ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ်အနီးရှိ ဒေသခံများ၏ နေအိမ်အချို့ကို စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင် များက လူ အင်အား ၁၀၀ ခန့်ဖြင့် ယနေ့နံနက်ပိုင်းက လာရောက်ဖျက်ဆီးသွားကြောင်းသိရသည်။
နည်းပညာတက္ကသိုလ်၏ လုံခြုံရေးကို အကြောင်းပြကာ လာရောက်ဖျက်ဆီးသွားခြင်းဖြစ်ပြီး၊ အဖျက်ခံရသည့် အိမ်များ ထဲတွင် စစ်ကောင်စီ၏ ကချင် ပြည်နယ် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ဝင် ဒေါ်ဘောက်ဂျာ၏ အိမ်လည်းပါသည်။
“သူတို့က တရားဝင်လာပြောတာမဟုတ်ဘူး။ နည်းပညာတက္ကသိုလ်မှာရှိတဲ့ သူတို့ဝန်ထမ်းအလုပ်သမားတွေကိုပဲ မရွှေ့ ဘူးဆိုရင် ငါတို့ထိုးပစ်မယ်ဆိုတာမျိုးပဲ ပြောတယ်လေ။ ဒီမနက်ကျတော့ သိမ်းတာက ဘယ်သူ့အမိန့်နဲ့ သိမ်းတာလဲ မေးတော့ တရားရုံးချုပ်ကတဲ့ အမိန့်စာပြဆိုတော့လည်း မပြနိုင်ဘူး။ ဆောက်လုပ်ရေးဝန်ကြီးကနေ သိမ်းခိုင်းတာတဲ့ နောက်တော့ ဝန်ကြီးချုပ်ကပဲ သိမ်းခိုင်းသလိုမျိုးနဲ့ တခုမှ ထိထိရောက်ရောက် သက်သေမပြနိုင်ဘဲ လုပ်သွားတာ” ဟု ဒေါ်ဘောက်ဂျာက ပြောသည်။

စစ်ကောင်စီက ဖယ်ရှားခိုင်းသည့် အိမ်များသည် တောင်သူများ နှစ်ပေါင်း ၅၀ ခန့်နေထိုင်လာခဲ့သည် မိရိုးဖလာ ပိုင်ဆိုင်သော ယာမြေများတွင် ဆောက်ထားသည့် အိမ်များဖြစ်ကြောင်း သူက ဆက်ပြောသည်။
“ကျမတအိမ်တည်းတော့မဟုတ်ဘူး။ တောင်သူတွေလည်းပါတယ်။ သူတို့ ဖျက်ဖို့ပြောတာက အားလုံးပေါင်း အိမ် ၁၂ လုံး အခု ဒီမနက်က မျက်နှာစာမှာရှိတဲ့ ၄ အိမ်ကတော့ ပါသွားတယ်။ ကျမတို့လည်း မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးတို့ ဘာတို့ကို အကြောင်းကြားတော့ ခဏတော့ ရပ်ထားတယ်။ ဒါပေမယ့် ကျန်တဲ့ဟာကိုလည်း ကိုယ့်ဟာကိုယ်မဖျက်ရင် ထိုးပစ်မယ်ဆိုပြီး ခြိမ်းခြောက်သွားတယ်” ဟု ဒေါ်ဘောက်ဂျာက ဆက်ရှင်းပြသည်။
ဒေါ်ဘောက်ဂျာသည် လက်ရှိတွင် စစ်ကောင်စီ၏ ကချင် ပြည်နယ် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေ သလို၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP) ဒုဥက္ကဋ္ဌဟောင်းလည်းဖြစ်ကာ တနိုင်းနှင့် ဟူးကောင်းချိုင့်ဝှမ်း မြေယာ အရေး လှုပ်ရှာသူလည်းဖြစ်သည်။

မြစ်ကြီးနား နည်းပညာတက္ကသိုလ်တွင် လုံခြုံရေးတာဝန်ယူထားသည့် တာဝန်ခံဖြစ်သူ ဗိုလ်ကြီးမြင့်သန်းက တောင်သူ များ နေထိုင်နေသည့် အိမ်များကို ဖယ်ရှားပေးရမည်ဟု ယခင်ကတည်းက ပြောဆိုထားပြီး မဖယ်ပေးသဖြင့် ယခုအခါ အိမ်များကို အင်အားသုံးလာရောက်ဖယ်ရှားခြင်း ဖြစ်ကြောင်း ဆိုသည်။
စစ်ကောင်စီ၏ ကချင် ပြည်နယ် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ဝင် အိမ်ဖျက်ခံရသူ ဒေါ်ဘောက်ဂျာက ယခုလုပ်ရပ်သည် စစ်အာဏာသုံးကာ ခြိမ်းခြောက်ပြီး ဥပဒေမဲ့ ဖျက်ဆီးခြင်းသာဖြစ်ကြောင်း ဆိုသည်။
“အချုပ်ကားတွေလည်းပါတယ်။ ခရိုင်ရဲမှူးလည်း ပါတယ်။ ဒါက ဘာသဘောနဲ့ လုပ်သလဲဆိုတာတောင် စဉ်းစားလို့မရဘူးပေါ့။ ဒါက သက်သက်မဲ့ ပြည်သူကို အနိုင်ကျင့်တာပဲ။ အင်အားရှိတယ်ဆိုပြီး ခြိမ်းခြောက်တာလို့ မြင်တယ်” ဟု ၎င်းက ပြောသည်။
You may also like these stories:
ဗြိတိသျှအခြေစိုက် စီးကရက်ကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာ
ဘဏ်အပ်ငွေများကို ပြန်ထုတ်၍ အိမ်၊ ခြံ၊ မြေ၌ ရင်းနှီးမြှုပ်နှံသူ များလာ
Vpower ၏ LNG လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများ တွက်ချေမကိုက်၍ ရပ်နားထားရ