အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ပြီး တရားစွဲထားသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၏ ရှေ့နေအဖွဲ့ဝင် ၂ ဦးအား အမှုအကြောင်းနှင့် ပတ်သက်ပြီး ပြောဆိုဖြေကြားခြင်း မပြုရန် ထပ်မံ ပိတ်ပင်တားမြစ် ခံရကြောင်း သိရသည်။
အမှုနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် မီဒီယာများထံ ဖြေကြားပြောဆိုခြင်း မပြုလုပ်ရန် နေပြည်တော် မှ ရှေ့နေ ဦးသဲမောင်မောင်နှင့် ဒေါ်မင်းမင်းစိုးတို့ကို စစ်ကောင်စီက အောက်တိုဘာ ၁၅ ရက်နေ့တွင် ထပ်မံပိတ်ပင်ခဲ့ ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးခင်မောင်ဇော်အား ပိတ်ပင်ခဲ့သည့်အပြင် ဩဂုတ်လ အတွင်းကလည်း ရှေ့နေအဖွဲ့ဝင် တဦးဖြစ်သူ ဒေါ်စန်းမာလာညွန့်ကို ၎င်းတို့ကဲ့သို့ပင် ပြော ဆိုဖြေကြားခွင့်နှင့် ပတ်သက်၍ ပိတ်ပင်ခဲ့သေးသည်။
ထို့ကြောင့် လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အတွက် အမှုလိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေ အဖွဲ့ဝင် ၄ ဦးအထိ အမှုနှင့်ပတ်သက်၍ ပြောဆိုဖြေကြားခွင့် ပိတ်ပင်ခံလိုက်ရခြင်း ဖြစ်သည်။
ဦးခင်မောင်ဇော်အား ပိတ်ပင်မှုနှင့် ပတ်သက်ပြီး ၎င်းအနေဖြင့် တရားမဝင် ထုတ်လွှင့်နေသည့် မီဒီယာများအား ဆက်သွယ် ဖြေကြားနေပြီး ၎င်း၏ ပြောဆိုချက်များမှာ နိုင်ငံတော်မှ အဓိက လိုအပ်နေသည့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင် သည့်အတွက် တားမြစ်ပိတ်ပင်လိုက်ခြင်း ဖြစ်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့ လက်အောက်ခံ သတင်းစာမှတဆင့် ပြောဆိုထားသည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၀ အား ကိုးကားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် အရေးပေါ်အခြေ အနေ ကြေညာထားစဉ် လိုအပ်သည့် ရေမြေဒေသအတွင်း နိုင်ငံသားများ၏ မူလအခွင့်အရေး တရပ်ရပ်ကိုဖြစ်စေ၊ တရပ် ထက်ပို၍ဖြစ်စေ လိုသလို ကန့်သတ်ရပ်ဆိုင်းနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။
ယခုကဲ့သို့ ရှေ့များအား ပြောဆိုဖြေကြားခွင့် ပိတ်ပင်ခြင်းသည် တရားစီရင်ရေးတွင် အခြေခံလိုက်နာရမည့် အမှန်ကို စီရင် ဆုံးဖြတ်ရုံသာမက အမှန်တရားကို စီရင်ကြောင်း အများသိစေရမည် ဆိုသည့်မူနှင့် ဆန့်ကျင်နေသည့်အပြင် တရားစီ ရင်ရေး အာဏာဖြစ်သည့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အား အရပ်ဖက်အုပ်ချုပ်ရေးက လွှမ်းမိုးကျင့်သုံးနေခြင်းမှာ လည်း အရုပ်ဆိုးသည့် လုပ်ရပ်ဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေတဦးက မှတ်ချက်ပြုသည်။
၎င်းက “တရားရုံးတွေဟာ အမှန်ကို စီရင်ဆုံးဖြတ်ရုံတင် မကဘဲနဲ့ တရားရုံးက စီမံဆောင်ရွက်နေတဲ့ အဆင့်တိုင်းမှာ ဥပဒေနဲ့အညီ မှန်မှန်ကန်ကန်၊ မျှမျှတတ၊ လွတ်လွတ်လပ်လပ် ဆောင်ရွက်နေတယ် ဆိုတာကို နိုင်ငံသားတွေကို အသိပေး ခြင်း ဖြစ်ပါတယ်။ ဒါကို အုပ်ချုပ်ရေးပိုင်းက အမိန့်တွေ ထုတ်ပြန်ပြီး တားမြစ်ပိတ်ပင်လို့ မရပါဘူး။ အဲဒီလို ပိတ်ပင်ရင်လည်း လွတ်လပ်တဲ့ တရားစီရင်ရေးကို အနှောင့်အယှက် ပြုခြင်းလို့ မြင်ပါတယ်” ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတတို့၏ အမှုများနှင့် ပတ်သက်၍ တရားခွင် စစ်ဆေးမှုများအား ရုပ်မြင်သံကြားလိုင်းများ တွင်ပါ ထုတ်လွှင့်သင့်ကြောင်း၊ အများပြည်သူ ထင်သာမြင်သာ သိရှိမှသာ လက်ရှိ တရားစီရင်ရေးအပေါ် ယုံကြည်လာမည် ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ဘဲ အများပြည်သူ သိရှိစေရန် ပြောဆိုခွင့် မရှိကြောင်း ပိတ်ပင်မှုများသာ ပြုလုပ်နေပါက ရှက်စ ရာ ကောင်းသည့် တရားစီရင်မှု အခြေအနေ ရောက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
အာဏာသိမ်း စစ်ကောင်စီ၏ တာမြစ်ပိတ်ပင်ခြင်း ခံလိုက်ရသည့် ရှေ့နေများသည် ပုံမှန်အားဖြင့် ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို စစ်ဆေးနေသည့် အထူးသီးသန့်တရားရုံးမှ စစ်ဆေးမေးမြန်းမှုများ၊ တရာခွင်အတွင်း ထွက် ဆိုချက်များအား အများပြည်သူ သိရှိစေရန် သတင်းမီဒီယာများနှင့် မေးမြန်းဖြေကြားမှု ပြုလုပ်နေသူများ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့သည် စစ်တပ် အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ ကတည်းက ဖမ်း ဆီးချုပ်နှောင်ခံရပြီး လက်ရှိ အချိန်ထိလည်း ၎င်းတို့အား မည်သည့်နေရာတွင် ထိန်းချုပ်ထားသည်ကို ၎င်းတို့ကိုယ်တိုင်ပင် သိရှိခြင်း မရှိပေ။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဂတိလိုက်စားမှုများ အပါအဝင် စစ်ကောင်စီ၏ စွပ်စွဲတရားစွဲ ဆိုမှု ၁၁ မှုအား တရားရင်ဆိုင်ရလျက်ရှိနေပြီး လာမည့် အောက်တိုဘာ ၂၆ ရက်နေ့တွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် တရားစွဲဆိုထားမှုအတွက် တရားခွင်တွင် ကိုယ်တိုင် ထွက်ဆိုရန် ရှိနေသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည်လည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ နှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှု ဥပဒေပုဒ်မ ၂၅ တို့ဖြင့် တရားစွဲဆိုခံထားရပြီး အောက်တိုဘာ ၁၂ ရက်နေ့က တရားခွင်အတွင်း ကိုယ်တိုင် ထွက်ဆိုခဲ့ သည်။
ယင်းသို့ ထွက်ဆိုရာတွင် ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်အစောပိုင်း၌ စစ်တပ်အရာရှိများက ၎င်းအား လာရောက် ခေါ်ဆောင် ရာတွင် ကျန်းမာရေး အကြောင်းပြပြီး သမ္မတရာထူးမှ နုတ်ထွက်ရန် ဖိအားပေး ခြိမ်းခြောက်ခဲ့သော်လည်း ၎င်းအနေဖြင့် ငြင်းဆန်ခဲ့သည်ဟု ထွက်ဆိုသွားခဲ့သည်။
သမ္မတဦးဝင်းမြင့် တရားခွင်တွင် ထွက်ဆိုပြီးနောက် အမှုစစ်ဆေး ကြားနားမှုများနှင့် ပတ်သက်၍ အများပြည်သူ သိရှိခွင့် ရှိ သည့်အတွက် သတင်းထုတ်ပြန်ပေးရန် ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေအဖွဲ့အား အကြံပြု ပြောကြားခဲ့သည်။
ထိုသို့ ပြောကြားပြီးနောက် ရှေ့နေအဖွဲ့ဝင်များအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ ဟုဆိုကာ ပြောဆိုဖြေကြားခွင့် ပိတ်ပင်ခြင်းများကို အာဏာသိမ်း စစ်ကောင်စီက ဆက်တိုက် ပြုလုပ်လာခြင်းလည်း ဖြစ်သည်။
အောက်တိုဘာ ၁၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထား မှုနှင့် ပတ်သက်ပြီး တရားလို အမှုစစ်အရာရှိဖြစ်သူ ဦးရဲထက်အား တရားခွင်အတွင်း အပြန်အလှန် စစ်မေးခဲ့ကြသည်။