ထိခိုက်လွယ်ဆုံးသူများကို ကာကွယ်ဆေးထိုးနိုင်ရန် ကူညီနေသော ကမ္ဘာ့ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည့် GAVI Alliance မှ ကာကွယ်ဆေး ၆ သန်းကျော်ကို မြန်မာနိုင်ငံမှ ရရှိမည်ဖြစ်သည်။ ထိုကာကွယ်ဆေး များကို မြန်မာနိုင်ငံသို့ပေးပို့ရန် ကတိပြုထားသော်လည်း နှောင့်နှေးခဲ့ရပြီး ယခုအခါ ရရှိတော့မည်ဖြစ်သည်။
ကာကွယ်ဆေး ရရှိရေးအတွက် GAVI အစီအစဉ်နှင့် မိတ်ဘက်များဖြစ်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကုလသမဂ္ဂ နိုင်ငံတကာ ကလေးသူငယ်များရန်ပုံငွေအဖွဲ့ (UNICEF) တို့၏ ကိုယ်စားလှယ်များနှင့် မြန်မာ ကျန်းမာရေးဝန်ကြီးဌာနတို့ ဇူလိုင်လနှောင်ပိုင်းမှ သြဂုတ်လနှောင်းပိုင်အထိ ဆွေးနွေးမှုများအကြိမ်ကြိမ် လုပ်ခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင်ကြေညာသည်။ GAVI သည် ဆင်းရဲနွမ်းပါးသော နိုင်ငံများတွင် ကာကွယ်ဆေးရရှိရေး မြှင့်တင်ပေးနေသော အစိုးရများနှင့် ပုဂ္ဂလိကများ ပါဝင်သည့် ကမ္ဘာ့ကျန်းမာရေး အစီအစဉ်ဖြစ်သည်။
GAVI က မြန်မာနိုင်ငံကို Pfizer ကာကွယ်ဆေး ၄ သန်းကျော်ပေးမည်ဖြစ်ပြီး UNICEF က ကာကွယ်ဆေးများကို သိုလှောင်ရန် လိုအပ်သည့် အနှုတ် ၇၀ ဒီဂရီ ဆဲစီးယပ်အထိ လုပ်ဆောင်ပေးမည့် အဆင့်မြင့် အအေးပေးစနစ်ကို ကူညီမည်ဖြစ်ပြီး ကျန်ဆေး ၂.၂ သန်းကျော်မှာ တရုတ်လုပ် Sinovac ကာကွယ်ဆေးများဖြစ်သည်။
မြန်မာနိုင်ငံသည် ကိုဗစ်နိုင်တင်း တတိယလှိုင်းကို အကြီးအကျယ်ခံစားနေရသည်။ ဇူလိုင်လ တလတည်းတွင်ပင် ကိုဗစ်နိုင်တင်းကြောင့် လူပေါင်း ၆၀၀၀ ကျော်သေဆုံးရပြီး အများစုမှာ စစ်ကောင်စီ၏ စီမံခန့်ခွဲမှု အမှားများကြောင့် သေဆုံးရခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ပထမဆုံး ကိုဗစ်နိုင်တင်း ဖြစ်ပွားမှုကို ယမန်နှစ် မတ်လက စတင်ခံစားရသည်။ ဗုဒ္ဓဟူးနေ့အထိ ကူးစက်မှုပေါင်း ၄၇၃၀၂၅ ခုနှင့် သေဆုံးမှု ၁၇၉၈၈ ခုရှိပြီဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသည် ၂၀၂၀ ခုနှစ်နှောင်းပိုင်းတွင် ကာကွယ်ဆေးများကို စတင်ဝယ်ယူခဲ့ပြီး တနိုင်ငံလုံးကာကွယ်ဆေးထိုးရန် အစီအစဉ်များကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် စတင်သည်။ NLD အစိုးရသည် ကာကွယ်ဆေး ၂၇ သန်း ရရှိရေးအတွက် GAVI က ပူးတွဲဦးဆောင်သည့် ကုလသမဂ္ဂကျောထောက်နောက်ခံပြု COVAX အစီအစဉ်နှင့်လည်း ဆက်သွယ်သည်။ ထိုကာကွယ်ဆေးများကို မတ်လမှ စတင်ရရှိရန် စီစဉ်ထားသော်လည်း ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းမှုကြောင့် ကာကွယ်ဆေးထိုးခြင်းနှင့် ပေးပို့ခြင်းအပါအဝင် အရာရာ ဖရိုဖရဲဖြစ်ခဲ့ရသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ကာကွယ်ဆေးထိုးခြင်းကို ခေတ္တမျှ ပြန်လည်စတင်ပြီး သြဂုတ်လတွင်မူ တရုတ်နိုင်ငံမှ လှူဒါန်းသော ကာကွယ်ဆေးများဖြင့် ကာကွယ်ဆေး အစီအစဉ်ကို အရှိန်မြှင့်တင်ပြီး နိုင်ငံလူဦးရေ ၅၅ သန်း၏ ထက်ဝက်ကို ယခုနှစ်မကုန်မီ ကာကွယ်ဆေးထိုးမည်ဟု ဆိုသည်။ တနင်္လာနေ့အထိ လူပေါင်း ၃.၉၂ သန်းကို ကာကွယ်ဆေးအပြည့်အဝထိုးပြီးကြောင်း စစ်ကောင်စီက ကြေညာထားသည်။
You may also like these stories:
မြန်မာနှင့် နိုင်ငံတချို့ ၌ ကိုဗစ်ကာကွယ်ဆေးအတုများ တွေ့သဖြင့် WHO သတိပေး
မြို့ကြီးများ၌ ကိုဗစ်ကူးစက်မှု ကျဆင်းသည်ဆိုသော်လည်း နယ်များတွင် ဖြစ်ပွားမြင့်နေ
ထိုင်းနယ်စပ် မယ်လဒုက္ခသည်စခန်းအတွက် ကိုဗစ်ကာကွယ်ဆေး ၄၀၀၀ ခန့် ရရှိ
ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်များတွင် ကိုဗစ်ပိုးတွေ့