ရန်ကုန်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးများတွင် မကြာခန ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားလျှက်ရှိရာမှာ ယနေ့တွင်လည်း လှိုင်မြို့နယ်၊ ၉ ရပ်ကွက်၊ အင်းစိန်လမ်းမပေါ်ရှိ အုပ်ချုပ်မှူးရေးမှူးရုံးအား မက္ခရာတော်လှန်ရေးအင်အားစုအဖွဲ့က ကြိုတင် အသိပေးကာ ဗုံးခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။
အဆိုပါဗုံးခွဲတိုက်ခိုက်မှုမှာ ယနေ့မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့် ဗုံးတလုံးစတင်ပေါက်ကွဲပြီးနောက် ၁၀ မိနစ်ခန့်အကြာတွင် နောက်ထပ်လုံး ထပ်မံပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ယင်းပေါက်ကွဲမှုမတိုင်မီ ၁ နာရီနီးပါးခန့်အလိုက မက္ခရာတော်လှန်ရေးအင်အားစု အွန်လိုင်းစာမျက်တွင် လှိုင်မြို့နယ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား မကြာမီအဝေးထိန်းဗုံးဖြင့် တိုက်ခိုက်တော့မည်ဖြစ်သည့်အတွက် ထိခိုက်မှုမရှိစေရန် ရုံး အနီးမှ ရှောင်ရှားသွားလာကြရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အမှန်တကယ် ဗုံးပေါက်ကွဲချိန်တွင် ပလပ်စတစ်ဗူးခွံများ ကောက်သူဟု ယူဆရသည့် အသက် ၄၀ ကျော်အရွယ် အမျိုးသား အဦး လက်ထိမှန်ကာ ပြတ်ထွက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့နှင့် လူမှုကယ်ရေးဆောင်ရွက်သူအချို့လည်း ထိခိုက်မိခဲ့ကြောင်း သိရသည်။
မက္ခရာတော်လှန်ရေးအင်အားစုအဖွဲ့က “ဒါကျနော်တို့အတွက် ကြီးမားတဲ့စိန်ခေါ်မှုပါ၊ အဓိကတော့ ပြည်သူတွေဘေးကင်းစေချင်လို့ပါ၊ ကျနော်တို့ မလုပ်ခင်ကြိုအသိပေးထားပါတယ်၊ အနည်းဆုံး ၄၅ မိနစ်လောက်ခြားပါတယ်” ဟု ပြောသည်။
တိုက်ခိုက်မှုကြောင့် ရဲတဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ကို ကြားသိထားသော်လည်း အခြားသော ထိခိုက်ဒဏ်ရာရရှိ မှုများအား အတည်မပြုနိုင်ကြောင်းလည်း ၎င်းတို့ကပြောသည်။
သို့သော်အနီးပတ်ဝန်းကျင်ရှိ မျက်မြင်သက်သေတချို့၏ ပြောပြချက်အရ ပထမအကြိမ်ပေါက်ကွဲမှုတွင် အမျိုးသားတဦး ထိမှန်ကာ လက်ပြတ်သွားသည်မှာ မှန်ကန်ပြီး ပရဟိတအဖွဲ့ဝင်အချို့လည်း အသေးစားဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ ရောက်ရှိလာသည့် ပရဟိတအဖွဲ့မှာ တစုံတယောက်၏ ခေါ်ယူခြင်းကြောင့်မဟုတ်ဘဲ အခြားတနေရာမှ လူနာတင်ဆောင်လာပြီး ဆေးရုံပို့ဆောင်စဉ် ပေါက်ကွဲမှုရာအနီးသို့ အရောက်၌ ပြည်သူအချို့က တားဆီးကာ လူနာရှိနေကြောင်း ပြော၍ ဆင်သယ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
မျက်မြင်တွေ့သူ တဦးက “အုပ်ချုပ်ရေးမှူးရုံးရှေ့က ကားကြားမှာ အမျိုးသားတယောက်လဲနေတာ၊ သူ့လက်ထဲ ဗုံးကို ကောက်ထားတဲ့အချိန်မှာ ကွဲတယ်လို့ ခန့်မှန်းရတယ်၊ သူက ပလုံကောက်တဲ့သူ၊ လက်ကတော့မရှိတော့ဘူး။ သူတို့ကို ကုတင်ပေါ်တင်တယ်၊ ကားပေါ်တင် တော့မယ့်အချိန်မှာ ဗုံးထပ်ကွဲတာ” ဟု ပြောသည်။
