တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ် ရွှေလီမြို့ရှိ မြန်မာနိုင်ငံသားပိုင် ဆိုင်များအနေဖြင့် တရားဝင်လိုင်စင် လျှောက်ထားရ မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အစိုးရက ကြေညာထားသည်ဟု မြန်မာလုပ်ငန်းရှင်များထံမှ သိရသည်။
ထို့ပြင် ဆိုင်များတွင် ချိတ်ဆွဲထားသည့် မြန်မာစာတန်းပါ ဆိုင်းဘုတ်များကိုလည်း ဖြုတ်သိမ်းခိုင်းကြောင်း၊ သတ်မှတ် စည်းကမ်းချက်နှင့် မညီသောသူများကို ဖမ်းဆီးသွားမည် ဖြစ်ကြောင်း ကြေညာထားသည်ဟုလည်း ကုန်သည်တဦး က ပြောသည်။
ရွှေလီမြို့ရှိ ဆိုင်ခန်းပိုင်ရှင် မြန်မာနိုင်ငံသား တဦးက “ဘယ်နေ့ နောက်ဆုံးရယ်လို့တော့ သတ်မှတ်ထားတာ မရှိဘူး။ အကုန် လုံးကို မြန်မာဆိုင်းဘုတ် ဖြုတ်ခိုင်းတယ်။ ကျနော်တို့ ဆိုင်ဆိုရင် ဖြုတ်ထားတာ ၅/၆ ရက်လောက်တော့ ရှိပြီ။ မြန်မာနိုင်ငံ သားပိုင် ဆိုင်တွေကတော့ အများကြီးပဲ အသေးတွေရော၊ အကြီးတွေရော။ သူတို့က မြန်မာပြည်ကထွက်တဲ့ ပစ္စည်းတွေ လည်း ရောင်းလို့မရဘူး။ ရောင်းမယ်ဆိုရင် အခွန်ဆောင်ရမယ်။ သားငါးဆိုလည်း သူတို့ သတ်မှတ်တဲ့ ကျန်းမာရေး စာရွက် စာတမ်း ပါရမယ်။ မပါဘဲနဲ့ ရောင်းရင် ဖမ်းမယ်။ မနေ့ကဆိုရင် ဈေးထဲမှာ သား၊ ငါးသည်တွေ ဖမ်းတယ်” ဟု ဧရာဝတီကို ပြောသည်။
တရားဝင်လိုင်စင် ချထားပေးရာတွင်လည်း ယူနန်ပြည်နယ် အစိုးရက တရုတ်နိုင်ငံသားများကိုသာ ချထားပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားများကို မပေးကြောင်း၊ အကယ်၍ မြန်မာနိုင်ငံသားများ တရားဝင်လိုင်စင်ဖြင့် ဆိုင်ဖွင့်လိုပါက တရုတ်နိုင်ငံ သား ဦးဆောင်ပြီး လုပ်သည့် လုပ်ငန်းကိုသာ ပေးကြောင်း ၎င်းက ရှင်းပြသည်။
နယ်စပ်မြို့ဖြစ်သော ရွှေလီတွင် မြန်မာနိုင်ငံသားများ ဖွင့်လှစ်ထားသည့် ထမင်းဆိုင်၊ စားသောက်ဆိုင်များမှအစ အထည် ဆိုင်၊ အိမ်သုံးပစ္စည်းအရောင်းဆိုင်၊ သားငါးရောင်းချသည့်ဆိုင်များနှင့် တွင်းထွက် ကျောက်မျက်ရတနာပစ္စည်း ရောင်းချ သည့် ဆိုင်များအထိ ရှိသည်။
လတ်တလောတွင် ဆိုင်များကို ဆိုင်းဘုတ် ဖြုတ်ခိုင်းသော်လည်း တချို့ဆိုင်များက ယခု အောက်တိုဘာလကုန်နှင့် နိုဝင် ဘာလမှသာ လိုင်စင်သက်တမ်း ကုန်မည်ဖြစ်သဖြင့် ဆိုင်ပိတ်ခိုင်းခြင်း မရှိသေးကြောင်း၊ သို့သော် တရုတ်စာမပါသည့် မြန် မာထုတ်ကုန် ပစ္စည်းများကို မြန်မာဆိုင်များတွင် ရောင်းချခြင်း မပြုရန် တားမြစ်ထားကြောင်း၊ ထိုကဲ့သို့ တင်းကျပ်မှုများ မှာ ပထမဆုံးအကြိမ် ပြုလုပ်လာခြင်း ဖြစ်ကြောင်း သိရသည်။
