ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ အုပ်ချုပ်ရေးမှူး မရှိသည့် ရွာအချို့တွင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) က အုပ်ချုပ်ရေးမှူး ခန့်အပ်ခြင်းများ အတင်းအကျပ် ဆောင်ရွက်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထံမှ သိရသည်။
KNU ၏ တပ်မဟာ (၁) လှုပ်ရှားရာ ဘားအံမြို့နယ် တကောင်ဘို ကျေးရွာအုပ်စုရှိ ဂျို့ပင်ဆိပ်ရွာ၊ မြိုင်ကျေးရွာ၊ ကုန်းတန်း ကြီးရွာနှင့် မီးပုံးရွာများတွင် အောက်တိုဘာလ ပထမပတ်အတွင်း BGF ဘက်က ကျေးရွာဒေသခံ ရပ်မိရပ်ဖများကို ခေါ်ပြီး အုပ်ချုပ်ရေးမှူးခန့်ခြင်းကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်ကို ကိုးကား၍ KNU တပ်မဟာ (၁) မှ အရာရှိတဦးက ဧရာဝတီကို ပြောသည်။
၎င်းက “အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့အခါမှာ အဲဒီရွာတွေမှာက စစ်ကောင်စီ လက်အောက်မှာ အုပ် ချုပ်ရေးမှူး မလုပ်ချင်ကြဘူး။ လူကြီး မရှိဘူးပေါ့။ အဲဒီမှာ ရွာသားတွေကို BGF ဘက်က ခေါ်ပြီး မဖြစ်မနေ အုပ်ချုပ်ရေးမှူး ခန့်ပေးရမယ်ဆိုပြီး ပြောတယ်။ ရွာသားတွေက မလုပ်ချင်ပေမယ့်လည်း ဟိုက သေနတ်နဲ့ဆိုတော့ ကြောက်တော့ အုပ် ချုပ်ရေးမှူး ရွေးပေးလိုက်ရတယ်” ဟု ဆိုသည်။
BGF တပ်နယ် (၂) မှ ဗိုလ်မှူးတင်ဝင်း ဦးဆောင်သည့်အဖွဲ့က ဒေသခံများအား ဂျို့ပင်ဆိပ်ကျေးရွာတွင် ၁ လ တာဝန် ထမ်းဆောင်နိုင်မည့် ရွာလူကြီး (၂) ဦး၊ မြိုင်ကျေးရွာတွင် လူကြီး (၂) ဦး၊ မီးပုံးကျေးရွာတွင် ၄ ဦးနှင့် ကုန်းတန်းကြီးရွာတွင် ၃ ဦး ခန့်ရန် အမိန့်ပေးခဲ့ကြောင်း KNU တပ်မဟာ (၁) မှ အရာရှိတဦးက ပြောသည်။
ကျေးရွာအတွင်း KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) မှ တပ်ဖွဲ့ဝင်များ ဝင်ရောက်လာပါ က BGF ထံ သတင်းပေးပို့ရန်လည်း ရွာသူရွာသားများကို အမိန့်ပေးထားကြောင်း ၎င်းက ဆိုသည်။
ကျေးရွာများအတွင်း ရွာလူကြီးများ အတင်းအကျပ် ခန့်အပ်ရန် အမိန့်ပေးခဲ့ခြင်း ရှိမရှိ သိရှိနိုင်ရန် BGF တပ်နယ် (၂) မှ ဗိုလ်မှူး စောတင်ဝင်းထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်သဖြင့် အဆက်အသွယ် မရပေ။
အမည်မဖော်လိုသည့် BGF အရာရှိ တဦးကမူ BGF အနေဖြင့် အုပ်ချုပ်ရေးမှူး လစ်လပ်နေသည့် ကျေးရွာများတွင် ရွာလူ ကြီးနှင့် အုပ်ချုပ်ရေးမှူး ခန့်အပ်ခြင်းများ ဆောင်ရွက်ရန် အမိန့်ပေးထားခြင်း မရှိကြောင်း ပြောသည်။
