ချင်းပြည်နယ်၊ ပလက်ဝ မြို့ပေါ်ရပ်ကွက်များတွင် စစ်ဘေးဒုက္ခသည်အဖြစ် ခိုလှုံနေသော ကျေးရွာသားများအား စစ်ကောင်စီ က နေအိမ်ဆောက်လုပ် ပြုပြင်ရန်ဟုဆိုကာ ငွေကြေးအနည်းငယ် ထောက်ပံ့ပေးပြီး အိမ်ပြန်ခိုင်းနေကြောင်းသိရသည်။
အောက်တိုဘာ ၁၂ ရက်နေ့က ပလက်ဝ ရှေ့တန်းနယ်မြေတွင် တပ်စွဲနေသည့် တပ်မ ၁၁ မှ တပ်မမှူးကိုယ်တိုင် လာရောက်ပြီး စစ်ရှောင်ရွာသားများနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု စစ်ဘေးရှောင် ကျေးရွာသားတဦးက ပြောသည်။
၎င်းက “ကျနော်တို့ကို ငွေပေးတဲ့နေ့က တပ်မ ၁၁ က တပ်မမှူး လာတယ်။ အိမ်ဆောက်ဖို့ ပိုက်ဆံတွေ ပေးမယ်။ အိမ် ပြန်လို့ ရပြီပေါ့။ ကျနော်တို့က ဟိုရောက်သွားရင် စားသောက်ဖို့ ရိက္ခာ ၃ လစာပဲဖြစ်ဖြစ်၊ ၅ လစာပဲဖြစ်ဖြစ် ထောက်ပံ့ပေးစေချင်တယ် လို့့ တင်ပြကြတယ်။ သူတို့ကတော့ အရင်လို ပြောတဲ့အတိုင်းပဲ အထက်ကို တင်ပြပေးမယ်ဆိုပြီး ပြောတယ်။ ဘာမှ တိတိကျကျ တာဝန်ယူတဲ့ စကားမပြောဘူး” ဟု ဧရာဝတီကို ပြောသည်။
စစ်ကောင်စီက စစ်ရှောင်များအတွက် ထိုသို့ ထောက်ပံ့ငွေပေးရာတွင် နေအိမ်များ ပြန်လည် တည်ဆောက်ရန်အတွက်ဟု ဆိုကာ နေအိမ်တလုံး ပြုပြင်စရိတ်အဖြစ် ၃၈၆,၀၀၀ ကျပ်၊ နေအိမ်တလုံး အသစ် ပြန်လည်ဆောက်လုပ်ရန် စရိတ်အဖြစ် ၅၈၆,၀၀၀ ကျပ်နှုန်းဖြင့်သာ ထောက်ပံ့ပေးခဲ့ကြောင်း စစ်ရှောင်ကျေးရွာသားများက ဆိုသည်။
အမည်မဖော်လိုသည့် ချင်းတိုင်းရင်းသား စစ်ရှောင်တဦးကလည်း “ကျနော်တို့ကို အခုပေးတာက ဝါးအိမ်ဆောက်ဖို့ အတွက် ပေးတာ။ အိမ်တလုံး အသစ်ဆောက်ဖို့ ငွေ ၅ သိန်းကျော်ပေါ့။ လောက်လောက် မလောက်လောက် အဲဒီလောက် ပဲ ပေးတာပဲ။ အခုက ကျနော်တို့ စစ်ရှောင်တွေကလည်း တယောက်တပေါက် ဖြစ်နေတယ်။ ပြန်ချင်တဲ့လူလည်း ရှိတယ်။ မိုင်းအန္တရာယ် ကြောက်လို့ မပြန်ရဲတဲ့လူလည်း ရှိတယ်။ ရွာရောက်ရင် ဟိုမသွားရ၊ ဒီမလာရဆိုရင် ကျနော်တို့ ဒုက္ခပိုရောက် နိုင်မယ်။ တပ်ကို တင်ပြရင်လည်း ထူးမယ့်ပုံ မပေါ်ဘူး။ ရိက္ခာထောက်ပံ့မယ့် ဟာကိုတောင် တာဝန်မယူတာ။ နောက်ပိုင်း ဖြစ်လာမယ့် ကိစ္စဆို ပိုဆိုးတာပေါ့” ဟု ပြောဆိုသည်။
စစ်ကောင်စီက စစ်ရှောင်များအား ငွေကြေးထောက်ပံ့ပေးရာတွင်လည်း အိမ်ထောင်စုတိုင်းကို ပေးခြင်းမဟုတ်ဘဲ နေ အိမ်တချို့ ပျက်ဆီးသည့် အိမ်ထောင်စုနှင့် နေအိမ် လုံးဝပျက်စီးသည့် အိမ်ထောင်စုများကိုသာ ဓာတ်ပုံမှတ်တမ်းနှင့်တကွ တင်ပြပြီးမှ ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ပလက်ဝမြို့ပေါ် အရပ်ဖက် အဖွဲ့အစည်းတခုမှ စစ်ရှောင်အရေး ကူညီပေးနေသူ ဦးဇာနီက “ပိုက်ဆံက အိမ်ထောင်စုတိုင်း ကို ထုတ်ပေးတာတော့ မဟုတ်ဘူး။
