှုများ ရှိနေပြီး စစ်ဘေးရှောင်ဒုက္ခသည်များထဲတွင်လည်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ၁ ဦး တွေ့ရှိထားသည်။
စစ်ဘေးရှောင်ဒုက္ခသည်များသည် ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဈေးနှင့် ဇရပ်များတွင် စုဝေး ခိုလှုံနေကြ သဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ရှိလာမည်ကိုလည်း စိုးရိမ်နေရသည်ဟု အဆိုပါ အကူအညီပေးနေသူက ပြော သည်။
မိုင်းကိုင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ကျန်းမာရေးဌာနမှ ဆရာဝန်များက ပန်ကေတုကျေးရွာအုပ်စုအတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည် ၃၄၆ ဦးကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ လာရောက်ထိုးနှံပေးထားသည်။
ထို့ပြင် မိုင်းကိုင်မြို့နယ်တွင်း စစ်ဘေးရှောင်နေရသည့် ဒုက္ခသည်ဦးရေ ၆၀၆၁ ဦးကိုလည်း တဦးလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် စစ်ကောင်စီ၏ လွိုင်လင်ခရိုင်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနက ထောက်ပံ့ထားသည်။
အဆိုပါ တဦးလျှင် ၂၁၀၀ ကျပ်ပေးသည့် ထောက်ပံ့ငွေသည် ဆန်၊ဆီ၊ ဆားနှင့် ဆေးဝါး အတွက် အသုံးပြုရန် ဟူ၍ ထောက်ပံ့ခြင်း ဖြစ်သည်ဟု သိရသည်။
စစ်ဘေးရှောင်ဒုက္ခသည်များအတွက် အလှူငွေများ ကောက်ခံပေးခြင်းနှင့် အကူအညီများ ပေးနေသူတဦး ဖြစ်သည့် ဦးမိုင်းခမ်းညွန့် က “စစ်ဘေးရှောင်စခန်းမှာက လာလှူသလောက်ပဲ စားနေရတဲ့ အခြေအနေပါ။ လာလှူတဲ့ သူကလည်း နည်းတော့ အခက်အခဲက ရှိသေးတယ်။ တိုက်ပွဲတွေက အခုငြိမ်နေတယ်။ ဒါပေမယ့် ရွာတွေကို မပြန်ရဲ ကြသေးဘူး။ ပြန်တဲ့ နှစ်ယောက်လည်း မိုင်းနင်းမိပြီး ပြန်ဆင်းလာရတော့ စိုးရိမ်နေကြတယ်”ဟု ပြောသည်။
မိုင်းကိုင်မြို့နယ်တွင် စက်တင်ဘာအတွင်း တိုက်ပွဲ စဖြစ်စဉ်က ဟိုခဲကျေးရွာအုပ်စုနှင့် ဟမ်းငိုင်းကျေးရွာ အုပ်စုမှ ထွက်ပြေးရသည့် စစ်ဘေးရှောင်ဒုက္ခသည်ဦးရေမှာ ၂၀၀၀ ကျော်ရှိခဲ့ပြီး စစ်ဘေးရှောင်များ စုဝေး နေထိုင်ကြသည့် ဟိုခဲဘုန်းကြီးကျောင်းအနီး လက်နက်ကြီးကျည်များ ကျပေါက်ကွဲရာ ပန်ကေတုကျေးရွာသို့ ထပ်မံပြောင်းရွှေ့ ခဲ့ကြ ရသည်။
ထို့နောက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားရာ ထွက်ပြေးရသည့် ဦးရေ ပိုများလာခြင်း ဖြစ်သည်။
အောက်တိုဘာ ၄ ရက်တွင် ပန်ကေတု ကျေးရွာအုပ်စု၊ ကုန်းပေါင်းကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ ကျပေါက်ကွဲရာ ကလေး ၂ ဦး အပါအဝင် စုစုပေါင်း အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
