သတင်း

ကျောက်ဆည်ပရဟိတနှင့် ဘကကျောင်းဆရာတော်အား စစ်ကောင်စီ ဖိအားပေး၍ ကျောင်းမှ စွန့်ခွာခိုင်း

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ရှိ ဆင်ဖြူချပ် ကလေးငယ်များ ပြုစုစောင့်ရှောက်ရေးနှင့် ပညာသင်ကြားရေး၊ ပရဟိတနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော်အား စစ်ကောင်စီက ဖိအားပေးကာ ကျောင်းမှ စွန့်ခွာခိုင်းမှုကြောင့် စွန့် ခွာ ပေးခဲ့ရကြောင်း ဆရာတော်နှင့် နီးစပ်သူများထံက သိရသည်။

အဆိုပါ ဆင်ဖြူချပ် ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသည် မန္တလေးတိုင်း အတွင်း၌ ဒုတိယ အကြီးဆုံး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖြစ်ပြီး ဆရာတော် အရှင်စိန္တာဝရမှ ဦးဆောင်၍ တိုင်းရင်းသား မိဘမဲ့ကလေး ငယ်များကို ပညာသင်ကြားပေးနေခြင်း ဖြစ်သည်။

“အဲဒီကျောင်းက ဖောင်တော်ဦးပြီးရင်တော့ ကျောင်းသား အများဆုံး ဘက ကျောင်းတခုပဲဗျ၊ မိဘမဲ့ကလေးတွေကို အဓိက ပညာသင်ပေးနေသလို ကျနော်တို့အနီး ရပ်ရွာက ဆင်းရဲတဲ့ကလေးတွေကိုလည်း ပညာသင်ပေးနေတာပါ၊ ဒီလဆန်းပိုင်း လောက်က ကျောင်းကို စစ်တပ်က ဝင်စီးတယ်၊ အဲဒီလိုဖြစ်ပြီးတော့ ဆရာတော်ကို ဖိအားတွေ ပေးကြတယ်၊ အခုတော့ ကျောင်းကို စွန့်ခွာပြီး ထွက်သွားပြီ” ဟု ကျောင်းအနီးရပ်ကွက်တွင် နေထိုင်သည့် လုံခြုံရေးအရ အမည်မဖော်ပြလိုသူ ကျောက်ဆည် ဒေသခံတဦးက ပြောသည်။

ဆင်ဖြူချပ် ပရဟိတ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းသည် ကျောက်ဆည်မြို့ မြင်စိုင်းအနောက်ရပ်၊ ရွှေသာလျောင်း တောင်တောင်ဘက်တွင် တည်ရှိပြီး ရဟန်းသံဃာနှင့် ကျောင်းသား၊ကျောင်းသူ တထောင်ကျော်ထိရှိကာ မန္တလေးမြို့ရှိ ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပြီးလျှင် ဒုတိယ အကြီးဆုံးကျောင်း ဖြစ်သည်။

အဆိုပါ ကျောင်းအား PDF များနှင့် အဆက်အသွယ်ရှိသည်ဆိုသော စွပ်စွဲချက်ဖြင့် သံသယရှိသည်ဟုဆိုကာ အောက်တို ဘာလ ၄ ရက်က စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

“အဲဒီမှာ မကြာသေးပါဘူး ကျောင်းပြီးထားတဲ့ ကလေးနှစ်ယောက်က လုပ်အားပေးအနေနဲ့ စာလာသင်တယ်၊ အဲဒီလို လာ သင်တာကို စစ်တပ်က ကျောင်းမှာ PDF တွေ ရှိတယ်ဆိုပြီး သတင်းရတယ်ဆိုပြီး လာရှာကြတယ်။ ရှာတော့ အဲဒီ ကလေး တွေကို မတွေ့ဘူး၊ အဲဒီကလေးတွေ နေခဲ့တဲ့အခန်းကို ဝင်ရှာတော့ လက်လုပ်ပစ္စည်းတွေ တွေ့တယ်လို့ သတင်း ထုတ်ပြန်ခဲ့ ကြတယ်” ဟု ဆရာတော်အရှင်စိန္တာဝရ၏ ဆရာဒကာရင်းတဦးဖြစ်သူက ပြောသည်။

