သတင်း

မင်းကင်းတွင် စစ်ကောင်စီက ဒေသခံများကို တောနင်းရှာဖွေပြီး ၄ ဦးကို ပစ်သတ်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ရွာတွင် စစ်ကောင်စီ၏ တပ်ဖွဲ့က တောတွင်း၌ ထွက်ပြေး တိမ်းရှောင်နေ သည့် ဒေသခံ ပြည်သူများကို တောနင်းရှာဖွေပြီး ၄ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၃ ရက်၊ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီ တပ်သားများနှင့်အတူ ပျူစောထီး အဖွဲ့ဝင်များ သည် လောင်းပြည့်ရွာသို့ ဝင်ရောက်လာခဲ့ပြီး နီးစပ်ရာ တောတွင်း စီးနင်းရှာဖွေပြီးနောက် သေဆုံးသူ ၄ ဦး၏ ရုပ်အလောင်း များကို တွေ့ရှိခဲ့ပြီး ပျောက်ဆုံးနေသူ ၁ ဦး ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီ ပစ်သတ်မှုကြောင့် သေဆုံးခဲ့သူများမှာ ဦးသာဆွေ၊ ဦးငပို၊ မောင်ဆွေလှိုင်ဦးနှင့် မောင်မင်းသန့်တို့ ဖြစ်ကြပြီး ဦးသာဆွေနှင့် မောင်ဆွေလှိုင်ဦးတို့ ၂ ဦးမှာ သားအဖများ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လောင်းပြည့်ရွာ ဒေသခံတဦးက “မီးရှို့ပြီးတာက ၄ လောင်း။ အဲဒီ ၄ ယောက်ကတော့ သေချာတယ်။ မောင်မင်းသန့် နဲ့ ဆွေလှိုင်ဦးက အသက် ၂၀ ကျော်တွေ။ ဦးငပို ၅၀၊ ဦးသာဆွေက ၆၀ ဝန်းကျင်ပေါ့။ နောက်တယောက် (ချပ်ပြား) က သေ၊ မသေ အတည်မပြုနိုင်သေးဘူး။ အသတ်ခံရတဲ့နေ့က တောနင်းပြီးရှာရင်း ဖြစ်တာ။ ရှောင်နေတဲ့ ဒေသခံတွေ အသတ်ခံလိုက်ရတာ။ ရှောင်ရင်းနဲ့ တွေ့သွားတာပေါ့။ သူတို့က သတ်ပြီး ချောက်ကြားထဲမှာ ပစ်ချထားခဲ့တာ” ဟု ပြောဆို သည်။

သေဆုံးခဲ့သူများတွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဒဏ်ရာများအပြင် မျက်နှာ ပြားချပ်လောက်အောင်အထိ သေနတ် ဒင် ဖြင့် ရိုက်နှက် နှိပ်စက်ထားသည့် ဒဏ်ရာများ တွေ့ရှိရကြောင်း၊ ထို့ပြင် စစ်ကောင်စီက ၁၇ နှစ်အရွယ် ကျောင်းသား ၁ ဦး အပါအဝင် ဒေသခံ ၃ ဦးကို ဖမ်းဆီးခဲ့ကာ ၁ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည့် မင်းကင်းမြို့နယ်ရှိ ကျေးရွာအများအပြားကို စစ်ကောင်စီက ဝင်ရောက်စီးနင်း ရှာဖွေ၊ ဖျက်ဆီးမှုများလည်း ပြုလုပ်လျက် ရှိသည်။

မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင် တဦးက “တိုက်ပွဲတွေက ဖြစ်တယ်။ ဒါပေမဲ့ ဘာဖြစ်နေလဲ ဆိုတော့ လူအင်အားများတယ်။ တခါသွားပြီးသွားရင် ကျနော်တို့ဘက်က ဒဏ်ရာရတဲ့လူက ခပ်များများ။ သူတို့ဘက်က ဘယ်နှစ်ယောက် ကျသလဲ ခန့်မှန်းရခက်တယ်။ လက်နက်က တအားကွာတယ်။ သူတို့ဘက်က လက်နက်ကောင်းတွေ ပေါတယ်။ ပြီးတောာ့ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်တာ ဆိုတော့ ကျနော်တို့က အနီးသိပ်မကပ်နိုင်ဘူး” ဟု ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၁၄ ရက်) ကလည်း ကလေးမြို့ဘက်မှ ဆင်းလာသည့် စစ်ကောင်စီတပ်သား အင်အား ၅၀ ခန့်နှင့် လက်နက်အင်အားများ ထပ်မံဖြည့်တင်းမှု ရှိကြောင်း သိရသည်။

မင်းကင်းမြို့နယ်သည် ပျူစောထီးဟု အမည်ရသည့် စစ်ကောင်စီကို ထောက်ခံသော အရပ်သား လက်နက်ကိုင်အဖွဲ့များ အားကောင်းသည့် ဒေသဖြစ်ပြီး ပျူစောထီးရွာများဟု ဒေသခံများက သတ်မှတ်ထားသည့် ကျောက်ခဲတက်၊ သောင်ဖြူနှင့် ပန်းဆက်ရယ်များတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားလျက် ရှိကြောင်း သိရသည်။

You may also like these stories:

တနေရာတည်းမှာ ဖိတိုက်တာမျိုး မဖြစ်အောင် အားလုံးမှာ တာဝန်ရှိတယ်

ထောင်ချီသော တပ်ကူများကို နိုင်ငံအထက်ပိုင်းသို့ စစ်ကောင်စီပို့နေ

ဖလမ်းတွင် စစ်ကောင်စီတပ်က ဘုရားကျောင်းနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီး

မြန်မာစစ်တပ် တိုက်ခိုက်ရေးစွမ်းရည် ကျနေပြီ

Loading