ယူနန်ပြည်နယ် အစိုးရက ကိုဗစ်-၁၉ ကပ်ရောဂါကို အကြောင်းပြပြီး မြန်မာနိုင်ငံသားများအပေါ် ယခင်ကထက် တင်းကျပ်မှု များ ပြုလုပ်လာသည့်အတွက် မြန်မာနိုင်ငံသား အများစုမှာ နေရပ်ပြန်ရသည်များ ရှိလာပြီး ကျန်ရှိသည့် မြန်မာနိုင်ငံသား များနှင့် ဆိုင်ပိုင်ရှင်များကိုလည်း တရုတ်ဘက်က နှင်ထုတ်မည်ဟူသော အသံများ ကြားနေရကြောင်း လုပ်ငန်းရှင်များ က ပြောဆိုသည်။
တရုတ်-မြန်မာနယ်စပ်မှ ကုန်သည်တဦးက “အခုကတော့ တရုတ်မှာ မြန်မာလည်း တော်တော်နည်းသွားပြီ။ အဝင်ရော အထွက်ရော ပိတ်ထားတာ။ ဒါပေမဲ့ တရုတ်မှာ မြန်မာနိုင်ငံသား ရောက်နေတာတွေ ရှိတယ်။ သူတို့လည်း တဖြည်းဖြည်း နှင်မယ် ပြောတယ်။ ဘာသဘောလဲတော့ မသိဘူး။ အိမ်ငှားနေ၊ ဆိုင်ငှားနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်နှင်မယ် ကြား တယ်။ သတင်းကတော့ အတိအကျ မထွက်လာသေးဘူး။ ကြားနေရတာပဲ မြန်မာနိုင်ငံသားတွေကို နှင်တော့နှင်မှာ။ ပြောရ တာတော့ မကောင်းဘူး။ အခုက နိုင်ငံရေး ပါလာတဲ့အတွက်” ဟု လက်ရှိ အခြေအနေကို ရှင်းပြသည်။
ယခုတကြိမ် နယ်စပ်ကုန်သွယ်ရေး ဂိတ်များကို တရုတ်ဘက်က ပိတ်သိမ်းရာတွင်လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူများ တရုတ်နိုင်ငံ အတွင်းသို့ ဝင်ရောက်မည် ဆိုးသောကြောင့် ယာယီပိတ်သိမ်းခြင်း ဖြစ်သည်ဟု အကြောင်းပြကာ ၂ ရက် ခန့် စောပြီး ပိတ်လိုက်သည့် အခြေအနေများလည်း ရှိခဲ့သည်ဟု ၎င်းက ဆိုသည်။
ရွှေမြန် မာ အွန်လိုင်း ပရဟိတအသင်း ဥက္ကဋ္ဌလည်းဖြစ်သူ ကိုချမ်းမြေ့ကလည်း တရုတ်အစိုးရဘက်က ကိုဗစ်-၁၉ အကြောင်းပြ ချက်ဖြင့် လက်ရှိတွင် နယ်စပ်ခြံစည်းရိုး ကာခြင်းကိုလည်း အရှိန်မြှင့် လုပ်ဆောင်နေသည်ဟု ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်အစိုးရက ကိုဗစ်အကြောင်းပြပြီး နယ်စပ်ဂိတ်များ ပိတ် ခြင်း၊ မြန်မာရွှေ့ပြောင်းလုပ်သားများကို ပြည်တော်ပြန်ခိုင်းခြင်း၊ မြန်မာကျောက်ကုန်သည်များအား ပြန်ခိုင်းခြင်းတို့ ပြုလုပ်ခဲ့ သည့်အပြင် ယခုအခါ ဆိုင်ခန်းများ ဖွင့်လှစ်ခြင်းကိုပါ တင်းကျပ်လာရာ နိုင်ငံရေး အပြောင်းအလဲများနှင့်လည်း ဆက်စပ်နေ နိုင်ကြောင်း ကုန်သည်တချို့ကလည်း သုံးသပ်ပြောဆိုသည်။
