စစ်ကိုင်းတိုင်းမှတဆင့် ချင်းပြည်နယ်အတွင်း ထိုးတက်လာသည့် စစ်ကောင်စီ၏ စစ်ကြောင်းသည် ၎င်းတို့ ချီတက်လာ ရာ ဖလမ်း-ဟားခါး လမ်းမကြီးတလျှောက်ရှိ ဘုရားကျောင်းနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး စစ်ကောင်စီတပ် များကို ကြောက်ရွံ့ခြင်းကြောင့် ရာနှင့်ချီသည့် ဒေသခံများလည်း ထွက်ပြေးနေကြပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီ၏ စစ်ကြောင်းသည် အောက်တိုဘာ ဒုတိယပတ်မှစ၍ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှတဆင့် ချင်းပြည်နယ်အတွင်း ဝင်လာပြီး ဖလမ်းမြို့နယ်အတွင်းသို့ အောက်တိုဘာ ၁၃ ရက်နေ့က ရောက်ရှိလာခြင်း ဖြစ်သည်။
အဆိုပါ စစ်ကြောင်းတွင် သံချပ်ကာကား ၁ စီး နှင့် စစ်ကား အစီး ၄၀ ကျော် ပါဝင်ပြီး ဖလမ်းမှတဆင့် ဟားခါးမြို့နယ် ဘက်သို့ ခရီးဆက်ရာ ဖလမ်း-ဟားခါး လမ်းမကြီးပေါ်ရှိ ဘုရားကျောင်းနှင့် လူနေအိမ်များ မီးရှို့ခံရခြင်း ဖြစ်သည်။
ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (CBC) ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေးနစ်ငွန်ထောင်းမန်က အောက်တိုဘာ ၁၃ ရက် နေ့လယ်ပိုင်းတွင် ဖလမ်းမြို့နှင့် ၈ မိုင်ခန့် ကွာဝေးသည့် ရီရယ်လ်တီးကျေးရွာရှိ နှစ်ခြင်းဘုရားကျောင်း ၁ ကျောင်း နှင့် ရွာအတွင်းရှိ အရပ်သားနေအိမ် အနည်းဆုံး ၆ လုံး ပြာကျသည်အထိ မီးရှို့ဖျက်ဆီးခံလိုက်ရသည်ဟု ဧရာဝတီ ကို ပြောသည်။
အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင်လည်း ရီရယ်လ်တီးကျေးရွာမှ ဆက်လက် ထွက်ခွာလာသည့် စစ်ကောင်စီ၏ စစ်ကြောင်းသည် ထန်ရွန်ကျေးရွာသစ်အတွင်း ဝင်လာပြီး နေအိမ်များကို မီးရှို့ရာ ၂ လုံးမှာ ပြာကျသည်အထိ ပျက်စီး သွားပြီဟု ဆရာတော်က ပြောသည်။
ဆရာတော်သည် ၎င်း၏ အသင်းတော်မှ ဘာသာရေးဆရာများ၊ ဒေသခံ အသင်းသူအသင်းသားများနှင့် ဆက်သွယ် ကာ မီးရှို့ခံရသည့် အခြေအနေကို အတည်ပြုထားခြင်း ဖြစ်သည်။
ဧရာဝတီက သိက္ခာတော်ရ ဆရာတော် ဒေးနစ်ငွန်ထောင်းမန်နှင့် အခြားဒေသခံများထံမှ ရရှိထားသည့် သတင်း အချက်အလက်များအရ အောက်တိုဘာ ၁၃၊ ၁၄ ရက်များတွင် စစ်ကောင်စီတပ်များ ထွက်လာသည့် လမ်းတလျှောက် မီးရှို့ဖျက်ဆီးခဲ့သည်မှာ ဘုရားကျောင်း ၁ ကျောင်းနှင့် လူနေအိမ် အနည်းဆုံး ၁၅ လုံးထက်မနည်း ရှိပြီ ဖြစ်သည်။
သိက္ခာတော်ရ ဆရာတော် ဒေးနစ်ငွန်ထောင်းမန်က “သာသနာ့ကျောင်းလည်း သူတို့က ဘာမှ မရှောင်ဘူး။ လူနေအိမ်၊ သာသနာ့ကျောင်း ဘာမှမရှောင်ဘဲ ရမ်းပြီးလုပ်တဲ့သဘောလို့ ထင်ပါတယ်။ လူတွေလည်း စိတ်တော့ တော်တော်လေး ထိခိုက်တာပေါ့။ ဘာသာ သာသနာကိုလည်း ဘာမှအလေးမထားဘဲနဲ့ ကြိုက်သလို စော်ကားတဲ့သဘော၊ ကြိုက်သလို အထင်သေးတဲ့ သဘောလို့ပဲ လူတွေက ယူဆကြတယ်” ဟု ပြောသည်။
