အာဆီယံ အထူးကိုယ်စားလှယ်ဖြစ်သူ ဘရူးနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး အာရီဝန် ယူဆွတ်နှင့် မြန်မာ နိုင်ငံရေးပါတီ အချို့၏ တွေ့ဆုံဆွေးနွေးပွဲ ပျက်သွားကြောင်း တွေ့ဆုံပွဲတက်မည့် နိုင်ငံရေးပါတီအချို့၏ ပြောကြားချက်အရ သိရသည်။
ယနေ့ (အောက်တိုဘာ ၁၂ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံး၌ ကျင်းပရန် စီစဉ်ထားသည့် ယင်းတွေ့ဆုံဆွေးနွေးပွဲသည် မလုပ်ဖြစ်ဘဲ ပွဲပျက်သွားသည်ဟု UEC ဘက်က အကြောင်း ကြားလာကြောင်း တွေ့ဆုံပွဲတက်မည့် ပါတီတခုဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ဧရာဝတီကို ပြောသည်။
၎င်းက “ကျနော်တို့ကို ဒီကနေ့ မနက်မှာပဲ တွေ့ဆုံဆွေးနွေးပွဲ မလုပ်ဖြစ်တော့ဘူး။ ပျက်သွားတယ်လို့ အကြောင်းကြား လာတယ်။ ဘာကြောင့် မလုပ်ဖြစ်တော့တာလဲတော့ UEC ဘက်က မပြောဘူး” ဟု ဆိုသည်။
အထူးကိုယ်စားလှယ်ဘက်က မြန်မာနိုင်ငံဘက်သို့ လာမည့်ခရီးစဉ် ဖျက်လိုက်ခြင်း ဟုတ်မဟုတ်နှင့် ပတ်သက်၍ ဒေါက်တာနန္ဒာလှမြင့်က ပြောဆိုခြင်း မရှိသော်လည်း အာဆီယံ သံတမန်အသိုင်းအဝိုင်းမှ လာသည့် သတင်းများ အရ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံသို့ လာရောက်မည့် အစီအစဉ်ကို လေယာဉ်ပေါ်တက်မည့် နောက်ဆုံး မိနစ်တွင်မှ ဖျက်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးက စစ်ကောင်စီ လက်အောက်ခံ UEC ဘက်က အထူးကိုယ် စားလှယ်နှင့် တွေ့ဆုံပေးရန် စီစဉ်ထားသည့် နိုင်ငံရေးပါတီများသည် မြန်မာလူထုကို ကိုယ်စားမပြုဘဲ စစ်ကောင်စီ လို လားသော နိုင်ငံရေးပါတီများ ဖြစ်နေသဖြင့် အထူးကိုယ်စားလှယ်ဘက်က တွေ့ဆုံပွဲကို ဖျက်လိုက်ခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်ပြောဆိုသည်။
“အာဆီယံရဲ့ ဆုံးဖြတ်ချက်ကိုက ဒီပဋိပက္ခမှာ ပါဝင်တဲ့ ဘက်အသီးသီးနဲ့ တွေ့ရမယ်လို့ ပြောထားတာလေ။ ဆိုတော့ ဘက်အသီးသီးနဲ့ တွေ့ဖို့ဆိုရင် အနိမ့်ဆုံး NLD ပါတီ ကိုယ်စားပြုပါတီ ပါသင့်ပါတယ်။ ဖြစ်နိုင်ရင် NUG နဲ့ CRPH ပါဝင် ဖို့ လိုပါတယ်။ ဖြစ်နိုင်ရင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရင် ပိုပြီးတော့ ကောင်းပါတယ်။
အဲဒီလို မဟုတ်ဘဲ စစ်ကောင်စီ ကို လိုလားတဲ့ ပါတီတွေပဲ ရွေးပြီးတွေ့ဆုံလို့ရှိရင် အာဆီယံ ဆုံးဖြတ်ချက်နဲ့ မကိုက်ညီပါဘူး။ အဲဒါကြောင့် မစ္စတာ အာရီဝန်က သိပ်ပြီး အဓိပ္ပာယ်မရှိဘူး။ အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့ ယူဆတဲ့အတွက် လာမတွေ့တာလို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။
အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံရန် ပြင်ဆင်ထားသည့် နိုင်ငံရေးပါတီ ၈ ပါတီ ရှိပြီး ယင်းပါတီများထဲတွင် ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ သူရဦးရွှေမန်း ဦးဆောင် သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) နှင့် ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်၏ ရခိုင့်ဦးဆောင် ပါတီ (AFP) တို့ ပါဝင်ကြောင်း သိရသည်။
အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုထားသော်လည်း စစ်ကောင်စီဘက်က လက်မခံဘဲ ပယ်ချထားသည်။
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ကမ္ဘာပေါ်ရှိ မည်သည့် နိုင်ငံတွင်မှ ဥပဒေ ချိုးဖောက်မှုကြောင့် ဖမ်းဆီးခံထားရသည့် ခေါင်းဆောင်များနှင့် ပြည်ပသံတမန်များကို တွေ့ဆုံခွင့်ပေးသည် မရှိကြောင်း၊ ဒေါ်အောင်ဆန်း စုကြည် တယောက်တည်းနှင့် မြန်မာနိုင်ငံ၏ လက်ရှိ ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်ပါက ယင်းယုံကြည်မှု သည် မျက်ကန်း ယုံကြည်မှုသာ ဖြစ်ကြောင်း သတင်းမီဒီယာအချို့တွင် ပြောဆိုထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဒလမြို့နယ်မဲဆန္ဒနယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက ဒေါ်အောင်ဆန်းစုကြည်နှင့် ပေးမတွေ့ရန် စစ်ကောင်စီဘက်က စီစဉ်ထားသည့် ခရီးစဉ်ကို လာပါက အထူးကိုယ်စား လှယ်၏ ခရီးစဉ်သည် အာဆီယံ၏ စွမ်းဆောင်ရည် ကျဆင်းမှုကို ဖုံးကွယ်ခြင်းမျှသာ ဖြစ်နိုင်ကြောင်း ၎င်း၏ လူမှုကွန် ရက်စာမျက်နှာတွင် ဝေဖန်ထားသည်။
၎င်းက “ဒီခရီးစဉ်ဟာ မလာဖြစ်တဲ့ အခြေအနေကမှ ကောင်းသေးတယ်လို့ စောကြောဝေဖန်လိုပြီး အာဆီယံ အနေနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော် အမျိုးသားညီညွှတ်ရေးအစိုးရကိုသာ ထိတွေ့ဆက်ဆံဖို့ အချိန်သင့်ပြီ ဆိုတာ မလေးရှား နိုင်ငံခြားရေးဝန်ကြီး နားလည်သလို နားလည်ရမယ့်အချိန် ဖြစ်ပါတယ်” ဟု ဆိုသည်။
You may also like these stories:
ASEAN က မြန်မာစစ်ရာဇဝတ်ကောင်များကို ထိပ်သီးဆွေးနွေးပွဲ တက်ဖို့ ဖိတ်မှာလား
မြန်မာ့ဒေါသနှင့် ASEAN အထူးသံတမန်၏ ရှေ့ခရီး
ဘရူနိုင်းနှင့် စစ်ကောင်စီ စီးပွားရေးပတ်သက်နေသောကြောင့် ASEAN အထူးသံတမန်ကို မေးခွန်းထုတ်နေ
အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ရရေး အထူးမျှော်လင့်နေ