မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော အခြေအနေများကြောင့် နေပြည်တော်ရှိ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Kempinski Hotel (နေပြည်တော်)ကို အောက်တိုဘာလ ၁၃ ရက်မှ စတင်၍ ဟိုတယ်လုပ်ငန်း ရပ်နားလိုက်ပြီ ဖြစ်ကြောင်း ဧည့်သည်များအား အသိပေး ထုတ်ပြန်ထားသည်။
ယင်းထုတ်ပြန်ချက်တွင် လက်ရှိ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ အခြေအနေများနှင့် မမျှော်မှန်းနိုင်သော အနာဂတ်အတွက် ဟိုတယ်၏ လုပ်ငန်းများကို ရပ်ဆိုင်းရန် ခက်ခဲသောဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ နေပြည်တော် Kempinski ဟိုတယ်တွင် ဧည့်သည်များအား ဧည့်ဝတ်ကျေမှုနှင့် အဆင့်အတန်း မြင့်မားစေရန် ကြိုးစားလုပ်ဆောင်ခဲ့သော် လည်း လက်ရှိ လည်ပတ်နေသော ပတ်ဝန်းကျင်သည် ဆက်လက်လုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း ဟူ၍ ဖော်ပြထားသည်။
ထို့ကြောင့် အောက်တိုဘာ ၁၃ ရက်နေ့မှ စတင်ပြီး ဧည့်သည်များအား တည်းခိုခြင်း၊ ဖျော်ဖြေရေးအတွက် ဧည့်ခံခြင်း စသည့် ဟိုတယ်မှ ဝန်ဆောင်မှု ပေးနေသော လုပ်ငန်းများအားလုံးကို ကြိုတင်မှာယူ၍ ရရှိတော့မည် မဟုတ်ကြောင်း သိရ သည်။
Kempinski နေပြည်တော် ဟိုတယ် ဝန်ထမ်းတဦးက “Kempinski အနေနဲ့က ဒီတိုင်း လုပ်ဆောင်နေတဲ့ဟာတွေကို ယာယီ ရပ်လိုက်တာပေါ့နော်။ နောက်ပိုင်း ဟိုတယ်ကြီးကို ဘယ်လို ဆက်လုပ်သွားမလဲ ဆိုတာတော့ လောလောဆယ် မသိရသေးဘူး။ ဝန်ထမ်းဦးရေကတော့ ၁၀၀ ကျော်လောက် ရှိတယ်” ဟု ဧရာဝတီကို ပြောသည်။
ဧည့်သည်များ အနေဖြင့် Kempinski ဟိုတယ်များတွင် တည်းခိုရန် ရွေးချယ်ခဲ့ခြင်းအတွက် ကျေးဇူးတင်ပါကြောင်းနှင့် မမျှော်လင့်ဘဲ ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုများကြောင့် အနှောင့်အယှက် ဖြစ်ပေါ်ခဲ့ပါက တောင်းပန်ပါကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်တွင်း ဟိုတယ်လုပ်ငန်းရှင် တဦးက “ရန်ကုန်မှာကတော့ စီဒိုးနားတို့၊ ရှန်ဂရီလာတို့ကတော့ တရားဝင် ပိတ်သွားတာပဲ။ ရှန်ဂရီလာ ဟိုတယ်ဆိုရင် သူတို့ စပြီးတော့ သတင်းထုတ်ပြန်တော့ အခု ၉ လ ပိုင်းလောက် ပြန်ဖွင့်မယ် ပြောတာပဲလေ။ အခုချိန်ထိ ဖွင့်မယ် မကြားသေးဘူး။ လုပ်ငန်းရှင် ဆိုတာကတော့ မြတ်ချင်လို့ လုပ်ကြတာဆိုတော့ အရှုံးနဲ့ ရင်ဆိုင်ရပြီဆို ရင် ၆ လလား၊ ၁ နှစ်လား၊ ၂ နှစ်လားပေါ့။ ဒါကို မူတည်ပြီးတော့ သူ့ဘတ်ဂျက်အရ ပိတ်သိမ်းကြတာပေါ့။ စီးပွားရေး ကတော့ လက်ရှိအနေနဲ့က မကောင်းသေးတာ အမှန်ပါပဲ” ဟု သုံးသပ်ပြောဆိုသည်။
လက်ရှိ ရန်ကုန်မြို့ရှိ ဟိုတယ်အများစုသည် အရှုံးနှင့် ရင်ဆိုင်နေရကြောင်း၊ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ဟိုတယ်များ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ဝန်ထမ်းများအား သင်တန်းပေးနေပြီး ပြန်ဖွင့်ရန် အရှိန်ယူနေကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေအရ ယခုအချိန်တွင် လုပ်ငန်းအားလုံးမှာ ဝင်ငွေ အပါအဝင် အရာအားလုံး၌ ဆုံးရှုံးမှုများ ရှိနေမည် ဖြစ်ကြောင်း၊ ဟိုတယ်လုပ်ငန်း ဆိုသည်မှာ အရင်းအနှီးများစွာနှင့် တည်ငြိမ်စွာ လုပ် ကိုင်ရသည့် စီးပွားရေးတခု ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရိုက်ခတ်မှု အပါအဝင် မြန်မာနိုင်ငံ၏ အပြောင်းအလဲများကြောင့် လည်း ရေရှည်လုပ်ကိုင်မည့်သူ ရှိသလို နောက်ဆုတ်သွားမည့်သူလည်း ဆုတ်သွားနိုင်သည့် အခြေအနေဖြစ်ကြောင်း ပြော ဆိုသည်။
ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် နာမည်ကြီး ဟိုတယ်လုပ်ငန်းစု ဖြစ်သည့် Kempinski အုပ်စုက နေပြည်တော် Kempinski ဟိုတယ်ကို ၂၀၁၄ ခုနှစ် သြဂုတ်လတွင် စတင်ဖွင့်လှစ်ခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများ အပါအဝင် ဆက်စပ်လုပ်ငန်း များအတွက် အမေရိကန်ဒေါ်လာ ၄၅ သန်း ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ အဆိုပါ ဟိုတယ်သည် Kempinski အုပ်စု၏ မြန်မာနိုင်ငံတွင် ပထမဆုံး ဖွင့်လှစ်ခဲ့သည့် ဟိုတယ်ဖြစ်ပြီး ကမ္ဘောဇ (KBZ) အုပ်စု၊ Jewellery Luck ကုမ္ပဏီများနှင့် ပူးပေါင်းပြီး ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် Kempinski အုပ်စုက Kempinski Hotel (ရန်ကုန်) ကို ရန်ကုန်မြို့၊ ကမ်းနားလမ်းပေါ်ရှိ တရားရုံးချုပ်ဟောင်းနေရာ တွင် ၂၀၁၅ ခုနှစ်က ဖွင့်လှစ်ရန် စီစဉ်ခဲ့သော်လည်း Rosewood Hotels & Resorts က လွှဲပြောင်း ရယူခဲ့သည်။
၁၈၉၇ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော Kempinski ဟိုတယ်အုပ်စုသည် ဥရောပ၏ သက်တမ်းအရှည်ကြာဆုံး ဟိုတယ် တခုဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာတွင် ရုံးချုပ် ရှိသည်။
လက်ရှိ နေပြည်တော်တွင် တည်ဆောက်ထားသည့် ဟိုတယ် အလုံးပေါင်း ၆၀ ကျော် ရှိသည့်အနက် နာမည်ကြီး ဟိုတယ် လုပ်ငန်းစုများ ဖြစ်သော ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Kempinski Group၊ စင်ကာပူအခြေစိုက် Park Royal၊ အမေရိကန်မှ Hilton နှင့် ပြင်သစ်နိုင်ငံမှ Accor Group တို့က အဆင့်မြင့်ဟိုတယ်များ ဖွင့်လှစ်ထားကြသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စစ်အာဏာသိမ်းပြီးနောက် ပြန်လည် ထွက်ခွာသွားခြင်းနှင့် ပတ်သက်၍ ပြည်တွင်း စီးပွားရေး ပညာရှင်တဦးက နိုင်ငံ၏ စီးပွားရေး ဆိုသည်မှာ လမ်းကြောင်းမှန်ပေါ် သွားနေမှသာ တိုးတက်မှု ရှိမည်ဖြစ်ပြီး လမ်းကြောင်း မှန် ဟူသည်မှာလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် လွတ်လပ်ခွင့်၊ လုပ်ထုံးလုပ်နည်းများ၊ လူ့အခွင့်အရေးများ အပေါ် များစွာမူတည်နေရာ ယင်းအချက်များ လွဲချော်နေပါက နိုင်ငံ့စီးပွားရေး တိုးတက်ရန်လမ်းစ ပျောက်ဆုံးလာခြင်းသာ ဖြစ်ကြောင်း သုံးသပ်ပြောဆိုထားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဩစတေးလျ၊ ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အမေရိကန်၊ ဂျာမနီ၊ ဟောင်ကောင်၊ နော်ဝေ၊ ပြင်သစ် နိုင်ငံများနှင့် ထိုင်ဝမ်အခြေစိုက် ကုမ္ပဏီများ ဖြစ်သော Woodside၊ KOI Bubble Tea Shop၊ Auntie Anne’s၊ Bridgestone၊ Metro နှင့် Petronas တို့ ရပ်ဆိုင်း ပိတ်သိမ်းခဲ့ပြီး AEON၊ Amata Corporation၊ Electricite de France၊ Hong Kong and Shanghai Hotels၊ Sembcorp နှင့် Toyota ကားကုမ္ပဏီ တို့လည်း ရပ်နားထားကြောင်း ISP-Myanmar က ထုတ်ပြန်ထားသည်။
ထို့ပြင် နော်ဝေနိုင်ငံ အခြေစိုက် Telenor ကုမ္ပဏီနှင့် ဩစတေးလျနိုင်ငံ အခြေစိုက် Myanmar Metals တို့က အစုရှယ် ယာများကို ရောင်းချထားပြီး ဂျပန်နိုင်ငံ Kirin Holdings ကုမ္ပဏီနှင့် စင်ကာပူနိုင်ငံမှ Virginia Tobacco Company Limited (VTCL)ကုမ္ပဏီတို့က မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်နှင့် လက်တွဲဖြုတ်ထားကြောင်း သိရသည်။
You may also like these stories:
ဗြိတိသျှအခြေစိုက် စီးကရက်ကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာ
ဘဏ်အပ်ငွေများကို ပြန်ထုတ်၍ အိမ်၊ ခြံ၊ မြေ၌ ရင်းနှီးမြှုပ်နှံသူ များလာ
Vpower ၏ LNG လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများ တွက်ချေမကိုက်၍ ရပ်နားထားရ