အောက်တိုဘာ ၁၃ ရက်တွင် မီးရှို့ခံရသည့် ရီရယ်လ်တီးကျေးရွာသည် အိမ်ထောင်စု ၁၀ ကျော်နှင့် လူဦးရေ ၄၀ ဝန်း ကျင်သာရှိသည့် ရွာငယ်လေးတရွာ ဖြစ်သည်။
အောက်တိုဘာ ၁၄ ရက်တွင် မီးရှို့ခံရသည့် ထန်ရွန်ကျေးရွာသည်လည်း ရွာငယ်တရွာဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီ ၏ စစ်ကြောင်းများကို ကြောက်ရွံ့ခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေးကြပြီ ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် ချင်းပြည်နယ်အတွင်းရှိ ချင်းတော်လှန်ရေးတပ်များကို စစ်ဆင်ရေးကြီး ပြုလုပ်ပြီး တိုက်ခိုက်ရန် စစ်ကိုင်းတိုင်းမှ ချင်းပြည်နယ်မြောက်ပိုင်းသို့ စစ်ကြောင်းတကြောင်း၊ မကွေးတိုင်းမှတဆင့် ချင်းပြည်နယ်တောင်ပိုင်းသို့ စစ်ကြောင်းတကြောင်း ပြိုင်တူဝင်လာလျက် ရှိသည်။
ချင်းတော်လှန်ရေးတပ်များကလည်း စစ်ကောင်စီ၏ စစ်ကြောင်းများ ဝင်လာသည့် လမ်းတလျှောက်တွင် တိုက်ခိုက်ရန် အသင့်စောင့်ဆိုင်းနေခဲ့ပြီး အောက်တိုဘာ ၁၃ ရက်က ဖလမ်း-ဟားခါးလမ်းအတိုင်း တက်လာသည့် စစ်ကြောင်းကို ကြိုရန် ဟားခါးမှ ဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မြို့အထွက်တွင် ချင်းအမျိုးသားတပ်ဦး (CNF) က ကြားဖြတ် တိုက်ခိုက်ခဲ့သည်။
ထို့နောက် ဖလမ်း-ဟားခါးလမ်းအတိုင်း တက်လာသည့် စစ်ကြောင်းသည် ပတ်ဝန်းကျင် တလျှောက်ကို ပစ်ခတ်ရာ လမ်းမကြီးနံဘေးရှိ တလန်၊ တားလ်၊ လုံလန်း၊ လုံပီး ၊ ရီရယ်လ်တီး စသည့် ရွာများမှ ဒေသခံများမှာ ကြောက်လန့်ပြီး ရွာလုံးကျွတ် ထွက်ပြေးကြသည်။
သိက္ခာတော်ရ ဆရာတော် ဒေးနစ်ငွန်ထောင်းမန်က ဖလမ်း-ဟားခါး လမ်းတလျှောက်တွင် အနည်းဆုံး ရွာ ၅ ရွာမှ ဒေသခံများ ထွက်ပြေးသွားကြပြီ ဖြစ်ပြီး ထွက်ပြေးနေရသည့် လူဦးရေမှာ ၃၀၀ ကျော်ရှိသည်ဟု ဆိုသည်။
စစ်ရေးအခြေအနေ တင်းမာပြီး ဖလမ်း-ဟားခါး လမ်းတလျှောက်တွင် စစ်ကောင်စီ၏ စစ်ကြောင်းများ တပ်ဖြန့်လှုပ် ရှားနေခြင်းကြောင့် ကူညီကယ်ဆယ်ရေးများလည်း သွားလာနိုင်ခြင်း မရှိဘဲ ထွက်ပြေးနေရသည့် ဒေသခံများမှာလည်း နီးစပ်ရာ ကျေးရွာများတွင် ဝင်ရောက် ခိုလှုံနေကြရသည်ဟု သိရသည်။
ဆက်လက်ပြီး ဆရာတော်က “အိမ်မီးရှို့လိုက်၊ ပစ္စည်းဥစ္စာတွေ အိမ်မွေးတိရစ္ဆာန်တွေ ကြိုက်သလို လုပ်လိုက်နဲ့ ကိုယ့် ဘက်က ဘယ်သူ့ဆီကို ပြောရမလဲ ဆိုတာတောင် မရှိတော့ဘူး။ ဒီမှာ မီးရှို့တာကြောင့် မီးသတ်ကားထိတောင် လုပ်ရ မလားလို့။ ဒီအချိန်မှာ လုံခြုံရေး အာမခံချက် မကောင်းတာကြောင့် သွားရေးလာရေး မလုပ်တာ ကောင်းတယ်လို့ ပြော ကြလို့။ ဘယ်သူမှလည်း ကူညီမယ့်သူ မရှိဘူး” ဟု ပြောဆိုသည်။
