ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်း ကရင်နီ တော်လှန်ရေးတပ်များနှင့် အာဏာသိမ်း စစ်ကောင်စီကြား ဖြစ်ပွား သည့် တိုက်ပွဲ ကြောင့် ဒေသခံ တထောင်ခန့် နေအိမ်များကို စွန့်ကာ တောတွင်းထွက်ပြေး တိမ်းရှောင် နေကြရသည်ဟု သတင်း ရသည်။
စစ်ကောင်စီတပ်များသည် ကရင်နီ တပ်မတော် (KA) နှင့် ဖရူဆိုမြို့နယ်၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)တို့နှင့် ဖရူဆိုဒေသတွင် အောက်တိုဘာ ၈ရက်မှစကာ ၃ရက်တိုင် တိုက်ပွဲဖြစ်ခဲ့ခြင်း ဖြစ်သည်။
ဖရူဆို KNDF ၏ ပြောရေးဆိုခွင့်ရှိသူက “၈ ရက်ကနေ စဖြစ်ပြီး ၁၁ ရက် ညပိုင်းထိပေါ့။ နာရီအတိအကျတော့ ရှေ့ တန်း ရဲဘော်က ပို့မပေးနိုင်လို့ မသိရပါဘူး။ တိုက်ပွဲကတော့ ၃ ရက် ကြာပါပြီ။ ရွာက ၅ ရွာ စစ်ဘေးရှောင်နေကြ ရပါတယ်။ လူဦးရေက ခန့်မှန်းခြေ ၁၀၀၀ နီးပါးထိ ရှိပါတယ်။ သူတို့က စစ်ရှောင်စခန်းမျိုး မရှိပါဘူး။ ကြုံရာပဲ နေနေရ တဲ့ အခြေအနေပါ”ဟု ပြောသည်။
စစ်ဘေးရှောင်ဒုက္ခသည်များသည် ဖရူဆို-ဘော်လခဲ အဝေးပြေးလမ်းမကြီးဘေးရှိ မာခရှော်ရှေ့ ကျေးရွာအုပ်စုနှင့် ထားလဲကျေးရွာတို့မှ ဒေသခံများ ဖြစ်ပြီး အောက်တိုဘာ ၉ ရက်မှစ၍ နေရပ်ရင်း ရွာများကို စွန့်ခွာထွက်ပြေးကြရခြင်း ဖြစ်သည်။
အောက်တိုဘာ ၈ ရက်မှစ၍ စစ်ကောင်စီဘက်မှ အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်း တကြောင်းက ထားလဲ ကျေး ရွာဘက်သို့ ဝင်လာရာ အောက်တိုဘာ ၉ ရက်၊ ညနေပိုင်းတွင် ကရင်နီတော်လှန်ရေး တပ်များနှင့် တိုက်ပွဲ စတင် ဖြစ်ပွားခဲ့သည်။
စစ်ကောင်စီ၏ စစ်ကြောင်းသည် မာခရှော်ရှေ့ကျေးရွာအနီးရှိ တောင်ကုန်းပေါ်တွင်လည်း တပ်စွဲထားပြီး လက်နက် ကြီးကျည်များဖြင့် အရပ်သားများ နေထိုင်ရာ ကျေးရွာပတ်ဝန်းကျင်ကို ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။
ဖရူဆို KNDF ၏ ပြောရေးဆိုခွင့်ရှိသူက “သူတို့ စစ်ကြောင်းက ရိက္ခာပို့တယ်၊ ရိက္ခာမပို့ခင် သူတို့ သွားမယ့် လမ်းကြော င်းကို လက်နက်ကြီးတွေနဲ့ ရှေ့က ထုတယ်၊ ထုပြီးမှ ရိက္ခာသယ်တဲ့ ကားက နောက်က လာတာပါ။ အဲဒီလိုနဲ့ တိုက်ပွဲက ဖြစ်တာပါ။ ပြေးရတဲ့ ရွာတွေက ထားလဲ၊ လောကျီခူ အပေါ်ရွာ၊ အောက်ရွာနဲ့ နောက်ရွာ ၂ရွာက မာခရှော်ရှေ့ အုပ်စု ထဲက ရွာတွေပါပဲ။ စစ်ရေးကလည်း တင်းမာနေပါသေးတယ်” ဟု ဆိုသည်။
စစ်ဘေးရှောင် ဒုက္ခသည်များသည် မာခရှော်ရှေ့ကျေးရွာအနီးရှိ တောတောင်များထဲတွင် စစ်ဘေးရှောင်နေကြပြီး အမိုးအကာများ၊ အခင်းများ ခိုလှုံရန် မရှိသဖြင့် စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းများအတွက် ကူညီရန် ဖရူဆို KNDF တပ်ဖွဲ့များထံမှတဆင့် အကူအညီပေးရေး အဖွဲ့များထံသို့ တောင်းခံထားကြောင်း သိရသည်။