လက်နက်ကြီးကျည်များ ကျပေါက်ကွဲခြင်းကြောင့် ကုန်းပေါင်းကျေးရွာနှင့် ကုန်းလိုင်းကျေးရွာတို့မှ ဒေသခံများ ရွာလုံးကျွတ် ထပ်မံ ထွက်ပြေးကြခဲ့ကြရသည်။
လက်နက်ကြီးကျည်စ ထိမှန်သည့် ၄ ဦးထဲတွင် ဝမ်းဗိုက်ကို ကျည်စဖောက်ဝင်ခဲ့သည့် အမျိုးသားသည် ဆေးရုံ၌ ဆုံးပါးသွားခဲ့သည်။
အောက်တိုဘာ ၅ ရက်တွင်လည်း စစ်ဘေးရှောင်ဒုက္ခသည်များထဲမှ အမျိုးသား ၂ ဦးသည် ၎င်းတို့၏ နေရပ်ရင်းရွာ ဘက်သို့ပြန်ပြီး ကျွဲနွားများနှင့် အိမ်၏ အခြေအနေကို ကြည့်ရန် သွားရာ လမ်း၌ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ အမျိုးသား ၂ ဦးသည်လည်း ဆေးရုံသို့ ချက်ချင်းပို့ဆောင်နိုင်ခြင်းမရှိဘဲ အောက်တိုဘာ ၆ ရက်မှသာ လူမှုကူညီရေးအသင်း၏ အကူအညီဖြင့် ဆေးရုံသို့ သွားနိုင်ခဲ့သည်။
မိုင်းကိုင်မြို့နယ်တွင်း တိုက်ပွဲဖြစ်ပွားနေသည့် SSPP နှင့် RCSS သည် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သော်လည်း ရှမ်းပြည်နယ်တွင်း နှစ်ဖက်တပ်များ လှုပ်ရှားသည့် နယ်မြေများ အငြင်းပွားခြင်း၊ နယ်မြေလုခြင်းတို့ ကြောင့် ၂၀၁၅ ခုနှစ်၊ နှစ်ကုန်ပိုင်းမှစ၍ ယနေ့ထိ အငြင်းပွားမှုများ၊ စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေသည့် တပ်ဖွဲ့များ ဖြစ်သည်။
SSPP နှင့် RCSS တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ နှင့် ကျေးသီးမြို့နယ်တို့ အတွင်း၌လည်း နယ်မြေ အငြင်းပွားမှုကြောင့် တိုက်ပွဲများ ဖြစ်ပွားထားပြီး စက်တင်ဘာလတွင် ကျေးသီး၊ သီပေါမြို့နယ်များနှင့် နယ်မြေ ထိစပ် နေသည့် မိုင်းကိုင်မြို့နယ်အတွင်းသို့ ပဋိပက္ခများ ကူးစက်လာခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် RCSS က နယ်မြေကျော်လွန် လှုပ်ရှားခြင်းကြောင့် တိုက်ပွဲများ ဖြစ်ရခြင်း ဖြစ်သည်ဟု SSPP ဘက်မှ ပြောဆိုထားပြီး RCSS က ၎င်းတို့ အနေဖြင့် နယ်မြေ ကျော်လွန် လှုပ်ရှားခြင်း မဟုတ်ကြောင်း၊ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သဖြင့် ရှမ်းပြည်နယ်တွင်း နေရာတိုင်းတွင် လှုပ်ရှားခွင့် ရှိကြောင်း ပြန်လည်တုန့်ပြန်ထားသည်။
SSPP ၏ မဟာမိတ် ဖြစ်သည့် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သည်လည်း RCSS နှင့် စစ်ရေးအရ ပြေလည်ခြင်းမရှိပါ။
TNLA လှုပ်ရှားသည့် နယ်မြေများကို RCSS က ဝင်ရောက်လှုပ်ရှားသည်ဟုဆိုကာ ၂၀၁၅ ၊ ဒီဇင်ဘာမှစ၍ နမ့်ဆန် မြို့နယ်တွင် တိုက်ပွဲ စဖြစ်ပြီး နမ္မတူ နှင့် ကျောက်မဲမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွား ထား ကြသည်။
