ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်တွင် ဗုံးကွဲမှုနှင့် ပတ်သက်၍ ဖမ်းဆီး တရားစွဲခံရသော ချင်းတိုင်းရင်းသား လူငယ် ၄ ဦးမှုာ ၅ လ နီးပါး တရားရင်ဆိုင်ပြီးနောက် ပြစ်မှုမထင်ရှားသဖြင့် တရားရုံးမှ ပြန်လည်လွှတ်ပေးလိုက်သော်လည်း ရဲက ထပ်မံ ဖမ်းဆီးသွားကြောင်း မိသားစုဝင်များက ပြောသည်။
ပလက်ဝမြို့ပေါ် ရပ်ကွက်တွင် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး အဆိုပါ ချင်းလူငယ် ၄ ဦးအား စွဲဆိုချက်များမှာ ခိုုင်လုံမှု မရှိသဖြင့် အမှုအား မှားယွင်းမှုအဖြစ်သတ်မှတ်ကာ အောက်တိုဘာလ ၁၂ ရက်က ပလက်ဝမြို့နယ် တရားရုံးမှ အပြီးသတ် လွှတ်ပေးလိုက်ကြောင်း သိရသည်။
သို့သော် အောက်တိုဘာလ ၁၃ ရက် မနက်ပိုင်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးက စစ်ဆေးစရာ ရှိသည်ဟုဆိုကာ ထပ်မံ ဖမ်းဆီး ခေါင်းဆောင်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်တဦးက ပြောသည်။
မိသားစုဝင်တဦးက “သူတို့ကို စွဲထားတဲ့ အကြောင်းအရာတွေက ခိုင်လုံမှု မရှိတဲ့အတွက် တရားရုံးက အပြီးသတ် လွှတ် လိုက်ပြီးတော့ နောက်တနေ့ကျရော မနက်ပိုင်းမှာ ကျနော်တို့ ရိုးရာအတိုင်း အိမ်မှာ ပွဲလေး လုပ်တာပေါ့။ အဲဒီအချိန် မြို့နယ်မှူးက ခေါ်ခိုင်းလို့ စခန်းလိုက်ခဲ့ပါဆိုပြီး ခေါ်သွားတာ ဟိုလဲရောက်ရော အချုပ်ထဲကို တခါတည်း ထည့်လိုက်ပါ တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထပ်မံ ဖမ်းဆီးခံရသည့် ချင်းလူငယ်များမှာ ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ကိုအိုက်ထွန်းမင်း၊ ကိုထွန်းမင်း၊ ရိက္ခာရပ်ကွက်မှ ကိုထွန်းမင်းနှင့် ကိုအောင်ထွန်းစိုးတို့ ဖြစ်ကြသည်။
ပြီးခဲ့သော မေလ ၂၈ ရက်က ပလက်ဝမြို့ပေါ်ရှိ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တို့တွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အဆိုပါ ချင်းလူငယ်များကို သံသယရှိသဖြင့် ဖမ်းဆီးခဲ့ပြီး ရာဇာသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိအချိန်တွင် အဆိုပါ ချင်းလူငယ် ၄ ဦးကို မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို မသိရှိရသလို မိသား စုဝင်များနှင့်လည်း တွေ့ဆုံခွင့်မရကြောင်း ၎င်းတို့၏မိသားစုဝင်များက ပြောသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ တို့ကို ပုဒ်မ ၅၀၅- ခ ဖြင့် စွဲချက်တင်
အဂတိမှုဖြင့် တရားစွဲခံထားရသော ရခိုင်ဝန်ကြီးဟောင်း ၅ ဦးအမှု ပထမအကြိမ် ရုံးထုတ်
ရခိုင်ဝန်ကြီးချုပ် ဦးညီပုနှင့် ဝန်ကြီး ၄ ဦးကို စစ်တွေထောင်သို့ ပို့