ဖရူဆိုနှင့် ဘော်လခဲမြို့နယ်တို့တွင် လူမှုကူညီရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် ကရင်နီလူငယ်အမျိုးသမီးတဦးက လည်း “တိုက်ပွဲက ဖရူဆိုမှာ မနေ့ကထိ ဖြစ်ထားတယ်။ ပြေးနေကြတဲ့ ဒေသခံတွေကတော့ တောထဲမှာ ဘေးလွတ် မယ့်နေရာမှာ ပြေးနေကြရတဲ့ အခြေအနေ ရှိပါတယ်။ ကျန်တာတော့ ကျမလည်း ပြေးနေရသူတွေနဲ့ အဆက်အသွယ် သိပ်မရသေးဘူး” ဟု ပြောသည်။
စစ်ကောင်စီတပ်များသည် စက်တင်ဘာ ၂၇ ရက်မှစ၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလော- ပင်လောင်း- ဖယ်ခုံမှ တဆင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းသို့ စစ်အင်အား ၃၀၀ နှင့်အထက် သယ်ဆောင်လာသည့် စစ်ကား အစီး ၄၀ ဖြင့် ဝင်ရောက်လာကာ အင်အား တိုးချဲ့ခဲ့သည်။
အင်အားအသစ်တိုးဝင်ရန် ပြင်ဆင်နေချိန်တွင် တဖက်၌လည်း ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာ ကျေးရွာအတွင်း စစ် ကောင်စီက ဝင်ရောက်တပ်စွဲရာ ဒေသခံများ ရာနှင့်ချီ ထွက်ပြေးရပြီး ဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်နီ တော်လှန်ရေး တပ်များကြား တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။
စစ်ကောင်စီတပ်များသည် ကုန်းသာကျေးရွာမှ ပြန်လည် ဆုတ်ခွာသွားခဲ့သော်လည်း ကုန်းသာနှင့် သေးဆူလဲ ကျေးရွာအတွင်းမှ အရပ်သားနေအိမ် အလုံး ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဘက်မှ စစ်ကောင်စီက မီးရှို့သည်ဟု အတည်ပြု ပြောဆိုသော်လည်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော် မင်းထွန်း က ၎င်းတို့ မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။
ထိုနောက် စက်တင်ဘာ ၂၉ ရက်တွင် ရှမ်းပြည်နယ်ဘက်မှ တဆင့် အင်အားတိုးချဲ့ဝင်လာသည့် စစ်ကောင်စီ၏ စစ်ကြောင်းသည် လွိုင်ကော်မြို့နယ်ထဲသို့ ဝင်ရောက်လာရာ ကရင်နီတပ်များနှင့် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွား ခဲ့သည်။
တိုက်ပွဲများကြောင့် လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာမှ ဒေသခံ ၄၀၀၀ နှင့်အထက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရ သည်။
လွိုင်ကော်မှတဆင့် တိုက်ပွဲများ ဖြစ်ပြီး ဝင်လာသည့် စစ်ကောင်စီ၏ စစ်ကြောင်းသည် အောက်တိုဘာ ပထမပတ် အတွင်း လွိုင်ကော်အပြင် ဒီးမော့ဆိုမြို့နယ်ဘက်သို့လည်း စစ်ကြောင်းများ တိုးဝင်ခဲ့သည်။
အောက်တိုဘာ ၆ ရက်တွင် ဖရူဆို၊ ဘော်လခဲနှင့် ဖားဆောင်းမြို့နယ်တို့ဘက်သို့လည်း စစ်အင်အားဖြည့်တင်းရန် စစ် ကောင်စီဘက်က လုပ်ဆောင်ခဲ့သည်။
