သတင်း

စစ်ကောင်စီကို ပထုတ်ထားသော ASEAN ထိပ်သီးဆွေးနွေးပွဲ မြန်မာမပါဘဲ စတင်

ဒေသတွင်း ငြိမ်းချမ်းရေးအစီအစဉ်ကို လိုက်နာရန် ပျက်ကွက်သောကြောင့် စစ်ကောင်စီခေါင်းဆောင်ကို တက်ခွင့်မပေးသလို စစ်ကောင်စီကလည်း ရာထူးငယ်သော ကိုယ်စားလှယ်ဖြင့် ကိုယ်စားပြုရခြင်းကို လက်မခံသောကြောင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ထိပ်သီးဆွေးနွေးပွဲကို အောက်တိုဘာလ ၂၆ ရက်နေ့တွင် မြန်မာကိုယ်စားလှယ်မပါဘဲ စတင်ကျင်းပသည်။

ASEAN ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံသာမက အဖွဲ့အထွေထွေအတွင်းရေးမှူးကပါ ထိုဗီဒီယိုဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် မြန်မာမပါဝင်ခြင်းအကြောင်းကို ထည့်သွင်းပြောကြားခြင်း မပြုပေ။

အရပ်သားအစိုးရကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ဖြုတ်ချခဲ့သော စစ်ကောင်စီခေါင်းဆောင်သည် မြန်မာမှ သွေးချောင်းစီးအကျပ်အတည်း အဆုံးသတ်ရေး ဧပြီလတွင် ASEAN က သဘောတူခဲ့သော ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖေါ်ရန် ပျက်ကွက်သောကြောင့် သူ့ကို ဖယ်ထုတ်ထားရန် ASEAN က အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

ထိုဆုံးဖြတ်ချက်သည် ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဘဲ ထိတွေ့ဆက်ဆံခြင်းအတွက် ကျော်ကြားသည့် ASEAN ၏ ရှားပါးရဲရင့်သော ဆုံးဖြတ်ချက်ဖြစ်သည်။

ASEAN သည် မြန်မာမှ နိုင်ငံရေးနှင့် မသက်ဆိုင်သော ကိုယ်စားလှယ်ကို ဖိတ်ကြားမည်ဖြစ်ကြောင်း ဘရူနိုင်းက ပြောသော်လည်း ထိုကိစ္စကို ထိပ်သီးဆွေးနွေးပွဲဖွင့်ပွဲတွင် အတည်ပြုပြောကြားခြင်း မရှိပေ။

မြန်မာစစ်ကောင်စီက ထိပ်သီးဆွေးနွေးပွဲတွင် နိုင်ငံအကြီးအကဲ သို့မဟုတ် ဝန်ကြီးအဆင့်ကိုယ်စားပြုမှုကိုသာ လက်ခံမည်ဖြစ်ကြောင်းပြောကြားသဖြင့် မြန်မာက်ိုယ်စားလှယ်နေရာတွင် လစ်လပ်သွားသည်။

ရွေးကောက်ခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖြုတ်ချလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မဟာမိတ်အများစုကို ဖမ်းဆီးကာ ဒီမိုကရေစီစမ်းသပ်မှု ဆယ်စုနှစ်ကို အဆုံးသတ်လိုက်ပြီးနောက် မြန်မာ စစ်ကောင်စီသည် လူပေါင်း ၁၀၀၀ ကျော်ကို သတ်ဖြတ်ပြီး ထောင်ပေါင်းများစွာကို ဖမ်းဆီးခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းကပြောသည်။

ထိုစာရင်းသည် ဖေါင်းပွနေကြောင်း နိုင်ငံတဝှမ်းလက်နက်ကိုင်ဆန့်ကျင်မှုများတွင် စစ်သားများလည်း သေဆုံးကြောင်း စစ်ကောင်စီကပြောသည်။

ထိပ်သီးဆွေးနွေးပွဲဖွင့်ပွဲနေ့အစီအစဉ်တွင် ASEAN ခေါင်းဆောင်များနှင့် အမေရိကန်၊ တရုတ် နှင့် တောင်ကိုရီးယားတို့၏ သီးခြားအစည်းအဝေး ၃ ခုပါဝင်သည်။

ASEAN တွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ပါဝင်သည်။

မြန်မာစစ်ကောင်စီခေါင်းဆောင်ကို ချန်လှပ်ထားရန် ဆုံးဖြတ်ရာတွင် ASEAN က သူ၏ ရန်လိုမှုအဆုံးသတ်ရန်၊ တွေ့ဆုံဆွေးနွေးရန်၊ လူသားချင်းစာနာမှု အကူအညီခွင့်ပြုရန်နှင့် အထူးသံတမန်ကို မြန်မာနိုင်ငံတွင် အပြည့်အ၀ လုပ်ဆောင်မှုပေးရန် ပျက်ကွက်ခြင်းများကို ကိုးကားပြောဆိုသည်။

ပဋိပက္ခမှာ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်အကြမ်းဖက်သမားများက ဖန်တီးကြောင်းနှင့် ASEAN သည် ထိုကိစ္စကို ထည့်သွင်းစဉ်းစားခြင်း မရှိကြောင်း စစ်ကောင်စီကပြောသည်။

ရှေ့လာမည့် နှစ်တွင် အသင်း ဥက္ကဋ္ဌရာထူးကို အလှည့်ကျထမ်းဆောင်မည့် ကမ္ဘောဒီးယားသည် မြန်မာစစ်ကောင်စီအပေါ် လက်ရှိဥက္ကဋ္ဌ ဘရူနိုင်းကဲ့သို့ ခပ်ပြတ်ပြတ် ဆက်ဆံမည်မှာ မသေချာပေ။

သို့သော် အာဆီယံ၏ မြန်မာအပေါ် ထားရှိသော ဘုံသဘောတူညီချက်ကို တရုတ်က အပြည့်အဝ သဘောတူထားသောကြောင့် တရုတ်ယိမ်းသော ကမ္ဘောဒီးယားသည်လည်း လတ်တလော သွားနေသည့် လမ်းကြောင်းအတိုင်း ဆက်ရှိနိုင်ဖွယ် ရှိသည်။

မြန်မာစစ်ကောင်စီသည် နိုင်ငံတကာအထီးကျန်မှုကို ခံနိုင်သည့် သမိုင်းရှိသော်လည်း ထိပ်သီးဆွေးနွေးပွဲမှ ဖယ်ထုတ်ခံရခြင်းကို အလေးထားပုံရကြောင်း ဂျနီဗာအခြေစိုက် လူသားချင်းစာနာမှုဆွေးနွေးပွဲဌာန (Centre for Humanitarian Dialogue) မှ မိုက်ကယ် ဗီတီကီရိုးတစ်က ပြောသည်။

“အခုမေးစရာမေးခွန်းကတော့ ဒေသတွင်းခေါင်းဆောင်တွေအနေနဲ့အမေရိကန်နဲ့ ဥရောပသမဂ္ဂလို စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပိုမို တရားဝင်ဆက်ဆံမလား မဆက်ဆံဘူးလားဆိုတာပဲ” ဟု သူပြောသည်။

NUG သည် စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ မဟာမိတ်အဖွဲ့ဖြစ်သည်။

ကိုးကား။ ။ Reuters, Phnom Penh Post

You may also like these stories:

မြန်မာအတိုက်အခံများကို တနေရာပေးရန် ASEAN အတွက် အချိန်ကျပြီ

နာကျင်စရာတွေကို ခွန်အားအဖြစ် ပြောင်းပစ်မယ်လို့ မနီလာသိန်း ပြော

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ သမ္မတကြီးတို့ အမှု နိုင်ငံသားတွေ သိခွင့်ရှိတယ်

မြန်မာတွေ ထိုင်းနဲ့ စင်ကာပူ လာရင် ကွာရန်တင်း ဝင်ရဦးမည်

Loading