ဒုတိယအကြိမ်းဗုံးပေါက်ကွဲချိန်တွင် ရဲတပ်ဖွဲ့ကားတစီးလည်း ရောက်ရှိနေပြီဖြစ်သော်လည်း ရဲများ ထိခိုက်မှုရှိမရှိအား အ တည်ပြုနိုင်ခြင်းမရှိသေးပေ။
ပရဟိတအဖွဲ့က လူနာဆင်းကောက်ချိန်တွင် အုပ်ချုပ်ရုံးရှေ့မှ ကားများ မှန်များကွဲနေပြီး အပိုင်အစများတွေ့ရသော်လည်း ဗုံးကွဲမှုဖြစ်ထားသည်ကို သေချာမသိရသေးကြောင်းနှင့် ၎င်းတို့ရောက်ရှိပြီး ၅ မိနစ်အကြာတွင် ထပ်မံပေါက်ကွဲခဲ့ရာ အဖွဲ့ဝင် ၃ ဦးတွင် ပေါက်ကွဲစအနည်းငယ် ထိမှန်ဒဏ်ရာ(မစိုးရိမ်)ရရှိခဲ့ပြီး ကားလည်းထိမှန်ခဲ့ကြောင်း ပရဟိတအဖွဲ့ဝင်တဦးက ပြောသည်။
၎င်းက “လူတွေက တံခါးတွေပိတ်ပြီး ချောင်းကြည့်နေကြတာ၊ ဘယ်သူမှမရှိဘူး၊ ရှင်းတယ်၊ အကွယ်လေးတွေကပဲ ချောင်းကြည့် နေကြတာ။ ကျနော်တို့ရောက်ပြီး ခနနေတော့ ရဲကားတစီးရောက်လာတယ်၊ ခနနေတော့ “အုံး” ဆိုထပ်ကွဲတာ။ ထပ်ပေါက်တော့ လူနာအမြန်တင်ပြီး ဆေးရုံမောင်းပြေးရတာပဲ၊ (လက်ထိထားသူ) လူနာကိုတော့ အရခေါ်သွားနိုင်တယ်၊ ကျနော်တို့နဲ့ ၅ ပေ လောက်ပဲကွားမယ်ထင်တယ်။ ၂ လုံး ၃ လုံးကွဲရင် ကျနော်တို့လည်းသေတယ်” ဟု ပြောပြသည်။
လက်ရှိတွင် လက်ထိမှန်ခဲ့သည့်လူနားအား မင်္ဂလာဒုံရှိ ကုတင် ၁၀၀၀ စစ်ဆေးရုံးသို့ ပို့ဆောင်ကုသထားကြောင်းလည်း သိရ သည်။
ပေါက်ကွဲမှုတွင် ပြည်သူအချို့ ထိမှန်မှုရှိခဲ့သည့် အခြေအနေနှင့် ပတ်သက်ပြီး မက္ခရာတော်လှန်ရေးအင်အားစုအနေဖြင့် တစုံတရာမှတ်ချက်မပေးသော်လည်း ၎င်းတို့အနေဖြင့် ပြည်သူများနှင့် မျိုးဆက်သစ်များအား ကာကွယ်ပေးလိုသည့် အတွက် အာဏာသိမ်းစစ်ကောင်စီယန္တရားများအား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ပြောသည်။
“ကျနော်တို့က ပြည်သူထဲက ပြည်သူပါ၊ ပြည်သူတွေထိခိုက်မိတာဆိုရင် ကျနော်တို့ ထိခိုက်မိတာပါပဲ၊ ဘယ်သူမှ ဒီအလုပ် တွေ မလုပ်ချင်ကြပါဘူး၊ နောင်မျိုးဆက်တွေကို ကျနော်တို့ မျိုးဆက်လိုမဖြစ်အောင် အသက်တွေကိုရင်းပြီးတော့ လုပ်နေ တာပါ၊ ကျနော်တို့မှာ ဘာအထောက်အပံ့မှလည်း မရှိပါဘူး”ဟု ပြောသည်။
လှိုင်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအချို့ သေနတ်ဖြင့် လုပ်ကြံခံရမှူများနှင့် စစ်ကောင်စီနှင့် ပတ် သက်သည့်ရုံးများ ဖောက်ခွဲတိုက်ခိုက်ခံရမှူများရှိခဲ့ပြီး မကြာသေးခင်ကလည်း စစ်ကောင်စီအား ပံ့ပိုးနေသည်ဟုဆိုကာ ရွာမကွေ့အနီးရှိ မြတ်မေတ္တာမွန်ဆီဆိုင်အား သတိပေးသည့်အနေဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့သေးကြောင်း မက္ခရာတော်လှန်ရေး အင်အားစုကပင် ထုတ်ပြန်ထားသည်။
You may also like these stories:
နေပြည်တော်ကို ကာကွယ်ဖို့ ကယားကို စစ်ရေးအရ ပိုမို ဖိနှိပ်နေသလား
ကြေးနီနှင့် ကျွန်းသစ်ရောင်းပြီး စစ်ကောင်စီ ငွေရှာဦးမည်
ထားဝယ်တောင်ပျောက်တိုက်နယ်၌ တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၁ထောင်ခန့်ရှိလာ