စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့သဖြင့် ဖမ်းဆီးထောင်ချခံရသည့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့် အပါအဝင် ဒေသခံ ၂ ဦး ယမန် နေ့က ပြန်လွတ်လာကြောင်း သိရသည်။
စစ်ကောင်စီက အာဏာသိမ်းမှု ဆန့်ကျင်သည့် ဆန္ဒပြပွဲတွင် ပါဝင်ရင်း ဖမ်းဆီးထောင်ချခံရသူ ၁၃၁၆ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သဖြင့် တရားစွဲဆိုခံထားရ သူ ၄၃၂၀ ဦး၏ ကြားနာဆဲ အမှုများကို ပိတ်သိမ်းပြီး အမှုမှ လွှတ်ပေးမည်ဟု ကြေညာပြီးနောက် ယမန်နေ့မှ စတင်ကာ အကျဉ်းထောင်အသီးသီးမှ ပြန်လွတ်ပေးနေခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း ပြန်လွတ်လာသူများထဲတွင် ဦးရဲခေါင်ညွန့်အပြင် ဒေသခံ ၂ ဦးဖြစ်သော ဦးလူနီနှင့် ဦးအောင်စိုးမိုးတို့ မှာ အောက်တိုဘာ ၁၈ ရက်နေ့တွင် သံတွဲအကျဉ်းထောင်မှ ပြန်လွတ်လာခြင်း ဖြစ်သည်။
ဦးရဲခေါင်ညွန့်က “လွတ်မြောက်လာမှု အပေါ် ကျနော်ပြောလိုတာကတော့ မလွတ်မြောက်ဘဲ ကျန်နေသေးတဲ့ ကျနော်တို့ ဒေသက တခြားသူတွေကိုလည်း အမြန်ဆုံး ပြန်လွတ်လာစေချင်တယ်” ဟု ဧရာဝတီကို ပြောသည်။
ယမန်နေ့က ပြန်လွတ်မြောက်လာသူများထဲတွင် ၎င်းတို့ ၃ ဦးအပြင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်နှင့်အတူ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်နှင့် ၂ လ ချမှတ်ခံထားရသူ တောင်ကုတ်မြို့နယ် NLD ပါတီ ခေါင်းဆောင် တဦးဖြစ်သူ ဦးသန့်ဇင်ဖြိုးလည်း ပါဝင်ကြောင်း ၎င်းက ပြောသည်။
ဦးရဲခေါင်ညွန့်နှင့် ဒေသခံ ၂ ဦးတို့သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့်အတွက် ဟုဆိုကာ ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်တွင် ဂွမြို့နယ်တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု (ဘေး/စီမံ)၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ (ငြိမ်းစု/စီ) ဥပဒေများဖြင့် ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့သည်။
ဦးရဲခေါင်ညွန့်အား ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်၊ ဘေး/စီမံဖြင့် ထောင်ဒဏ် ၃ လ၊ ဦးလူနီအား ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်၊ ဦးအောင်စိုးမိုးအား ငြိမ်းစု/စီဖြင့် ထောင်ဒဏ် ၂ နှစ်နှင့် ဘေး စီ/မံဖြင့် ထောင်ဒဏ် ၃ လ အသီး အသီး ချမှတ်ထားခံရခြင်း ဖြစ်သည်။
ထို့အတူ ဦးသန့်ဇင်ဖြိုးမှာလည်း စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒပြခဲ့မှုနှင့် ပတ်သက်၍ ဘေး/စီမံ ဥပဒေပုဒ်မ ၂၅၊ ငြိမ်းစု/စီ ဥပဒေပုဒ်မ ၁၉ ဖြင့် တောင်ကုတ်မြို့နယ် တရားရုံးက စက်တင်ဘာ ၁၇ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်နှင့် ၂ လ ချမှတ်ထားသည်။
ယခုအခါ ရခိုင်ပြည်နယ်၊ တောင်ပိုင်း မြို့နယ်များဖြစ်သည့် သံတွဲ၊ ဂွ၊ တောင်ကုတ် စသည့် မြို့နယ်များမှ စစ်အာဏာသိမ်းမှု အပေါ် ဆန့်ကျင်ဆန္ဒပြသဖြင့် ဖမ်းဆီး အရေးယူခံရသူများအနက် တောင်ကုတ်မြို့မှ ဦးသန့်ဇင်ဖြိုး၊ ဂွမြို့မှ ဦးရဲခေါင်ညွန့်နှင့် ဦးလူနီ၊ ဦးအောင်စိုးမိုးတို့ ၄ ဦးသာ ပြန်လွတ်လာသေးခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်နှင့် ဝန်းရံသူ ဒေသခံတချို့မှာ ဆက်လက် ဖမ်းဆီးခံထားရဆဲ၊ အမှုများ ရင်ဆိုင်နေရဆဲ ဖြစ်သည်။
ထို့ပြင် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ ဖြစ်ကြသည့် ဦးစိုးလေး၊ ဒေါ်နီနီမေမြင့်နှင့် NLD လူငယ်များ ဖြစ်သော ဒေါ်မိုးဆန်းစုကြည်၊ ဒေါ်ချစ်ချစ်ချော တို့မှာလည်း ဖမ်းဆီးခံထားရဆဲ ဖြစ်ရာ ၎င်းတို့ ပြန်လွတ်မြောက်လာရေးအတွက် မိသားစုဝင်များက မျှော်လင့်နေကြသည်။
You may also like these stories:
တောင်ကုတ် NLD ခေါင်းဆောင်နှစ်ဦး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ကျော် ချမှတ်ခံရ
စစ်ဆန့်ကျင်ရေး ဆန္ဒပြ ရခိုင်ကျောင်းသား ၄ ဦး ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချမှတ်ခံရ