အာဏာသိမ်းစစ်ကောင်စီအမိန့်ဖြင့် လွတ်မြောက်လာသူများထဲမှ နိုင်ငံရေးအကျဉ်းသား ၁၁၀ ဦးမှာ ပြန်လည်ဖမ်းဆီးခံခဲ့ရ ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP) က ယမန်နေ့က သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါအရေအတွက်သည် AAPP မှ လက်လှမ်းမီရရှိသည့် အရေအတွက်သာဖြစ်ပြီး ပြန်လည်ဖမ်းဆီးခံရမည့်အရေး ကြောင့် တိမ်းရှောင်နေရသူများလည်းရှိနေသည့်အတွက် အမှန်တကယ် ပြန်လည်ဖမ်းဆီးခံရသည့်အရေအတွက်မှာ ယင်း ထက်ပင်ပိုများနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပြန်လည်ဖမ်းဆီးခံရသူများတွင် ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်းတို့အတွင်းမှ ပါဝင်ခဲ့ပြီး ယင်းကဲ့သို့ လွှတ်ပေးပြီးမှ ပြန်လည် ဖမ်းဆီးသည့်လုပ်ရပ်သည် နိုင်ငံရေးအကျဉ်းသားတဦးချင်စီကိုသာမက မိသားစုဝင်များနှင့် ကလေးသူ ငယ်များကိုပါ ပစ် မှတ်ထားနှိပ်စက်ညှဉ်းပမ်းမှုဖြစ်ကြောင်း သက်သေပြနေခြင်းဖြစ်သည့်အတွက် ပြင်းထန်စွာရှုံချကြောင်း လည်း AAPP က ဆိုထားသည်။
AAPP က “လွတ်မြောက်ပြီး ထောင်ဗူးဝရောက်မှ ထပ်မံဖမ်းဆီးခံရခြင်း သို့မဟုတ် မိသားစုနှင့်နာရီပိုင်းမျှနေ၍ ထပ်မံဖမ်းဆီးခံရခြင်း သည် ကာယကံရှင် နိုင်ငံရေးအကျဉ်းသားကိုသာမက မိသားစုကိုပါ ပြင်းထန်သော စိတ်ဒဏ်ရာများရစေပါသည်။ တနည်း အားဖြင့် ထိုလုပ်ရပ်သည် ရက်စက်ကြမ်းကြုတ်သော စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုပင် ဖြစ်သည်” ဟု သုံးသပ်ဝေဖန်းထားသည်။
မိတ္ထီလာထောင်မှာ ပြန်လည်လွှတ်မြောက်လာသည့် NLD ပါတီ၏ မိတ္ထီလာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဦးလွင်မောင်မောင် အပါအဝင် ၁၁ ဦးမှာလည်း အကျဉ်ထောင်ရှေ့တွင်ပင် ပြန်လည်ဖမ်းဆီးခံရပြီး နောက် ပိုင်းတွင် ၃ ဦးအားပြန်လွှတ်ပေးခဲ့ကာ ၈ ဦးအား နောက်တိုးပုဒ်မများဖြင့် ဆက်လက်ဖမ်းဆီးကာ တရားစွဲဆိုထားကြောင့် ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည်။
ပြန်လည်ဖမ်းဆီးခံရသူများဖြစ်သည့် ဦးလင်မောင်မောင်နှင့် ဦးသက်မောင်မောင်တို့အပါအဝင် ၇ ဦးမှာ အကြမ်းဖက်မှုတိုက် ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲခံရပြီး လူငယ်တဦးမှာ မီးရှို့မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၃၆ မှာ တရားစွဲခံရကာ နို ဝင်ဘာ ၂ ရက်နေ့အထိ ချုပ်ရမန်ရယူထားကြောင်းလည်း သိရသည်။
ယခုကဲ့သို့ လွှတ်မြောက်လာသူများအား အိမ်ပြန်မရောက်ခင်ပင် ထောင်ဘူးဝရှေ့၌ ပြန်လည်ဖမ်းဆီးခြင်းမှာ မိသားစုဝင်များ ၏ မျှော်လင့်ချက်များအား ရိုက်ချိုးလိုက်ခြင်းပင်ဖြစ်ပြီး ပြန်လည်ဖမ်းဆီးခံရသူများနှင့် မိသားစုဝင်များ အတွက် စိတ်မ ကောင်းဖြစ်မိကြောင်း လွတ်ငြိမ်းမိန့်ဖြင့် အကျဉ်းထောင်မှပြန်လည်လွှတ်မြောက်လာသူတဦးကပြောသည်။
၎င်းက “မျှော်လင့်ချက်ကြီးနဲ့ လာကြတာလေ စဉ်းစားကြည့်ပေါ့၊ ခံဝန်နဲ့လည်းထွက်လာပြီးသား၊ နောင်တချိန်ဒီပြစ်မှုကို ပြန် ကျူးလွန်လို့ ဖမ်းတယ်ဆိုရင် မပြောလိုဘူး၊ အခုက ဘာမှမဟုတ်ဘဲနဲ့ အိမ်တောင်မရောက်သေးဘူး၊ ထောင်ဘူးတံခါးဝမှာ တင် ချက်ချင်းလက်ထိပ်ခတ်ပြီးတော့ လုပ်တော့ ခံစားရတဲ့မိသားစုတွေက မချိမဆံ့ခံစားရတာ” ဟု ပြောသည်။
ယင်းအပြင် ပြီးခဲ့သည့်အောက်တိုဘာ ၁၉ ရက်နေ့ညပိုင်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က အမှုဖြင့် တရားစွဲခံထားရသူ ကိုသက်ပိုင်ထွေးဆိုသူမှာ အင်းစိန်ထောင်မှ လွတ်မြောက်လာကာ နေအိမ်ပြန်ရောက်ပြီး ခနအကြာတွင် ပြန်လည်ဖမ်းဆီးခံလိုက်ရသည်။
ယင်းသို့ပြန်လည်ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး ရွာမရဲစခန်းမှ “လူမှား၍ လွတ်လိုက်မိခြင်း” ဟု အကြောင်းပြကာ ပြန်လည်ဖမ်း ဆီးခြင်းဖြစ်ကြောင်း ပြောခဲ့သည်ဟု မိသားစုဝင်တဦးက ဧရာဝတီသို့ပြောထားသည်။
အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ၎င်းတို့အားဆန့်ကျင်ဆန္ဒပြပွဲမှားတွင် ပါဝင်ခဲ့၍ နိုင်ငံရေးနှင့်ဆက်နွယ်ပြီး ပြစ်ဒဏ်ချမှတ် ခံရသူ ၁၃၁၆ ဦး၊ ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၄၃၂၀ ဦးအား ပြစ်ဒဏ်လွှတ်ငြိမ်း/အမှုပိတ်သိမ်းကာ လွှတ်ပေးရန် အောက် တိုဘာ ၁၈ ရက်နေ့က အမိန့်ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
You may also like these stories:
လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လည်ဖမ်းဆီးခံရ
နိုင်/ကျဉ်းများ လွှတ်ပေးမှု ကြေညာချက်ပါ အရေအတွက်ထက် နည်းနေနိုင်ဟု AAPP ဆို
စစ်ဆန့်ကျင်ရေး ဆန္ဒပြ ရခိုင်ကျောင်းသား ၄ ဦး ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချမှတ်ခံရ
လူထုရဲ့ မျက်လုံးနဲ့ နားတွေကို ပိတ်ဖို့ စစ်ကောင်စီ ကြိုးစားနေ