သို့သော်လည်း နယ်မြေ အခြေအနေအပေါ် မူတည်ကာ BGF တပ်မှူး အချို့သည် နယ်မြေလုံခြုံရေး အခြေအနေအရ ၎င်းတို့ နှင့် ရင်းနှီးသည့် ရွာခံများကို အုပ်ချုပ်ရေးမှူးလုပ်ရန် ပြောဆိုခြင်းများ ရှိနိုင်သည်ဟု ၎င်းက ဆိုသည်။
“အုပ်ချုပ်ရေးမှူးတွေ ခန့်ဖို့ တရားဝင် အမိန့်ထုတ် ညွှန်ကြားထားတာ မရှိပါဘူး။ ပြီးတော့ အုပ်ချုပ်ရေးမှူး ခန့်တယ်ဆိုတာ အုပ်ချုပ်ရေးဘက်က လုပ်ရမယ့်အလုပ်ပါ။ ဒါပေမဲ့ တချို့တပ်မှူးတွေကတော့ ရင်းနှီးတဲ့ ဒေသခံတွေကို ရွာလူကြီးအနေနဲ့ လုပ်ဖို့ ပြောတာမျိုး ရှိကောင်း ရှိနိုင်ပါတယ်” ဟု အမည်မဖော်လိုသည့် BGF အရာရှိတဦးက ပြောသည်။
ဆက်လက်၍ ၎င်းက ယခုရက်ပိုင်းအတွင်း လက်နက်ကိုင် အဖွဲ့အချို့သည် BGF တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များကို ပစ်မှတ် ထား တိုက်ခိုက်မှုများ ရှိနေပြီး အောက်တိုဘာ ၇ ရက်၊ ည ၁၁ နာရီ ဝန်းကျင်ခန့်ကလည်း အမည်မသိ လက်နက်ကိုင် အဖွဲ့ တဖွဲ့၏ ပစ်ခတ်မှုကြောင့် BGF တပ်ဖွဲ့ဝင် ၁ ဦးနှင့် ၎င်း၏ မိသားစုဝင် ၃ ဦး သေဆုံးသွားကြောင်း၊ သေဆုံးသူများထဲတွင် အသက်မပြည့်သေးသည့် ကလေး ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ပါဝင်ကြောင်း ပြောဆိုသည်။
တဖက်တွင် စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) က အာဏာသိမ်း စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား၏ ထောက်တိုင်များဖြစ်သော မြို့နယ်၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများအား သတ်မှတ်ရက် အတိုင်း တာဝန်မှ နုတ်ထွက်ရန် ဒေသအလိုက် သတိပေးစာများ ထုတ်ပြန်ထားကြသည်။
ထို့ကြောင့် ယခု လပိုင်း၊ ရက်ပိုင်းအတွင်း မြို့နယ်၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ ကျန်းမာရေး မကောင်းသဖြင့်ဟူသော အကြောင်းပြချက်များဖြင့် ဆက်တိုက် နုတ်ထွက်မှုများ ဖြစ်ပေါ်နေပြီး စစ်ကောင်စီ၏ သတင်းပေး (ဒလန်)အဖြစ် ဆက် လက် လုပ်ကိုင်နေသော အုပ်ချုပ်ရေးမှူး တချို့မှာလည်း ပစ်သတ်ခံရမှုများ ရှိနေသည်။
You may also like these stories:
မင်းကင်းတွင် ရွာများကို ဝင်စီးသည့် စစ်တပ်နှင့် PDF တို့ တိုက်ပွဲဖြစ်
လွိုင်ကော်မြို့ပေါ် လက်နက်ကြီးကျည်ကျ ၁ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရ
ကလေးငယ် ၇၆၀၀၀ ကျော် နေရပ်စွန့်ခွာရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများ တောထဲတွင် ဖွားမြင်နေရ