ချင်းပြည်နယ်တွင်း တရားမျှတမှု မရှိသည့် ဖြစ်ရပ်များနှင့် ရင်ဆိုင်နေရသော်လည်း အကူအညီ တောင်းရမည့်သူ မရှိခြင်း၊ အရပ်သားများအပေါ် ပြစ်မှုကျူးလွန်နေသည့် စစ်ကောင်စီ ကိုယ်တိုင်က ဒိုင်လူကြီး လုပ်နေသည့် အခြေ အနေတွင် ဒေသခံများ ရင်ဆိုင်နေရသည့် ဖြစ်ရပ်များကို ကမ္ဘာသိအောင် နှုတ်အားဖြင့် ပြောဆိုရန်သာ တတ်နိုင်သည် ဟုလည်း ဆရာတော်က ဆိုသည်။
တားလ်ကျေးရွာမှ ဟားခါးမြို့နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံတဦးကလည်း “ကျန်ခဲ့တဲ့ အိမ်တွေ၊ ပစ္စည်းတွေ အားလုံးက ဆုံးပြီ။ ပြန်မရတော့ဘူးလို့ပဲ စိတ်ထဲ တွေးနေမိလို့ အရမ်းဝမ်းနည်းတယ်။ ချင်းတောင်မှာ အိမ် တဆောင် ဘယ်လို ဆောက်ရလဲဆိုတာ ဒီမှာနေဖူးသူတိုင်း သိပါတယ်။ စိတ်ထဲမှာ အရမ်းခံစားနေရတယ်။ ဒါပေမဲ့ အသက်ဘေးက လွတ်ဖို့က အရေးအကြီးဆုံးဖြစ်လို့ ကျနော်တို့ ဘာမှ မတတ်နိုင်ပါဘူး” ဟု ပြောသည်။
CNF ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ၎င်းတို့ အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် လက်တွဲပြီး ချင်းပြည်နယ်အတွင်း စစ်ကောင်စီကို မြို့နယ်အလိုက် တိုက်ခိုက်မည့် လက်နက်ကိုင် တော်လှန်ရေးသမားများ မွေး ထုတ်ရေးတွင် ကူညီနေခြင်းကြောင့် ၎င်းတို့ ဌာနချုပ်ကို ဦးတည်တိုက်ခိုက်ရန် စစ်ကောင်စီက လုပ်ဆောင်နေခြင်း ဖြစ် သည်ဟု ဆိုသည်။
စစ်ကောင်စီသည် မြေပြင်တွင် စစ်ကြောင်းများ ထိုးတက်လာသည့်အပြင် အောက်တိုဘာ ၁၂ ရက်နေ့ကလည်း ဂျက် ဖိုက်တာ ၁ စီးဖြင့် CNF ဌာနချုပ်အနီး ကင်းထောက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။
ဆလိုင်းထက်နီက “ကျနော်တို့ ချင်းပြည်နယ်မြောက်ပိုင်းဖြစ်တဲ့ CNF ဗဟိုဌာနချုပ်ခွင်၊ ထန်တလန်၊ ဖလမ်း၊ ဟားခါး အဲဒီ နေရာတွေက စစ်ရှိန် မြင့်လာနိုင်တယ်လို့ သုံးသပ်တယ်။ အဲဒီအတွက် ကျနော်တို့ ဘက်ကလည်း အတတ်နိုင်ဆုံး ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ ကျနော်တို့ ချင်းတပ်မတော်နဲ့ ဒေသကာကွယ်ရေး တပ်တွေဖြစ်တဲ့ CDF တွေရယ် ပူးပေါင်းပြီးတော့ ပြန်လည်ခုခံဖို့ အတတ်နိုင်ဆုံး ပြင်ဆင်ထားပြီး ဖြစ်ပါတယ်” ဟု ဆိုသည်။
စစ်ရေးပဋိပက္ခ ဖြစ်လာပါက တိုက်ပွဲဖြစ်သည့် နေရာရှိ အရပ်သားများသည်လည်း ထွက်ပြေးရမည်ဖြစ်ပြီး အရပ်သား များ ထွက်ပြေးနိုင်ရေး၊ ချင်းပြည်နယ်၏ တဖက်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ နယ်စပ်တွင်း ဝင်ရောက် ခိုလှုံနိုင်ရေးတို့ကို လည်း CNF ဘက်မှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းများနှင့် ညှိနှိုင်းခြင်း များ ပြုလုပ်ထားကြောင်းလည်း ၎င်းက ပြောဆိုသည်။
