လက်ရှိ အချိန်သည် ခရီးသွားရာသီ ရောက်ပြီဖြစ်သော်လည်း ကျွမ်းကျင်လုပ်သား ရှားပါးခြင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် လုံခြုံရေးပိုင်းဆိုင်ရာ အခြေအနေများကြောင့် ခရီးသွားလုပ်ငန်းများ ပြန်စရန် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ထို့အတွက် ပြည်တွင်းခရီးစဉ်များ စတင်ရန် ခရီးသွားလုပ်ငန်းတချို့က ပြင်ဆင်နေမှုများ ရှိနေသော်လည်း တချို့ကမူ နိုင်ငံရေး အခြေအနေကို စောင့်ကြည့်ပြီး ရပ်တန့်ထားရဆဲ အနေ အထား ဖြစ်နေသည်။
ပြည်တွင်း ခရီးသွားလုပ်ငန်းရှင် အမျိုးသမီးတဦးက “ကမ်းခြေက ဟိုတယ်တွေကတော့ အခု ပြန်လုပ်လာကြတယ်။ ဒါပေမဲ့ အန္တရာယ်က အရမ်းများတယ်။ ရောဂါအခြေအနေကြောင့်ရော၊ နိုင်ငံရေးအခြေအနေကြောင့်ရော ဖြစ်နေတာ ဆိုတော့ ကျမတို့ အေးဂျင့်တွေ အနေနဲ့လည်း ရောင်းလိုက်ပေမယ့် ခရီးစဉ်ကို တာဝန်ယူပေးလို့ မရဘူး။ ကိုဗစ်ကူးမှာလား၊ ကားဗုံး ပေါက်တာတို့ နောက်ပြီး တခြားသော မလိုလားအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ အဲဒီလိုမျိုးတွေ ဖြစ်မလား ဆိုတာ ရှိတော့ ပြန်စနိုင်ဖို့ကတော့ ခဲယဉ်းပါတယ်။ ခရီးသွားပြန်စဖို့ နောက်နှစ်လောက်မှ ဖြစ်နိုင်မယ်လို့ ထင်တယ်” ဟု လက်ရှိ ခရီးသွား လုပ်ငန်းအခြေအနေနှင့် ပတ်သက်၍ ဧရာဝတီကို ပြောသည်။
ထို့ပြင် အာဏာသိမ်းပြီးနောက်ပိုင်း ခရီးသွားကဏ္ဍမှ လုပ်သားများ ပြည်ပထွက်ခွာသွားခြင်း၊ လုပ်ငန်းများ ပြောင်းလဲလုပ် ကိုင်လာခြင်း များကြောင့်လည်း ကျွမ်းကျင်ဝန်ထမ်း ရှားပါးပြီး လုပ်ငန်းများ ပြန်စနိုင်မည့်ကာလ ရောက်လာမည် ဆိုလျှင်ပင် အခက်အခဲများနှင့် ထပ်မံကြုံတွေ့ရနိုင်ဖွယ် ရှိနေသည်ဟူသော သုံးသပ် ပြောဆိုမှုများလည်း ရှိသည်။
အထက်ပါ လုပ်ငန်းရှင်က “ကျမတို့ ကလေးတွေဆိုရင် ဒူဘိုင်းတို့ ဘာတို့မှာ အလုပ်သွားလုပ်ကြပြီ။ အဲဒီတော့ ပြည် တွင်း မှာ ကျွမ်းကျင်လုပ်သား ရှားသွားတယ်။ ကျွမ်းကျင်ဖို့အတွက် သင်တန်းတွေ ပြန်ပေးရမယ်။ အချိန်တခု ပြန်ယူရတော့မှာ။ မန်နေဂျာအဆင့်ထိဆို ခန့်ဖို့ မဖြစ်နိုင်တော့ဘူး။ အချိန်ကုန်၊ ငွေကုန်မယ်။ အဲဒီလိုမျိုး ဆိုးကျိုးတွေကတော့ အများကြီးပဲ။ ဘုရားပုထိုးတွေမှာ ဈေးရောင်းတဲ့ သူတွေကအစ ဟိုတယ်တွေ၊ လေကြောင်းလိုင်းတွေအထိ ရိုက်ခတ်သွားတာ” ဟု ပြောသည်။
အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ဥရောပနိုင်ငံများ၊ အင်္ဂလန်၊ အမေရိကန်၊ နော် ဝေ၊ ဂျာမနီ စသည့် နိုင်ငံကြီးများက မြန်မာနိုင်ငံသို့ လာရောက်ရန် မျှော်လင့်စရာ မရှိတော့သဖြင့် ၎င်းတို့အား မှီခိုနေရ သည့် ခရီးသွားအေးဂျင့်များ၊ စကားပြန်များ အနေဖြင့် ရပ်တည်ရန် မလွယ်ကူသောကြောင့် လုပ်ငန်းဖျက်သိမ်းသွားသူများ လည်း များလာသည်ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်ကလည်း “ခရီးသွားလုပ်ငန်းကတော့ နည်းနည်း သက်သာသွားရင် သွားလိုက်၊ အဆင်မပြေတဲ့ အခါမျိုး ရောဂါ ပြန့်ပွားမှု များလာရင် ရပ်လိုက်၊ ဒီလိုပုံစံမျိုးနဲ့ပဲ သွားနေမှာ ပါ။ နိုင်ငံရေးနဲ့ ပတ်သက်လာရင်တော့ တချို့နိုင်ငံတွေက မသွားဖို့၊ မလာဖို့အတွက် ထုတ်ပြန်တာတွေ ရှိတယ်။ သက်ဆိုင် ရာ အဖွဲ့တွေက ထုတ်ပြန်တာတွေ ရှိတယ်။ နည်းနည်း မတည်ငြိမ်တာတွေ ရှိတယ်။ ဒါကြောင့် တချို့နေရာတွေ ခရီးသွား လာတာတွေတော့ ရပ်သွားပါလိမ့်မယ်” ဟု ဧရာဝတီကို ပြောသည်။
ပြည်တွင်း ခရီးသွားလုပ်ငန်းများ အနေဖြင့် ပုဂံ၊ မန္တလေး၊ ချောင်းသာ၊ ငွေဆောင် စသည့် နေရာများသို့ ခရီးစဉ်များ ရောင်း ချရန် ပြင်ဆင်နေကြသော်လည်း နယ်မြေတည်ငြိမ်မှု မရှိသည့် ကလေး၊ ဂန့်ဂေါ၊ ချင်း၊ စစ်ကိုင်း စသည့် နေရာများသို့ သွား မည့် ခရီးသွားများက ရပ်တန့်သွားပြီ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
လက်ရှိတွင် စစ်ကောင်စီနှင့် တိုက်ပွဲများ ပြင်းထန်နေသည့် ချင်း၊ စစ်ကိုင်း၊ မကွေးနှင့် ကယားပြည်နယ်မှ ဒေသ ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အသီးသီးကလည်း ပြည်သူများ ထိခိုက်မှု မရှိစေရေးအတွက် ယခုကာလအတွင်း ခရီးသွားလာ ခြင်း မပြုရန် သတိပေး ထုတ်ပြန်ထားကြသည်။
မြန်မာ့ခရီးသွားကဏ္ဍသည် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် ပိတ်ထားရသည်မှာ ၂ နှစ်ဝန်းကျင် ရှိလာပြီ ဖြစ် သည့်အပြင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာ၏ စီးပွားရေးအရ ပိတ်ဆို့မှု များ၊ လုံခြုံမှု မရှိသည့် မြန်မာနိုင်ငံသို့ ၎င်းတို့၏ နိုင်ငံသားများအား သွားရောက်ခြင်းကို တားမြစ်ထားခြင်းများနှင့် ဒေသတွင်း မတည်ငြိမ်မှုများကြောင့် လုပ်ငန်းများ ပြန်လည်နာလန်ထူရန် လမ်းစပျောက်နေပြီ ဖြစ်သည်။
လက်ရှိ အချိန်တွင် ခရီးသွားလုပ်ငန်းရှင်များ အနေဖြင့် လုပ်ငန်း ပြန်လည်စတင်ချိန်တွင် လည်ပတ်နိုင်ရေးအတွက်သာ ဝန်ထမ်း အနည်းငယ် ဆက်လက် ခန့်ထားနေသော်လည်း လုပ်ငန်းအများစုမှာ ရပ်တန့်နေကြောင်း သိရသည်။
You may also like these stories:
စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေး ရေစုန်မြောနေပြီ
ရွှေလီမြို့ရှိ မြန်မာနိုင်ငံသားပိုင်ဆိုင်များ တရားဝင်လိုင်စင် လျှောက်ထားရမည်
မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းများ မနက်ဖြန် ပြန်ဖွင့်မည်