ခေါင်းစဉ် ၂ ခုနဲ့ ပေးတာ။ ပိုက်ဆံ ထုတ်ပေးနေတုန်းပဲ ရှိသေးတယ်။ ဘယ်နေ့ ပြန်မလဲ ဆိုတာက အထက်က လူကြီးတွေပဲ သိမယ်” ဟု ပြောသည်။
ပလက်ဝမြို့ပေါ်တွင် စစ်ရှောင်စခန်းပေါင်း ၁၃ ခုရှိပြီး လူဦးရေ ၆,၀၀၀ နီးပါးရှိကာ မြေမြုပ်မိုင်း အန္တရာယ် အပါအဝင် လမ်း ပန်းဆက်သွယ်ရေး ပိတ်ဆို့ ကန့်သတ်ထားသည့် အခြေအနေများကြောင့် နေရပ်ပြန်ရန် စိုးရိမ်မှုများ ရှိနေသည်ဟုလည်း စစ်ရှောင်များက ပြောသည်။
ပလက်ဝ မြို့နယ်အတွင်းရှိ အရပ်ဖက် လူမှုအဖွဲ့အစည်းတခုမှ ဒေသခံတဦးက စစ်ကောင်စီက စစ်ရှောင်ကျေးရွာသား များအား နေရပ်ပြန်ခိုင်းခြင်းမှာ သံသယဖြစ်စရာ ကောင်းကြောင်း၊ စစ်တပ်က နာမည်ကောင်း လိုချင်သဖြင့် လုပ်ဆောင် ခြင်း ဖြစ်နိုင်သလို စစ်တပ်က ကျေးရွာအနီးတွင် တပ်စွဲနေထိုုင်ရန် ရွာသားများကို တောင်ပေါ် ပြန်တင်ခြင်းမျိုးလည်း ဖြစ် နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။
ပလက်ဝမြို့နယ် ဆမီးမြို့ စစ်ရှောင်စခန်းတာဝန်ခံ ဦးပြည့်ဆုကမူ လက်ရှိအချိန်အထိ မြို့ပေါ်တွင် ရှိသော စစ်ရှောင်ကျေး ရွာသားများအား နေရပ်ပြန်ရန် ပြောဆိုခြင်းများ မရှိသေးသလို ငွေကြေးထောက်ပံ့ခြင်းလည်း မရှိသေးဟု ဆိုသည်။
ဆမီးမြို့ပေါ်တွင် လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးရှောင် ဒုက္ခသည်များအဖြစ် ခိုလှုံနေရသည့် စစ်ဘေးရှောင်ဦးရေ ၅,၀၀၀ ကျော် ရှိကြောင်း သိရသည်။
ထို့ပြင် ပလက်ဝ မြို့နယ် ဆီးပလောင်းကျေးရွာ စစ်ရှောင်စခန်း၊ တိန်းလက်ဝကျေးရွာ စစ်ရှောင်စခန်း၊ စိမ်းစင်းကျေးရွာ စစ်ရှောင်စခန်း၊ င/ပွီကျေးရွာ စစ်ရှောင်စခန်း၊ ကင်းဝကျေးရွာများတွင် ခိုလှုံနေရသော ဒေသခံ ကျေးရွာသားများမှာလည်း လက်ရှိ အချိန်အထိ နေရပ် မပြန်နိုင်သေးသည့်အတွက် ပလက်ဝ မြို့နယ်အတွင်း စစ်ရှောင်ဦးရေ ၂၀၀၀၀ ကျော် အထိ ရှိနေသေးကြောင်း သိရသည်။
လက်ရှိ အချိန်တွင် ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီက အင်တာနက်လိုင်းများ ဖြတ်တောက်ထားပြီး ရေလမ်း၊ ကုန်း လမ်းများကိုလည်း ကန့်သတ် ပိတ်ဆို့ထားသည့်အတွက် ရိက္ခာ သယ်ယူရေးတွင် အခက်အခဲ ကြုံတွေ့နေရကြောင်း ပလက် ဝဒေသခံများက ပြောသည်။
You may also like these stories :
တနေရာတည်းမှာ ဖိတိုက်တာမျိုး မဖြစ်အောင် အားလုံးမှာ တာဝန်ရှိတယ်
ဖလမ်းတွင် စစ်ကောင်စီတပ်က ဘုရားကျောင်းနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီး
တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့ အကြမ်းဖက်မှုများကို ပံ့ပိုးနေဟု စစ်ကောင်စီ မီဒီယာစွပ်စွဲ