သတင်း

ကျန်းမာရေးကြောင့် အမှုများတပတ်ခြားစစ်ရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုမှု ငြင်းပယ်ခံရ

အပတ်စဉ် ရုံးထုတ်စစ်ဆေးနေမှုအား ကျန်းမာရေး အခြေအနေအရ တပတ်ခြားသာ စစ်ပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်အား ယနေ့ တရားရုံးချိန်းတွင် တရားသူကြီးက ငြင်းပယ်ခဲ့ကြောင်း ရှေ့ နေများထံက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လျှောက်ထားမှုနှင့် ပတ်သက်ပြီး “မရဘူး၊ မပေးဘူ။ မှုခင်း စီမံခန့်ခွဲမှု နည်းလမ်း (CMP) အရ လုပ် ထားပြီးပြီမို့လို့ ဆိုပြီး အကြောင်းပြတာပေါ့” ဟု ရှေ့နေတဦးက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်အား ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးချုပ်နှောင်ထားပြီး နောက် အဂတိလိုက်စားမှု စွပ်စွဲချက်များ အပါအဝင် အမှုပေါင်း ၁၀ မှုကျော်ဖြင့် တရားစွဲဆိုထားပြီး ရုံးချိန်းများအား အပတ် စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနှင့် သောကြာနေ့တို့တွင် ရုံးထုတ် စစ်ဆေးလျက်ရှိသည်။

ယန့ ရုံးထုတ် စစ်ဆေးရာတွင်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ အား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ ဖြင့် စွဲချက်တင်လိုက်ကြောင်း တရားသူကြီးက အမိန့်ချ လိုက်သည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ နှစ်ဦးလုံးက အပြစ် မရှိကြောင်း တရားခွင်တွင် ထွက်ဆိုခဲ့ကြပြီး ပြန်ခေါ်သက်သေများအနေဖြင့် တရားလိုဖြစ်သူ ရဲမှူးမြင့်နိုင်နှင့် ဒုရဲအုပ်လှိုင်ဝင်း တို့အား ပြန်လည်ခေါ်ယူ စစ်မေးမည် ဖြစ်ကြောင်း ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့သည် ရွေးကောက်ပွဲမတိုင်မီ ၂၀၂၀ စက်တင်ဘာလအတွင်းက နေပြည် တော်တွင် ပြုလုပ်သည့် NLD ပါတီဝင်များ၏ ကားတန်းဖြင့် လှည့်လည် မဲဆွယ်ပွဲတွင် ၎င်းတို့၏အိမ်တော်ရှေ့ထွက်၍ လက်ပြ နှုတ်ဆက်ခဲ့သည့်အတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ တားမြစ်ချက်များအား ဖောက်ဖျက်ခဲ့သည်ဟုဆိုကာ အာ ဏာသိမ်း စစ်ကောင်စီက တရားစွဲဆိုထားခြင်း ဖြစ်သည်။

ယင်းပြင် ယနေ့ရုံးချိန်း၌ ဒေါ်အောင်ဆန်းစုကြည်အား ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် တရားစွဲဆိုထားမှုမှ နောက်တိုး တရားလိုပြသက်သေဖြစ်သူ ဆက်သွယ်ရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစည်သူအောင်အား စစ်ဆေး ခဲ့ပြီး ယင်းအမှုအတွက် ရှေ့လာမည့် ရုံးချိန်းတွင် စွဲချက်တင်သင့်/မတင်သင့် နှစ်ဖက်ရှေ့နေများက လျှောက်လဲတင် ပြကြ မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ဖြင့် တရားစွဲဆိုထားမှုအား ယနေ့စွဲချက် တင်မတင် အမိန့်ချ ရန် ချိန်းဆိုထားသော်လည်း ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် တရားစွဲဆိုထားမှုနှင့်အတူတကွ အမိန့်ချရန်ဟုဆိုကာ ရုံး ချိန်းအား ရွှေ့ဆိုင်းခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရ အရပ်သား NLD အစိုးရအား ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီအနေဖြင့် ဒေါ်အောင် ဆန်းစုကြည်နှင့် သမ္မတတို့အပါအဝင် NLD ခေါင်းဆောင်များအား ပုဒ်မများစွာဖြင့် စွပ်စွဲကာ တရားစွဲလျက်ရှိရာတွင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဒေါက်တာ မျိုးအောင်တို့အား ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခ ဖြင့် စွဲချက်တင် အမိန့်ချထားသေးသည်။

You may also like these stories:

အမှုက တည်ဆောက်ပြီးလို့ တရားရုံး တင်လိုက်တာတောင် သက်သေခံပစ္စည်း မရှိဘူး

ပုဒ်မ ၅၀၅-ခ စွပ်စွဲချက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ခုခံချေပမည်

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချ

Loading