ချင်းပြည်နယ်တွင်း စစ်ကောင်စီ၏ အင်အားအသစ်များ တိုးချဲ့ခြင်း၊ စစ်ကြောင်းတက်လာသည့် ဖလမ်း-ဟားခါး လမ်း တလျှောက်၌ ဘုရားကျောင်းနှင့် အရပ်သား နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိသလို ဧရာဝတီက စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်သော် လည်း ဆက်သွယ်၍ မရပါ။
စက်တင်ဘာလ အတွင်းကလည်း ထန်တလန်မြို့နယ်ရှိ စစ်ကောင်စီ၏ လုံလဲရ်တပ်စခန်းကို CNF နှင့် ချင်းတော် လှန်ရေးတပ်များ ပူးပေါင်း သိမ်းဆည်းခဲ့ပြီး ထန်တလန်မြို့တွင်း၌လည်း တိုက်ပွဲများဖြစ်ရာ စစ်ကောင်စီဘက်က အရပ်သားများ၏ နေအိမ်များကို ပစ်မှတ်ထား၍ လက်နက်ကြီး ကျည်များဖြင့် ပစ်ခတ်ခဲ့သည်။
စစ်ကောင်စီ၏ လက်နက်ကြီး ကျည်များဖြင့် ပစ်ခတ်ခံရခြင်းကြောင့် စက်တင်ဘာ ၁၈ ရက်တွင် ထန်တလန် မြို့တွင်း မှ နေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး မီးငြှိမ်းသတ်ရန် မြို့တွင်း၌ ဆိုင်ကယ်စီးလာသည့် ထန်တလန် နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ သင်းအုပ်ဆရာ ပါစတာကျုံးဗျက်ဟုမ်းကိုလည်း စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
ထိုသို့ ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အပြင် ပါစတာကျုံးဗျက်ဟုမ်း၏ အလောင်းမှ လက်သူကြွယ်ကို ဖြတ်တောက်ပြီး လက်ထပ်လက်စွပ်ကို ချွတ်ယူခြင်း၊ ဖုန်းနှင့် ငွေကြေးများ ယူဆောင်းခြင်းတို့ကိုလည်း ပြုလုပ်ခဲ့သည်။
ယင်း အဖြစ်အပျက်များနှင့် ပတ်သက်၍ လူနေအိမ်များကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ စစ်ရေး ပဋိပက္ခ ဖြစ်နေချိန်တွင် ခရစ်ယာန် ဘုရားကျောင်းများအတွင်း ဝင်ရောက် စခန်းချ၍ ကျမ်းစာများနှင့် ဘာသာရေး အသုံးအဆောင် ပစ္စည်းများကို ဖျက်ဆီးခြင်းများ ပြုလုပ်နေကြောင်း CBC က စက်တင်ဘာ ၁၉ ရက်တွင် သဘောထား ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့သည်။
သို့သော် စစ်ကောင်စီဘက်က မြေပြင်၌ စစ်ဆေးရာတွင် ၎င်းတို့ တပ်များဘက်မှ ထိုသို့ လုပ်ဆောင်ခြင်း မရှိ ကြောင်း ငြင်းဆိုကာ CBC ၏ ထုတ်ပြန်ချက်သည် မသက်ဆိုင်သော ဘာသာရေး ကိစ္စရပ်များကို မီးမောင်းထိုး ပြောဆို သည်ဟုလည်း တုန့်ပြန်ခဲ့သည်။
You may also like these stories:
တနေရာတည်းမှာ ဖိတိုက်တာမျိုး မဖြစ်အောင် အားလုံးမှာ တာဝန်ရှိတယ်