မန္တလေးခရိုင်၊ မဟာအောင်မြေ မြို့နယ်အတွင်းရှိ မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း (မန္တလေးကျောက်ဝိုင်း) အနီးတွင် ယနေ့ နံနက် ၁၁ နာရီခွဲဝန်းကျင်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးနောက် မွန်းလွဲ ၂ နာရီခွဲခန့် အချိန်ထိ ကျောက်ဝိုင်း အတွင်းမှ လူများကို ထွက်ခွင့်မပေးဘဲ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု နှင့် သေဆုံးမှု မရှိကြောင်း ကျောက်ကုန်သည်များနှင့် ကျောက်ပွဲစားများက ပြောသည်။
ကျောက်ဝိုင်းအတွင်း ပိတ်မိခဲ့သည့် ကျောက် သမားတဦးက “ကွဲတာက ဝိုင်းအနောက်ဘက်ခြမ်းမှာ ကွဲတာ။ ပြီးတော့ စစ်သားတွေ၊ ရဲတွေ ရောက်လာပြီးတော့ သေနတ်ပစ်တာတွေ လည်း လုပ်ကြတာ။ ၈ ချက်လောက် အနည်းဆုံးပဲ။ လူအသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ ဒါပေမဲ့ နေ့လယ် ၂ နာရီခွဲလောက်ထိ ဝိုင်းထဲက လူတွေကို အပြင်ပေးမထွက်ဘူး” ဟု ပြောသည်။
အဆိုပါ ဗုံးပေါက်ကွဲမှု မဖြစ်ပွားမီ တပတ်ခန့်အလိုက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မန္တလေး)၊ မြို့ပြပြောက်ကျားအဖွဲ့များ က ကျောက်ဝိုင်းဆင်းသည့် ကျောက်သမားများအား သတိပေးချက် ထုတ်ပြန်ခဲ့သလို ယနေ့ ဗုံးပေါက်ကွဲမှုသည်လည်း Generation-Z Power ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မန္တလေး) က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
“အခုလို ဝိုင်းထဲမှာ ပိတ်မိနေတာမျိုး အတွက်တော့ စိတ်မကောင်း ဖြစ်မိပေမယ့် ကိုယ့်လောဘနဲ့ ကိုယ်ခံကြရတာပေါ့။ အခုလို လုပ်မယ်ဆိုတာကို တရားဝင် ကြေညာပြီးမှ လုပ်တာပဲလေ။ အခုလို လုပ်မယ်ဆိုတာကို ၃ ရက်လောက် ဆက် တိုက် ကြိုတင် သတိပေးထားတယ်။ ကိုယ့်အန္တရာယ်ကိုယ် ကြည့်ရှောင်ကြဖို့နဲ့ ဖြစ်လာရင် တာဝန်မယူ ဆိုတာကို PDF အဖွဲ့တွေနဲ့ မြို့ပြပျောက်ကျားအဖွဲ့တွေပေါ့” ဟု ကျောက်ဝိုင်းအနီး ကျောက်မျက်လုပ်ငန်းရှင် တဦးက ပြောသည်။
Generation Z Power ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မန္တလေး)၏ ထုတ်ပြန်ချက်တွင် မဟာအောင်မြေ ကျောက်မျက်ရောင်း ဝယ်ရေး စခန်းအား သတိပေးရန် ပဒေသာမိုင်း ၅ လုံး လျာထားပြီး ဖြစ်သလို ပထမဆုံး သတိပေးသည့် အနေဖြင့် ရဲကား အနီး ၁ လုံး ဖောက်ခွဲခဲ့ကြောင်း၊ ကျောက်မျက်ရတနာလုပ်ငန်း လုပ်ကိုင်ကြသူများ အနေဖြင့် ယင်း ကျောက်မျက်ရောင်း ဝယ်ရေး စခန်းအတွင်း ဆက်လက် လုပ်ကိုင်မည်ဆိုပါက အကြမ်းဖက် စစ်ကောင်စီများနှင့် အနီးကပ် ရှိနေနိုင်သောကြောင့် သတိထား ဆင်ခြင်နိုင်ရန်ဟု ဖော်ပြထားသည်။
မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) သည် မဟာအောင်မြေမြို့နယ်၊ ၈၈ လမ်းနှင့် ၈၉ လမ်း ကြား၊ ၃၉ လမ်းနှင့် ၄၀ လမ်းကြားတွင် တည်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ၂၀၂၀ ပြည့်နှစ် မတ်လကုန်ပိုင်းက စတင်၍ ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ပိတ်ထားခဲ့ရာမှ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့် လက်ရှိ မြို့တော်ဝန် ဦးကျော်ဆန်း ဦးဆောင် သည့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ၂၀၂၁ အောက်တိုဘာ ၁၂ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ၁ ပတ်ခန့်အကြာတွင် ထိုကဲ့သို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။
“စည်ပင်ကနေ ဝိုင်းကို ဒီလ ၁၂ ရက်နေ့မှာ ပြန်ဖွင့်တယ်။ အဲဒီလို ဖွင့်ပေမယ့် ဝိုင်းထဲကို ဆင်းတဲ့သူက အလွန်နည်းပါ တယ်။ ဝိုင်းဘက်ကို လာတဲ့သူတွေကလည်း ဝိုင်းအပြင်မှာပဲ အရောင်းအဝယ် လုပ်ကြတာ များတယ်။ အခု အဲဒီလို လုပ် နေကြတော့ ဒီကောင်တွေ (စည်ပင်ရဲ) က ဝိုင်းအပြင်မှာ အရောင်းအဝယ် လုပ်နေတာကို တွေ့ရင်ဖမ်းမယ်၊ ပစ္စည်းသိမ်း မယ်ဆိုပြီး ဝိုင်းထဲကို အကုန်ဝင်ခိုင်းတာ။ အဲဒါကြောင့် အခုလို ဖြစ်တော့ ဝိုင်းထဲမှာ ပိတ်မိကုန်တာ” ဟု ကျောက်သမား တဦးက ပြောသည်။
ပြီးခဲ့သည့် ၁ လကျော်ကလည်း မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း အရှေ့ဘက်ခြမ်းရှိ ဖားကန့်ဆောင် တွင်လည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) သည် ကျောက်စိမ်း ကျောက်မျက်များ အရောင်း အဝယ် လုပ်ကိုင်ရာ မြန်မာနိုင်ငံ၏ အကြီးဆုံး ကျောက်မျက်ဈေး ဖြစ်သလို အမြဲတမ်းဆိုင်ခန်း ၁,၁၀၀ ကျော်နှင့် ပျံကျ အုတ်ခုံ ၁၇၀ ကျော် ရှိကာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ စီမံခန့်ခွဲမှုဖြင့် ၂၀၀၁ က စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။