စစ်ကောင်စီက အမှုရုပ်သိမ်းလိုက်သည့် ဖမ်းဆီးခံအနုပညာရှင်များအား ယနေ့မှစတင်၍ လွှတ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းတို့၏ရှေ့နေထံမှ သိရသည်။
အဆိုပါ အမှုရုပ်သိမ်းပြီး ပြန်လည်လွတ်မြောက်မည့်ထဲတွင် ပြေတီဦး၊ ပိုင်တံခွန်၊ ရဲတိုက်၊ အိန္ဒြာကျော်ဇင် စသည့် အနုပညာရှင်များလည်း ပါဝင်နိုင်ကြောင်း ရှေ့နေ ဦးခင်မောင်မြင့်က ပြောသည်။
ရှေ့နေ ဦးခင်မောင်မြင့်က “၃ ပိုင်းကွဲမယ်။ တပိုင်းကတော့ တရားရုံးမှာ အမှုရင်ဆိုင်နေဆဲသူတွေပေါ့။ အဲဒါက ၄၃၀၀ ကျော် အဲဒီထဲမှာ ကိုပိုင်တံခွန်တို့လို ကိုပြေတီဦးတို့လို အနုပညာရှင်တွေပါမှာပေါ့။ သို့သော် ထောင်ကျနေတဲ့သူက ၁၃၀၀ ကျော်ရှိတယ်။ အဲဒီထဲမှာတော့ ထောင်ကျနေတဲ့အနုပညာရှင် တယောက်မှတော့ မပါသေးဘူး။ အဲဒီ ၂ ခုစလုံးမှာမပါတဲ့ ၅၀၅ – က နဲ့အမှုဖွင့်ထားတဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့လူ ၃၄ ယောက်ရှိတယ်။ ဒါတွေက ဖြေလျှော့ပေးတဲ့ထဲပါမှာပေါ့” ဟု ပြောသည်။
၎င်းတို့ကို ဒီကနေ့ ညနေပိုင်းအချိန်တွင် အင်းစိန်ထောင်မှ လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြမှုများတွင် ပါဝင်ခြင်း လူမှုကွန်ရက်စာမျက်နှာကို အသုံးပြု၍ ဆန့်ကျင်လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့် အရေးယူခံထားရသည့် အနုပညာရှင် ၂၄ ဦးနှင့် လူမှုကွန်ရက်တွင် လူသိများသူ (၁၀) တို့အား အမှုမှ ပိတ်သိမ်းပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက အောက်တိုဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ကြေညာသည်။
ရှေ့နေဦးခင်မောင်မြင့် က “ကိုရဲတိုက်ကတော့ မူးယစ်စိတ်ပြောင်း ၁၆ (ဂ) လည်းပါနေတော့ ကျနော်တို့ စောင့်ကြည့်ရဦးမှာပေါ့။ တကယ်တမ်းကျတော့ ၅၀၅ -က နဲ့ ဆက်စပ်ပြီးတော့ အထူးတရားရုံးမှာလည်း ရင်ဆိုင်နေတာဆိုတော့ လွတ်ရင်လည်းလွတ်သွားမှာပေါ့။ ဒီနေ့ညနေ တချို့တဝက်လွတ်မယ်။ မပါရင်တော့ မနက်ဖြန် ဆက်စောင့်ကြည့်ရမှာပေါ့။ သူတို့ထုတ်ပြန်ထားတဲ့ထဲပါတဲ့သူတွေကို စောင့်ကြည့်ရမယ်” ဟု ပြောသည်။
ယနေ့ စစ်ကောင်စီမှ အမှုရုပ်သိမ်းလိုက်သည့် အနုပညာရှင် (၂၄) ဦးမှာ ဖြူဖြူကျော်သိန်း၊ ချမ်းမြေ့မောင်ချို၊ နွယ်ဒါလီထွန်း၊ သက်ထားစုစံ၊ ထက်အိမ့် (ခ) ထက်ထက်အိမ့်၊ ခင်ဝင့်ဝါ၊ ရတနာထွန်း (ခ) ကော်နီ၊ ညီထွဋ်ခေါင်၊ ထက်အောင်ရှိုင်း၊ စည်သူဝင်း၊ အိန်ဂျယ်လမုန်၊ အေးငြိမ်းဆွေ၊ မေ၊ ရတနာဗိုလ်၊ ခြူးစစ်ဟန်၊ ခေးဆက်သွင်၊ ထူးပိုင်ဇော်ဦး၊ နန်းခင်သက်ထား၊ ဆုအိမ့်စံ၊ ကျော်ရဲထွန်း၊ ဇင်အောင်၊ သံသာမိုးသိမ့်၊ မေမဒီ၊ သွန်းနေစိုး တို့ဖြစ်ကြသည်။
ထို့အပြင် လူမှုကွန်ရက်တွင် လူသိများသည့် လူ (၁၀) နှင့် အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သဖြင့် တရားစွဲဆိုခံထားရသူ ၄၃၂၀ ဦး၏ ကြားနာဆဲအမှုများကိုလည်း ပိတ်သိမ်းပြီး အမှုမှ လွှတ်ရမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာထားသည်။
အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းတို့အား သီတင်းကျွတ်ကာလတွင် ကုသိုလ်များပြုလုပ်နိုင်ရန် လူသားချင်း စာနာမှု အထိမ်းအမှတ်အနေဖြင့် လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း မြဝတီရုပ်မြင်သံကြားမှ တဆင့် ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ဇွန်လအတွင်းက စစ်ကောင်စီက ၅၀၅ – ကဖြင့် အမှုဖွင့်တရားစွဲဆိုထားသည့် အနုပညာရှင်များ အနက်မှ ၂၄ ဦးတို့အား ပယောဂတစုံတရာကြောင့် စစ်အာဏာရှင်လှုပ်ရှားမှုများအား လုပ်ဆောင်ခဲ့သည်ဟု ယူဆရသဖြင့် အမှုဖွင့်တရားစွဲဆိုခြင်းအား ရုတ်သိမ်းခဲ့သည်။
၎င်းတို့မှာ ဝါဆိုမိုးဦး၊ ကျော်ကျော်နန္ဒ၊ ဟန်နေတာ၊ သက်မွန်မြင့်၊ G fatt၊ Kelven Kate၊ Mary၊ နော်ဖောအယ်ထား၊ ခါရာ၊ စူးရှနိုင်၊ ချစ်သုဝေ၊ J Fire၊ သီဟထွန်း၊ အေးဝတ်ရည်သောင်း၊ အေးမြတ်သူ၊ ညီနန္ဒ၊ မိတ်ကပ်မထက်၊ မိတ်ကပ်မေဦးမောင်၊ ခြူးပန်းနွယ်၊ သားငယ်၊ အောင်ထက်၊ နန်းသူဇာ၊ သွင်ပပအောင်၊ သဇင်နွယ်ဝင်း တို့ဖြစ်ကြသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဧပြီ ၂ ရက်နေ့မှ မေ ၁ ရက်နေ့ထိ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)၊ ဆူပူဆန္ဒပြမှုများနှင့် လူမှုကွန်ရက် စာမျက်နှာမှတဆင့် လှုံ့ဆော်ရေးသားမှုများကြောင့်ဟု ဆိုကာ သဘင်၊ ဂီတ၊ ရုပ်ရှင်လောကမှ အနု ပညာရှင် တချို့ကို ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ဇွန် ၃၀ ရက် က စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကာလအတွင်း ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၂၀၀၀ ကျော်အား ပြန်လွှတ်ပေးခဲ့ရာ နာမည်ကျော် အနုပညာရှင်များ ပါဝင်မည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း သရုပ်ဆောင် မေတိုးခိုင် ၁ ဦး သာ ပြန်လွတ်လာခဲ့သည်။
ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲခံထားရသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ လူရွှင်တော် ဇာဂနာ၊ အဆိုတော် စောဖိုးခွား၊ သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ရဲတိုက်၊ ပိုင်တံခွန်၊ အဆိုတော်ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်း တို့မှာ အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည်။
You may also like these stories:
စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေး ရေစုန်မြောနေပြီ
ရွှေလီမြို့ရှိ မြန်မာနိုင်ငံသားပိုင်ဆိုင်များ တရားဝင်လိုင်စင် လျှောက်ထားရမည်
မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းများ မနက်ဖြန် ပြန်ဖွင့်မည်