SSPP နှင့် TNLA သည် မဟာမိတ်တပ်များဖြစ်သဖြင့် နမ္မတူ နှင့် ကျောက်မဲမြို့နယ်တွင်း တိုက်ပွဲများတွင် RCSS ကို ပူးပေါင်း တိုက်ခိုက်ခြင်းများလည်း ပြုလုပ်သည်။
လက်ရှိတွင် စစ်ရေးတင်းမာနေသည့် မိုင်းကိုင်မြို့နယ်သည် RCSS တပ်ဖွဲ့ဝင်များ လှုပ်ရှားသည့် နယ်မြေ ဖြစ်ပြီး SSPP က စက်တင်ဘာလအတွင်း ဝင်ရောက်တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု RCSS ဘက်က ပြောဆို ထားသည်။
မိုင်းကိုင်မြို့နယ်သည် RCSS က အုပ်ချုပ်ရေးယန္တရားများပါ ထူထောင်ထားသည့် နယ်မြေ ဖြစ်ပြီး ထိုဒေသတွင်း တအန်းကျေးရွာများ များပြားခြင်းကြောင့် TNLA တပ်ဖွဲ့များ ထိုးဖောက်ဝင်ရောက်လာမည်ကိုလည်း RCSS ဘက်က သတိထားနေသည့် နယ်မြေဖြစ်သည်။
ထို့ပြင် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ မကျင်းပခင်ကလည်း မိုင်းကိုင်မြို့နယ်တွင်း ဝင်ရောက်ယှဉ်ပြိုင်ကြ သည့် နိုင်ငံရေးပါတီများထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) စသည့် ကိုယ်စားလှယ်များက လွတ်လပ်စွာ မဲဆွယ် စည်းရုံးခြင်း လုပ်နိုင်ခဲ့သော်လည်း တအန်းအမျိုးသားပါတီ (TNP) မှ ကိုယ်စားလှယ်လောင်းများသည် RCSS ၏ ခြိမ်းခြောက်ခြင်းကို ခံရသဖြင့် စည်းရုံးရေး မလုပ်နိုင်ခဲ့ပါ။
TNP ကိုယ်စားလှယ်များ မဲဆွယ်စည်းရုံးရေးလာလုပ်သည်ကို လက်ခံပါက ရွာသူကြီးများကို ပြစ်ဒဏ်နှင့် ငွေဒဏ် ချမှတ် မည်ဟု ပြောဆိုခြင်းနှင့် TNP ကိုယ်စားလှယ်လောင်းများ၏ လုံခြုံရေးကို အာမ မခံကြောင်း RCSS ဘက်မှ ခြိမ်းခြောက်ခြင်းများကြောင့် ရွေးကောက်ပွဲကော်မရှင်ထံသို့ နှစ်ကြိမ်ခန့် တိုင်ကြားမှုများ ရှိခဲ့သော်လည်း RCSS ဘက်က ခြိမ်းခြောက်ခြင်း မရှိဟု ငြင်းဆိုခဲ့သည်။
ထိုသို့ RCSS နှင့် ပတ်သတ်၍ တိုင်ကြားမှုများ၊ တအန်းကိုယ်စားလှယ်များ စည်းရုံးရေး ဆင်းနိုင်ခြင်း မရှိခြင်းများ ကြောင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ မကျင်းပနိုင်ဟု သတ်မှတ်ကာ မိုင်းကိုင်မြို့နယ်သည်လည်း ရွေးကောက်ပွဲ ကျင်းပချိန်တွင် ချန်လှပ်ခံခဲ့ရသည်။
You may also like these stories:
SSPP နှင့် RCSS စစ်ရေး တင်းမာမှုကြား စစ်ဘေးရှောင်ဦးရေ ပိုတိုးလာ
ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ကြားက အဖြေမရှိသေးတဲ့ ပဋိပက္ခ
ရှမ်းတိုင်းရင်းသားချင်း တိုက်ပွဲနောက်ကွယ်မှာ တရုတ်လက်တွေ ပါလား
ကလေးငယ် ၇၆၀၀၀ ကျော် နေရပ်စွန့်ခွာရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများ တောထဲတွင် ဖွားမြင်နေရ