စစ်ကောင်စီတပ်များသည် အင်အားအသစ်များ ဖြည့်တင်းသည့် အပြင် ၎င်းတို့၏ ရှေ့တန်းတပ်များကို ရိက္ခာများ ဖြည့် တင်းရန် လုပ်ဆောင်ရာတွင်လည်း စစ်ကားများကို အသုံးမပြုဘဲ အရပ်သားများ အသုံးပြုသည့် အိမ်စီးယာဉ်များ၊ လုပ် ငန်းသုံး ကုန်တင်ယာဉ်များကို အသုံးပြုခြင်းကြောင့် ကရင်နီ တော်လှန်ရေးတပ်များက အရပ်သားများနှင့် မှားယွင်း ပစ်ခတ်မိမည်ကို စိုးရိမ်ခြင်းကြောင့် ညနေပိုင်းများတွင် လမ်းအသုံးပြုခြင်း မလုပ်ကြရန် အရပ်သားများအား တားမြစ် သည့် စာများကို ထုတ်ခဲ့သည်။
အောက်တိုဘာ ၉ ရက်၊ ညနေပိုင်းတွင် စစ်ကောင်စီ၏ အင်အား ၃၀၀ ခန့် ပါဝင်သည့် စစ်ကြောင်းသည် ဖရူဆိုမြို့ နယ်၊ ထားလဲကျေးရွာအနီး ဝင်ရောက်လာရာ KA၊ KNDF ပူးပေါင်း တပ်များနှင့် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်။
KA ၏ သတင်းနှင့် ပြန်ကြားရေးဌာန ဖြစ်သည့် Karenni Information Center(KnIC) က မာခရှော်ရှေ့ကျေးရွာ အုပ်စုမှ ဒေသခံများ ထွက်ပြေးရခြင်းမှာ အရပ်သားများ နေထိုင်သည့် ကျေးရွာများအနီးတွင် အင်အား ၃၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်က အောက်တိုဘာ ၉ ရက်မှစ၍ တပ်လာစွဲပြီး လက်နက်ကြီးကျည်များ ပစ်ခတ်ခြင်းကြောင့် ဖြစ် သည်ဟု သတင်းထုတ်ပြန် ထားသည်။
အောက်တိုဘာ ၉ ရက်တွင် စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေးတပ်များကြား တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့သည်။
အောက်တိုဘာ ၁၁ ရက်တွင်လည်း ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စုအနီး၌ တိုက်ပွဲထပ်ဖြစ်ခဲ့ကြသည်။
KNDF က ဖရူဆိုမြို့နယ်တွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သတ်၍ ထုတ်ပြန်ချက်တစောင်ကို အောက်တို ဘာ ၁၂ ရက်၊ နေ့လယ်ပိုင်းတွင် ထုတ်ပြန်လိုက်ပြီး ထိုထဲတွင် စစ်ကောင်စီက ထားလဲကျေးရွာအတွင်း ဝင်ရောက်စဉ် အရပ်သားများ၏ စပါးကျီများကို မီးရှို့ဖျက်ဆီးခြင်း၊ ကျွဲနွားတိရစာ္ဆန်များကို သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ရေး သားထားသည်။
ထို့ပြင် အောက်တိုဘာ ၁၂ ရက်၊ မနက် ၇ နာရီခွဲတွင် ထားလဲကျေးရွာ ဘက်သို့ စစ်ကြောင်း ထပ်တိုးဝင်လာသည့် စစ် ကောင်စီ၏ ယာဉ်တန်းကို KAနှင့် KNDF တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မိုင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီ၏ ကားတစီး ပျက်စီးကာ စစ်ကောင်စီတပ်သားများလည်း ထိခိုက်ဒဏ်ရာ ရရှိမှု ရှိသည်ဟု KNDF က သတင်းထုတ်ပြန်ထားသည်။
အောက်တိုဘာ ၉ ရက်မှစ၍ အောက်တိုဘာ ၁၂ ရက်၊ မနက်ပိုင်းအထိ စစ်ကောင်စီနှင့် KA ၊ KNDF တို့ကြားတွင် တိုက်ပွဲ ၅ ကြိမ်ထက် မနည်း ဖြစ်ပွားထားသည်ဟု သိရသည်။