နယ်စပ်အရောင်းအဝယ်သမား တဦးက “ကျနော်တို့ မြန်မာနိုင်ငံသားတွေအတွက် အခွင့်အရေးက တော်တော် နည်းပါး တယ်။ အခုက တအားကျပ်တယ်။ အဲဒီအတွက် ကျနော်တို့မှာက ပြောပိုင်ခွင့်လည်း မရှိဘူး။ အခက်အခဲတွေကတော့ အများကြီးပဲ။ မြန်မာပြည်မှာလည်း အခုက လုပ်ကိုင်ရှာစားဖို့က မလွယ်။ ဒီမှာလည်းကျပ်တော့ စိတ်ကတော့ ရူးတောင် ရူး ချင်ချင်ပဲ” ဟု ပြောသည်။
လက်ရှိတွင် ရွှေလီမြို့ရှိ မြန်မာဆိုင်များတွင် မြန်မာပစ္စည်းများ ဆက်ပြီး ရောင်းချနေမည်ဆိုပါက ယွမ် ၅,၀၀၀ ဒဏ်ရိုက်မည် ဖြစ်ပြီး ဈေးဆိုင်အတွက် လိုင်စင်လျှောက်ထားမည်ဆိုပါက တရုတ်ယွမ်ငွေ ၃၀,၀၀၀ မှ ၄၀,၀၀၀ ဝန်းကျင်အထိ ရှိကာ ယင်းငွေကြေးသည် လိုင်စင် ရရှိရန်အတွက် ကျန်းမာရေး အထောက်အထား ပြုလုပ်ရာတွင် ပေးရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယူနန်ပြည်နယ် အစိုးရအနေဖြင့် ကျယ်ဂေါင်မြို့တွင် အဆင့်မြင့် စီမံကိန်းတခုကို လုပ်ဆောင်ရန်အတွက်လည်း ဗဟို အစိုးရ ထံ တင်ပြထားသည့် အခြေအနေများလည်း ရှိနေသောကြောင့် နယ်စပ်ဂိတ်များ ယခင်ကဲ့သို့ ပြန်ဖွင့်ရန်မှာ အကန့်အသတ် ရှိနေသည်ဟုလည်း ကုန်သည်များက ပြောသည်။
တရုတ်သည် ကိုဗစ်-၁၉ ကူးစက်မှုကို ကာကွယ်ရန်ဟူသည့် အကြောင်းပြချက်ဖြင့် မြန်မာ-တရုတ် နယ်စပ်မျဉ်း တလျှောက် တွင် ခြံစည်းရိုးများ အခိုင်အမာခတ်ခြင်း၊ CCTV များ တပ်ဆင်၍ စောင့်ကြည့်ခြင်း၊ ကျေးရွာလူထုအား လူစိမ်း ဝင်မလာစေ ရန် ဆုငွေပေး၍ စောင့်ကြည့်ခိုင်းခြင်း၊ တချို့နယ်စပ် စည်းမျဉ်းနားတွင် လုံခြုံရေးအစောင့်များထား၍ စောင့်ကြည့်ခြင်းများ နှင့် နယ်စပ်ကို လုံခြုံရေး တိုးမြှင့်ထားသည်မှာ ၂၀၂၀ နှစ်ကုန်ပိုင်းကတည်းက ဖြစ်သည်။
ယခုအခါ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ရိုင်၊ မုံးကိုးမြို့နယ်ခွဲအတွင်း စစ်ကောင်စီနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ကြား တိုက်ပွဲများကြောင့် မြန်မာ-တရုတ်နယ်စပ်အနီးသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များကိုလည်း နယ်စပ်စည်းမျဉ်းနား မကပ်ရန် တရုတ်ဘက်က လော်စပီကာဖြင့် အသံသွင်းထားသည့် ဖိုင်ကို နယ်စပ်ခြံစည်းရိုးတွင် လာဖွင့်ထားကြောင်း သိရသည်။
You may also like these stories:
ပြည်ပမှ ယာဉ်တင်သွင်းခွင့် ပိတ်ပြီးနောက် ကားအဟောင်းများ အဝယ်လိုက်
စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေး ရေစုန်မြောနေပြီ
တရုတ်နယ်စပ်တွင် ၆ လကြာ ပိတ်မိနေသော မြန်မာပိုင်ကုန်ပစ္စည်းများ သယ်ယူခွင့်ပြုမည်