ဆရာတော် အရှင်စိန္တာဝရ၏ ဆရာဒကာရင်း တဦးဖြစ်သူက “အဲဒီလို တွေ့တယ်ဆိုတော့ မြို့နယ်သံဃနာယက ဆရာ တော်တွေကနေ ဆရာတော်က နိုင်ငံရေး မလုပ်ဘူး၊ ပရဟိတ သပ်သပ်လုပ်နေတာလို့ အာမခံပေးကြတယ်၊ အဲဒီမှာ ဆရာ တော်ရဲ့ စိတ်ဓာတ်က ပြင်းတော့ ကျောင်းကို ပြန်အပ်လိုက်တယ်၊ ဆရာတော်ကိုယ်မှာ ရုံထားတဲ့သင်္ကန်းတစုံထဲနဲ့ ထွက်သွားတယ်၊ ကျောင်းနဲ့ပတ်သက်တဲ့ ပစ္စည်းတွေရော ဘဏ်စာအုပ်တွေရော အကုန်ထားခဲ့ရတယ်” ဟု ဆက်လက် ပြောသည်။

ထိုသို့ သတင်းထုတ်ပြန်ပြီးနောက် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့က ကျောင်းအတွင်းရှိ ရဟန်းသံဃာများနှင့် လူပုဂ္ဂိုလ် များအား နှင်ထုတ်ခဲ့ကြကြောင်း သိရသည်။

“ဘာကြောင့်ဆိုတဲ့ အသေးစိတ်တော့ မသိရပါဘူး၊ ဆရာတော်က ကျောင်းကို မြို့နယ်သံဃနာယကအဖွဲ့ကို အပ်လိုက်ရ တယ်ဆိုတာတော့ သေချာတယ်၊ လောလောဆယ်မှာတော့ မဟာဂန္ဓာရုံက ဆရာတော်က ယာယီထိန်းသိမ်းထားတယ်လို့ သိရပါတယ်၊ မိဘကလေးတွေဆိုတော့ အချို့ကို ဆရာတော်က သူ့ဇာတိဖြစ်တဲ့ တံတားဦးနယ်ထဲကို ခေါ်သွားပြီး တော့ အချို့ကိုလည်း ယာယီဆရာတော်နဲ့ အပ်ခဲ့တယ်လို့ သိရပါတယ်၊ အခုတော့ ဆရာတော်က ကျောင်းမှာ မရှိတော့ပါ ဘူး”ဟု မြင်စိုင်းအနောက်ရပ်မှ ဒေသခံတဦးက ပြောသည်။

ဆင်ဖြူချပ် ကလေးငယ်များ ပြုစုစောင့်ရှောက်ရေးနှင့်ပညာသင်ကြားရေး၊ ပရဟိတနှင့်ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း ဆရာတော်အား စစ်ကောင်စီတပ်က ဖိအားပေးကာ ကျောင်းမှ စွန့်ခွာခိုင်းမှုကြောင့် တိုင်းရင်းသား မိဘမဲ့ ကလေးငယ်များနှင့် ဒေသခံ ဆင်းရဲသား ကလေးများ၏ ပညာရေး အခက်အခဲများ ဖြစ်လာနိုင်ကြောင်း ဒေသခံများက ဆိုသည်။

ယခုအခါ ဆင်ဖြူချပ် ပရဟိတနှင့် ဘကကျောင်းဆရာတော်သည် ဘေးကင်းလုံခြုံစွာဖြင့် ရှိနေသလို ပရဟိတလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် ဆန္ဒပြင်းပြလျက်ရှိကြောင်း သိရသည်။

“ဆရာတော်နဲ့အတူ မဖြစ်မနေခေါ်သွားတာက ပရဟိတအလုပ်တွေကို လုပ်ပေးနေတဲ့ လက်တွဲဖြုတ်လို့မရတဲ့ ကျောင်း သား ၁၃ ယောက်ပဲ၊ အခုတော့ ဆရာတော်က ဘေးကင်းလုံခြုံစွာနဲ့ ရှိပါတယ်၊ ပရဟိတအလုပ်ကို အားသန်တဲ့ ဆရာတော်ဆိုတော့ နေရာတခုမှာ ပရဟိတအလုပ်တွေ ဆက်လုပ်သွားဖို့ ရှိတယ်လို့ သိရတယ်”ဟု ဆရာတော် အရှင်စိန္တာဝရ၏ ဆရာဒကာရင်းတဦးဖြစ်သူက ပြောသည်။

You may also like these stories:

ဖလမ်းတွင် စစ်ကောင်စီတပ်က ဘုရားကျောင်းနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီး

လွိုင်ကော် တိုက်ပွဲ ပြင်းထန်၊ အရပ်သား ထောင်နှင့်ချီ ထွက်ပြေးနေရ

Loading