စစ်ကောင်စီတပ်များသည် အောက်တိုဘာလဆန်းပိုင်းမှစ၍ ဖရူဆိုနှင့် ဘော်လခဲမြို့နယ်များဘက်သို့ ထိုးစစ်ဆင်နေ ပြီး လွိုင်ကော်-ဘော်လခဲ အဝေးပြေး လမ်းမကြီးတလျှောက်တွင် စစ်ကောင်စီတပ်သားများကို နေရာချထားခြင်း၊ ခြေ လျင် တပ်များဖြင့်လည်း စစ်ကြောင်းများ ထိုးနေခြင်း၊ ယာဉ်တန်းများဖြင့်လည်း တပ်ဖွဲ့နှင့် ရိက္ခာအင်အားများ ဖြည့် တင်းနေသည်ဟု KNDF က ဆိုသည်။
Karenni Information Center (KnIC) ကလည်း စစ်ကောင်စီတပ်များသည် အောက်တိုဘာ ၁၂ ရက်၊ မနက်ပိုင်း ၂ နာရီမှ ၅ နာရီကြားတွင် ဖရူဆိုမြို့နယ်တွင်း စစ်ကြောင်း ထိုးထားသည့် အင်အား ၃၀၀ ခန့်ရှိသည့် စစ်ကြောင်းက ဖရူဆိုမှ တဆင့် ဘော်လခဲမြို့နယ်ဘက်သို့ ထွက်ခွာ သွားသည်ဟု ထပ်မံ၍ သတင်းထုတ်ပြန်ထားသည်။
မြေပြင်စစ်ရေး အခြေအနေများနှင့် ပတ်သက်၍ ကရင်နီတော်လှန်ရေး တပ်များဘက်မှ သတင်းထုတ်ပြန်ထားသော် လည်း စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်ခြင်း မရှိပါ။
ဧရာဝတီက စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ၊ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းရန် ဆက်သွယ်သော်လည်း ဆက် သွယ်၍ မရပါ။
စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး တပ်များသည် မေလ တတိယပတ်မှစ၍ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တို့တွင် တိုက်ပွဲ စတင်ခဲ့ရာ တိုက်ပွဲဖြစ်ပွားရာ နယ်မြေများ ဖြစ်သည့် မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများမှ ဒေသခံများ ထွက်ပြေးခဲ့ကြရသည်။
သြဂုတ်လအတွင်း ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ (KSCC) ၏ စာရင်းအရ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တို့တွင် နေရပ်စွန့်ခွာထွက်ပြေး နေရသည့် စစ်ဘေးရှောင် ဒုက္ခသည်ဦးရေသည် တသိန်းခွဲ ရှိသည်။
အဆိုပါ ဒုက္ခသည်ဦးရေ တသိန်းခွဲသည် လျော့သွားခြင်း၊ နေရပ်ပြန်ရခြင်း မရှိသေးဘဲ သြဂုတ်၊ စက်တင်ဘာနှင့် အောက်တိုဘာလတို့တွင် တိုက်ပွဲများ ထပ်ဖြစ်ခြင်းကြောင့် အသစ်ထပ်တိုးသည့် စစ်ဘေးရှောင်ဒုက္ခသည် ဦးရေမှာ ၅၀၀၀ နှင့်အထက် ရှိသည်။
၂၀၁၉ ခုနှစ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းအရ ကယားပြည်နယ်သည် လူဦးရေ ၂ သိန်း ၈ သောင်း ကျော် ရှိသည့် ပြည်နယ်ဖြစ်ရာ ယခုအခါ တိုက်ပွဲများကြောင့် ပြည်နယ်၏ လူဦးရေ ထက်ဝက်ကျော်သည် နေရပ်စွန့် ခွာ ထွက်ပြေးနေရပြီ ဖြစ်သည်။
You may also like these stories:
တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့ အကြမ်းဖက်မှုများကို ပံ့ပိုးနေဟု စစ်ကောင်စီ မီဒီယာစွပ်စွဲ
မိုင်းကိုင်တွင် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြောင့် အရပ်သား ၆ ထောင်ကျော် ထွက်ပြေးနေကြရ
လွိုင်ကော်မြို့ပေါ် လက်နက်ကြီးကျည်ကျ ၁ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရ