နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားသည့်အမှုများ တရားခွင်စစ်ဆေးကြားနာမှုကို အ များပြည်သူသိရှိခွင့်အား ပိတ်ပင်သည့်အနေဖြင့် ယနေ့တွင် ရှေ့နေဦးကြည်ဝင်းအား အာဏာသိမ်းစစ်ကောင်စီက ပြောဆိုခွင့် ထပ်မံပိတ်ပင်လိုက်သည်။
ယခုကဲ့သို့ အမှုအကြောင်း ပြည်တွင်းပြည်ပအဖွဲ့အစည်း၊ မီဒီယာများထံပြောဆိုခွင့်ပိတ်ပင်မှုသည် ဒေါ်အောင်ဆန်းစုကြည် ၏ ရှေ့နေအဖွဲ့မှ ၅ ဦးမြောက်ပိတ်ပင်ခံရခြင်းဖြစ်ပြီး လာမည့် အောက်တိုဘာ ၂၆ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တရားခွင်တွင် ထွက်ဆိုမည့်ရက်မတိုင်မီ ပိတ်ပင်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းလည်းဖြစ်သည်။
စစ်ကောင်စီလက်အောက်ခံအဖွဲ့များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ဝင်တဦးဖြစ်သူ ဦးကြည်ဝင်း၏ ရုံးခန်း တည်ရှိရာ ကျောက်တံတားမြို့နယ်၊ ၃၅ လမ်း၊ အောက်ဘလောက်သို့ ယနေ့လာရောက်ကာ အမှုအကြောင်း ပြောဆိုခွင့် ပိတ်ပင်သည့် ပုဒ်မ ၁၄၄ ထုတ်ပြန်ကြောင်းအမိန့်စာအား လာရောက်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ပေးအပ်ရာတွင် ကာယကံရှင်ဖြစ်သူ ဦးကြည်ဝင်းအား ရုံးခန်းတွင်ရှိမနေသည့်အတွက် အနီးအနားရှိ မိတ်ဆွေးတဦး ထံကတဆင့် ဦးကြည်ဝင်းသိစေရန် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ရုံးအနီးနေထိုင်သူအချို့ထံက သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့တရားခွင်တွင် စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့က ကျန်းမာရေးအ ကြောင်းပြကာ နုတ်ထွက်ရန်ဖိအားပေးခြိမ်းခြောက်ခံခဲ့ရကြောင်း သမ္မတဦးဝင်းမြင့်က ထွက်ဆိုခဲ့ပြီးနောက် အာဏာသိမ်း စစ်ကောာင်စီက ရှေ့နေများအပေါ် ပြောဆိုခွင့်များ ဆက်တိုက်ဆိုသလို ပိတ်ပင်တားဆီးမှုများပြုလုပ်လာခြင်းဖြစ်သည်။
မကြားသေးခင်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်၏ ရှေ့နေအဖွဲ့ဝင်များဖြစ်သည့် ဦးခင်မောင်ဇော်၊ ဦးသဲမောင်မောင်နှင့် ဒေါ်မင်းမင်းစိုးက ပြောဆိုခွင့်ပိတ်ပင်ခဲ့ပြီး ဩဂုတ်လအတွင်းကလည်း ရှေ့နေတဦးဖြစ်သူ ဒေါ်စန်းမာ လာညွှန့်အား ပိတ်ပင်ခဲ့သေးသည်။
ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏အမှုများအား ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ကာ တရားခွင်အတွင်း စစ်ဆေးမေး မြန်း မှုများအား အများပြည်သူသိရှိစေရန် သတင်းထုတ်ပြန်ပေးနေသည့် ရှေ့နေများအား ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ ပြောဆိုခွင့် ပိတ်ပင်မှုကြောင့် အမှုစစ်ဆေးမှုအခြေအနေများအား အများပြည်သူသိရှိခွင့် ဆုံးရှုံးနိုင်သည့် အခြေအနေ ဖြစ်လာနေကြောင်း ရှေ့နေတဦးကသုံးသပ်သည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်အမှု စာအုပ်ကြည့်ဖတ် ထွက်ဆိုခြင်း မလုပ်ဖို့ တရားလိုကို တားမြစ်
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ဝင် ၂ ဦး အမှုအကြောင်း မပြောရန် ထပ်မံပိတ်ပင်ခံရ
စစ်ကောင်စီအကြီးအကဲက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအာဃာတ ကြီးမားနေ