ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွက် အဓိက အချက်အခြာကျသော ကုလားတန်မြစ်ရှိ ကျောက်တော် – ပလက်ဝ ဆက်သွယ်သည့် ရေလမ်းကြောင်းကို စစ်တပ်က ကန့်သတ် ပိတ်ပင်ထားသောကြောင့် ဒေသခံများ အခက်အခဲ ကြုံနေရကြောင်း သိရသည်။
ထိုသို့ ကန့်သတ် ပိတ်ပင်ထားမှုကြောင့် ပလက်ဝမြို့နယ်အတွင်းရှိ ဒေသခံများ အနေဖြင့် ကျန်မာရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များအတွက် သွားလာရေး အခက်အခဲ ဖြစ်နေရသလို ကုန်စည်စီးဆင်းမှုများ အဟန့်အတား ဖြစ်နေသည့်အတွက် အခြေခံစား သောက်ကုန်များမှာလည်း ဈေးမြင့်တက်လျက် ရှိကြောင်း ဒေသခံများက ပြောသည်။
ပလက်ဝမြို့ခံ ကိုကျော်ဝင်းက “ဘာကြောင့် ဒီလို ပိတ်ထားတယ် ဆိုတာလည်း ကျနော်တို့ ဒေသခံတွေ မသိရဘူး။ ဒီလ အတွင်းက ကျနော့်ဆွေမျိုးတယောက် ကျန်းမာရေး မကောင်းလို့ ကျောက်တော်ကို ဆေးကုဖို့ မျှောစာတင်တာ ၃ ရက် ကြာတယ်။ ၄ ရက်နေ့ ညနေပိုင်းမှ ခွင့်ပြုချက်စာ ရတယ်။ မျှောစာတင်တဲ့ ကြားထဲမှာ လူနာမသေလို့ ကံကောင်းတယ်လို့ပဲ မှတ်လိုက်ရတာပေါ့” ဟု ဧရာဝတီကို ပြောသည်။
ထိုသို့ ကျန်မာရေး ကိစ္စများအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ခွင့်ပြုချက် မျှောစာတင်သည့် အခါတွင်လည်း စစ်တပ်နှင့် ရင်းနှီးမှု ရှိသူများကိုသာ ခွင့်ပြုပေးလေ့ ရှိသည်ဟုလည်း ဒေသခံများက ဆိုသည်။
အမည်မဖော်လိုသည့် ပလက်ဝမြို့ခံ ကုန်သည်တဦးက “ရေလမ်းခရီးကို စစ်တပ် စစ်ဆေးရေး ဂိတ်တွေက ပိတ်ထားတယ် ဆိုပေမယ့် သူတို့နဲ့ ရင်းနှီးတဲ့ စက်လှေသမားတွေကိုတော့ တိတ်တဆိတ် ခွင့်ပြုချက် ပေးထားတယ်။ သူတို့ဆို ရိက္ခာ အ နည်းအကျဉ်း သယ်လို့ရတယ်။ မျှောစာတင်ရင်လည်း အဲဒီ စက်လှေသမားတွေနဲ့ စာတင်မှ ခွင့်ပြုချက် ရတယ်။ ခွင့်ပြုချက် ရရင်လည်း အဲဒီစက်လှေကို ဈေးကြီးပေးငှားမှ သွားခွင့်ရတာ” ဟု ပြောသည်။
ထိုသို့ ပလက်ဝမြို့နယ်အတွင်း အဓိကဖြစ်သည့် ရေလမ်းကြောင်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားရာ အခြေခံ စားသောက်ကုန်များမှာ အဆမတန် ဈေးမြင့်တက်နေပြီး ကျန်းမာရေးအတွက် ဆေးဝါးများမှာလည်း ပြတ်လပ် လုနီးပါး ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပလက်ဝမြို့နယ်အတွင်းရှိ ဆီမီးမြို့ခံ ဦးပြည့်ဆုက “ကုန်ဈေးနှုန်းကတော့ ဒီလိုပဲ တက်နေတာပေါ့။ ဒေသခံတွေ အနေနဲ့ လည်း ဖြစ်သလို ရှာဖွေ စားသောက်နေတာ ရှိတယ်။ အဓိကတော့ ကော်ဖီမစ်ထုတ်တွေ ဈေးတက်တယ်။ ဓာတ်ဆီဈေးဆို ၁ လီတာကို ၃၀၀၀ ကျပ်နဲ့ ဝယ်ပြီး သုံးနေရတယ်” ဟု ဧရာဝတီကို ပြောသည်။
