မြန်မာစစ်ခေါင်းဆောင်ကို အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ လာမည့် ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခွင့်မပေးခြင်းကို ထောက်ခံကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိ တဦးက သောကြာနေ့တွင်ပြောသည်။
“စစ်တပ်အနေနဲ့ ခုထိ မြန်မာပြည်ရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ အာဆီယံနဲ့အတူ အလုပ်တွင်စေမယ့် ဆန္ဒ မရှိဘူး”ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က ဝါရှင်တန်တွင် ပြောသည်။ “စစ်တပ်ကို ဖိအားပေးတဲ့ အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ကျနော်တို့ထောက်ခံသွားမယ်။ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ကိုလည်း ကျနော်တို့ ထောက်ခံပါတယ်” ဟုလည်း ပြောဆိုသည်။
ASEAN အထူးသံတမန် မြန်မာသို့ မသွားရောက်မီ ဗြိတိန်၊ အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ ဥရောပသမဂ္ဂတို့က မြန်မာနိုင်ငံဆိုင်ရာ ASEAN အထူး သံတမန်ကို ထောက်ခံကြောင်း သောကြာနေ့ကပြောကြားကြသည်။
ထိုကြေညာချက်တွင် နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီးယားနှင့် တီမောလက်စ် တို့ကလည်း ပါဝင် လက်မှတ်ရေးထိုးထားပြီး မြန်မာန်ိုင်ငံအကျပ်အတည်းမှ ထွက်ပေါက်ရှာရန် ASEAN ၏ အားထုတ်မှုများကို ထောက်ခံကြောင်း ဖေါ်ပြထားသည်။ “ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ သွားရောက်မည့် အလားအလာကို မိမိတို့ ကြိုဆိုသည်” ဟုလည်း ထိုနိုင်ငံများပြောသည်။
မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့် လူသားချင်းစာနာမှု အကျပ်အတည်းကို ဖြေရှင်းရေးအတွက် စစ်ကောင်စီက ASEAN နှင့် ပူးပေါင်းဆောင်ရွက်မှုမရှိခြင်းကိုတုံ့ပြန်သည့်အနေဖြင့် လာမည့်ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ချန်လှပ်ထားရန် ASEAN အဖွဲ့ဝင်များ ဆုံးဖြတ်ခဲ့သည်။
သို့သော် မြန်မာနိုင်ငံ ကိုယ်စားလှယ်နေရာတွင် “နိုင်ငံရေးမှ မဟုတ်သူ ကိုယ်စားလှယ်”ကို တက်ရောက်ရန် ဖိတ်ကြားမည်ဟု အဖွဲ့ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက ထုတ်ပြန်သည်။
မည်သို့ဆိုစေ မြန်မာစစ်ခေါင်းဆောင်ကို ဖယ်ထုတ်ရန် ဆုံးဖြတ်ချက်သည် ASEAN ၏ အဖွဲ့ဝင်နိုင်ငံများ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူမှ သမိုင်းဝင်အပြောင်းအလဲဖြစ်သည်။
စစ်ကောင်စီဘက်က ASEAN အထူးသံတမန်ကို လက်ခံခြင်းအပါအဝင် ပူးပေါင်းဆောင်ရွက်မှု မရှိသောကြောင့် မြန်မာစစ်ခေါင်းဆောင်ကို ထိပ်သီးဆွေးနွေးပွဲတွင် ပါဝင်ခွင့်မပေးရန် မလေးရှားနှင့် အင်ဒိုနီးရှားကဲ့သို့သော အဖွဲ့ဝင်နိုင်ငံအချို့ အဆိုပြုခဲ့သည်။
