အာဏာသိမ်းစစ်ကောင်စီက ဦးစီးပြီး နေပြည်တော်တွင် ကျင်းပသည့် တနိုင်ငံလုံးအပစ်ရပ် စာချုပ် (NCA) ချုပ်ဆို မှု ၆ နှစ်ပြည့်ပွဲသို့ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ ကိုယ်စားပြု တက်ရောက်ခဲ့ခြင်း မရှိကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။
CNF သည် စစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းသည့် ပထမဆုံးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး KNU လက်အောက်ခံတပ်မဟာအချို့သည်လည်း NUG နှင့် ပူးပေါင်းဆောင်ရွက်မှုအချို့ရှိသည်။
CNF ၏ ဒုတိယဥက္ကဌလည်းဖြစ်၊ NUG ၏ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးလည်း ဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းက အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုနိုင်သဖြင့် NCA ၆ နှစ်ပြည့်ပွဲသို့ CNF က မတက်ရောက်ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။
“NCA စာချုပ်ဆိုတာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေနဲ့ ပြည်ထောင်စုအစိုးရကြားမှာ ချုပ်ဆိုတဲ့ စာချုပ်ဖြစ်တယ်။ တပ်မတော်နဲ့ ချုပ်တဲ့ စာချုပ်မဟုတ်ဘူး။ တကယ်လို့သာ ပြည်သူလူထုက ရွေးကောက်တင် မြှောက်ထားတဲ့ အစိုးရက ကျင်းပတဲ့ ပွဲဆိုရင် ကျနော်တို့ တက်မှာဖြစ်တယ်။ ဒါပေမယ့် NCA လမ်းကြောင်းဟာ စစ်ကောင်စီအာဏာသိမ်းလိုက်ပြီးနာက်မှာ အဓိပ္ပာယ်မရှိတဲ့ ပွဲဖြစ်နေပါပြီလို့ ကျနော်တို့ သုံးသပ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ မတက်ဘူး” ဟု ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက အပစ်ရပ်လက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များအနေနှင့်လည်း NCA လမ်းကြောင်းအတိုင်း တွေ့ဆုံဆွေးနွေးနိုင်မည်ဆိုသည့် အခြေအနေအတွက် စိတ်ကူးယဉ်မနေသင့်ကြောင်း ပြောသည်။
“ကျနော့်ရဲ့ မိတ်ဆွေဟောင်းများဖြစ်တဲ့ PPST(ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့) ခေါင်းဆောင်ဟောင်းကြီးများကလည်း ရှင်းရှင်းလင်းလင်းမြင်သင့်တယ်။ မင်းအောင်လှိုင်လို အိပ်မက်ထဲမှာ မနေစေချင်ဘူး။ အမှန်တရားအပေါ်မှာ နိုးထပြီးတော့မှ ယနေ့တိုင်းပြည်ရဲ့ ပကတိ အခြေအနေကိုလည်း ကြည့်ပါ။ ပြည်သူလူထုတရပ်လုံးရဲ့ ဆန္ဒကိုလည်း လေးစားပါ။ လူထုနဲ့မပေါင်းဘဲနဲ့ လူထုရဲ့ ဆန္ဒကို မလိုက်လျောဘဲနဲ့ အဲဒီနိုင်ငံရေးဆွေးနွေးပွဲတွေကို စိတ်ကူးယဉ်နေတာက သမိုင်းထဲမှာ အမှားလုပ်နေတာဖြစ်တယ်။ သမိုင်းရဲ့ဒဏ်ခတ်မှုကို ကြီးအကျယ်ခံရလိမ့်မယ်။ အချိန်မနှောင်းသေးဘူး” ဟု ၎င်းက ဆိုသည်။
KNU ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး (၂) ဖြစ်သူ ပဒိုစောလှထွန်းကလည်း ဆွေးနွေးပွဲတက်ရန် KNU တွင် အချိန်နှင့် နေရာစီစဉ်ရန် အခက်အခဲရှိနေသဖြင့် ဆွေးနွေးပွဲမတက်ရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ခေါင်းဆောင်တွေလည်း သူ့နေရာနဲ့ အချိန် စီစဉ်ဖို့ အခက်အခဲကြောင့် မတက်ဖြစ်တာလို့ နားလည်လို့ရပါတယ်။ ဒီဘက်က ကိုဗစ်အခြေအနေရော သွားရေးလာရေးအခက်အခဲ အခြေအနေရော တခြားကိစ္စတွေကြောင့် မတက်တာပါ” ဟုဆိုသည်။
NCA ၆ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် KNU က ယနေ့ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် စစ်တပ်က အာဏာသိမ်းလိုက်သောကြောင့် နိုင်ငံတဝှမ်းရှိ ပြည်သူတရပ်လုံး ဖိနှိပ်မှုများ ခံစားနေရကြောင်း၊ နိုင်ငံပြိုလဲ ပျက်ဆီးမည့် အနေအထားရောက်နေကြောင်း ရေးသားထားသည်။
အာဏာသိမ်း စစ်တပ်အနေနှင့် ဂုဏ်သိက္ခာကျဆင်းနေမှုကို ကယ်တင်နိုင်ရန် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး ကတိကဝတ်ပြုမှုအား တရားဝင် ကြေညာချက်ထုတ်ပြန်ပြီး နိုင်ငံရေးတွင် ပါဝင်နေမှုမှ နှုတ်ထွက်သင့်ကြောင်း KNU က တိုက်တွန်းထားသည်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် KNU အပါအဝင် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၈ ဖွဲ့တို့က အတူတကွ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်သည့် အစိုးရလက်ထက်တွင် လားဟူဒီမိုကရက်တစ်ပါတီ (LDU) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့က NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးလာသည်။
ယနေ့နေပြည်တော်တွင် အကျဉ်းချုံး ကျင်းပသည့် NCA (၆) နှစ်ပြည့်ပွဲသို့ CNF နှင့် KNU တို့ မတက်ဘဲ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP)နှင့် ပအိုဝ့်အမျိုးသား လွတ် မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
You may also like these stories:
နွေဦးတော်လှန်ရေးသာ မအောင်မြင်ရင် တိုင်းရင်းသားတွေအတွက်လည်း အနာဂတ် မရှိတော့
မိုင်းကိုင်တွင် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြောင့် အရပ်သား ၆ ထောင်ကျော် ထွက်ပြေးနေကြရ
ကိုဗစ်ရောဂါနဲ့ပါ ရင်ဆိုင်နေရတဲ့ ကရင်နီစစ်ရှောင်များ
အာဏာသိမ်းခေါင်းဆောင် နိုင်ငံတော်သစ္စာဖောက်မှု ကျူးလွန်ဟု ပြည်သူ့စစ်သားများပြော