ထိုသို့ လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းများကို စစ်တပ်က ကန့်သတ် ပိတ်ပင်ထားသော်လည်း ပလက်ဝမြို့ပေါ်တွင် ဝင်ရောက် ခိုလှုံနေသော စစ်ဘေးရှောင်များကို နယ်မြေ အေးချမ်းနေပြီ ဟုဆိုကာ နေရပ်ပြန်ရန် တိုက်တွန်းနေကြောင်း လည်း စစ်ဘေးရှောင် ကျေးရွာသားများက ပြောသည်။
ပလက်ဝမြို့ပေါ်တွင် စစ်ရှောင်စခန်း ၁၃ ခုရှိပြီး လူဦးရေ ၆၀၀၀ နီးပါးရှိကာ မြေမြှုပ်မိုင်း အန္တရာယ် အပါအဝင် လမ်းပန်း ဆက်သွယ်ရေး ပိတ်ဆို့ ကန့်သတ်ထားသည့် အခြေအနေများကြောင့် နေရပ်ပြန်ရန် စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။
စစ်ကောင်စီ အနေဖြင့် စစ်ဘေးရှောင်များအတွက် ထောက်ပံ့ငွေ ပေးရာတွင်လည်း နေအိမ်များ ပြန်တည်ဆောက်ရန် အတွက် ဟုဆိုကာ နေအိမ် ၁ လုံး ပြုပြင်စရိတ်အဖြစ် ၃၈၆၀၀၀ ကျပ်၊ နေအိမ်တလုံး အသစ်ပြန်လည် ဆောက်လုပ်ရန် အတွက် ၅၈၆၀၀၀ ကျပ်နှုန်းဖြင့်သာ ထောက်ပံ့ပေးခဲ့ကြောင်း စစ်ဘေးရှောင် ဒေသခံများက ပြောသည်။
ပလက်ဝမြို့ပေါ်တွင် လာရောက် ခိုလှုံနေသော ကျေးရွာသားတဦးက “ကျနော်တို့ကို ဘယ်အချိန် ပြန်ရမယ် ဆိုတာတော့ ရက်သတ်မှတ် ပေးတာတော့ မရှိဘူး။ ပြန်နိုင်ပြီဆိုတဲ့ သဘောမျိုးနဲ့ အိမ်ဆောက်နဲ့ အိမ်ပြုပြင်ဖို့ ငွေကြေး ထောက်ပံ့ပေး တာပေါ့။ အခု အဲဒီ ထောက်ပံ့ပေးနေတဲ့ ငွေလည်း ကုန်သွားလို့ တချို့ရွာသားတွေ ထောက်ပံ့ငွေ မရကြသေးဘူး” ဟု ဆိုသည်။
ပလက်ဝမြို့နယ်အတွင်း စစ်ဘေးရှောင် ၂၀၀၀၀ ကျော်အထိ ရှိနေပြီး စစ်ကောင်စီက အင်တာနက်လိုင်းများကို ဖြတ်တောက်ထားခြင်း၊ ရေလမ်းကုန်းလမ်းများကို ကန့်သတ် ပိတ်ဆို့ထားခြင်းများကြောင့် မြို့တွင်းရှိ ဒေသခံများနှင့် စစ်ရှောင်များအတွက် ရိက္ခာသယ်ယူရေး အခက်အခဲ ဖြစ်နေရသည်ဟု ပလက်ဝ ဒေသခံများက ပြောသည်။
You may also like these stories :
စစ်ကောင်စီက ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်များအား အိမ်ပြန်ခိုင်းနေ
ပလက်ဝတွင် ကိုဗစ်ကြောင့် ပိတ်ထားသည့် စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်