သြဂုတ်လက ခန့်အပ်ခံရသည့် အထူးသံတမန် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး (၂) အာရီဝန် ယူဆွတ်ကို ပဋိပက္ခဖြစ်ပွားနေသော ဘက်အသီးသီးနှင့် အပြည့်အ၀တွေ့ခွင့်ပေးမည့် မြန်မာနိုင်ငံသို့ အဆိုပြုခရီးစဉ်တွင် စစ်ကောင်စီက ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်ပြီးနောက် အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ စီစဉ်ထားသည့် ထိပ်သီးဆွေးနွေးပွဲသို့ မြန်မာစစ်ခေါင်းဆောင်ကို တက်ခွင့်ပေးသင့် မပေးသင့် ဆွေးနွေးလာခဲ့သည်။
မြန်မာနိုင်ငံတွင် အားလုံးပါဝင်သော လုပ်ငန်းစဉ်ဖြင့် ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းပြီးခြင်း မရှိသေးသမျှ ထိပ်သီးအစည်းအဝေးတွင် မြန်မာပါဝင်ခြင်းသည် နိုင်ငံရေးအရ မဖြစ်သင့်ကြောင်း သူအဆိုပြုခဲ့သည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီက တွစ်တာတွင်ရေးသားသည်။
အရေးပေါ်အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးများက ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ အထူးသံတမန်အနေဖြင့် မြန်မာနိုင်ငံသို့ အမြန်ဆုံးသွားရောက်ရန်လည်း တာဝန်ပေးအပ်ခဲ့သည်။
သို့သော် မည်သူနှင့်တွေ့ခွင့်ရမည်ဆိုသည့် ကိစ္စကို အထူးသံတမန်အနေဖြင့် မြန်မာနှင့် ဆွေးနွေးရန်လိုအပ်နေသာကြောင့် ထိုခရီးစဉ်ကို ရက်သတ်မှတ်ရခြင်း မရှိသေးကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ရေးပြီး စစ်တပ်ကဖြုတ်ချခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် အခြားသူများနှင့် အထူးသံတမန်ကို တွေ့ခွင့်ပေးရန် ခက်ခဲကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးက ထပ်လောင်းပြောသည်။
ASEAN သဘောတူညီချက်အရ အထူးသံတမန် မြန်မာနိုင်ငံသို့သွားရောက်ရန် ဆွေးနွေးမှုများသည် ယခုအပတ် အစောပိုင်းတွင် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။
အထူးသံတမန်က သူ၏ခရီးစဉ်အတွင် သူတွေ့ဆုံလိုသူများစာရင်းနှင့် မြန်မာဘက်က လုပ်ဆောင်ရမည့် ကိစ္စများကို အဆိုပြုခဲ့ကြောင်း စစ်ကောင်စီက ကြာသပတေးနေ့တွင် ထုတ်ပြန်သည့် ကြေညာချက် တစောင်တွင် ဖေါ်ပြသည်။ သို့သော် တည်ဆဲဥပဒေ၏ ခွင့်ပြုချက်ကို ကျော်လွန်သော တောင်းဆိုမှု အချို့ကို လိုက်လျှောရန် ခက်ကြောင်း ထိုကြေညာချက်က ဆိုသည်။
ASEAN သည် မြန်မာနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲနေပုံရပြီး စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင် တို့ကဲ့သော အချို့နိုင်ငံများက ပိုမိုပြတ်သားစွာ ရပ်တည်ရန် တောင်းဆိုပြီး ကျန်နိုင်ငံများက ပျော့ပျောင်းစွာ ရပ်တည်ကြသည်။
ကိုးကား။ ။ Bangkok Post, AP
You may also like these stories:
စစ်ကောင်စီအား အလုံးစုံ စီးပွားရေး ပိတ်ဆို့ရန် အရပ်ဖက်အဖွဲ့ ၁၀၀ ကျော် တောင်းဆို
ပြည်တော်ပြန်လမ်း ပျောက်နေသည့် မလေးရှားရောက် မြန်မာများ
အာဏာသိမ်း စစ်တပ် လူ့အခွင့်အရေး လေးစားလိုက်နာရန် နိုင်ငံတကာ သတိပေးထုတ်ပြန်
အာဏာသိမ်းခေါင်းဆောင် နိုင်ငံတော်သစ္စာဖောက်မှု ကျူးလွန်ဟု ပြည်သူ့စစ်သားများပြော