စစ်အာဏာရှင်ကို ဆန့်ကျင်၍ ဖမ်းဆီး၊ အကျဉ်းချခံထားရသူများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့်အထဲ အနုပညာရှင် များ ပါဝင်လာခဲ့ခြင်း မရှိသည့်အပေါ် မိသားစုဝင်များက စိုးရိမ်နေပြီး တရားစွဲဆိုရန် ပုဒ်မများ ထပ်တိုးလာမည်ကိုလည်း ၎င်း တို့၏ ရှေ့နေများနှင့် မိသားစုဝင်များက စိုးရိမ်နေသည်ဟု သိရသည်။
ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “မလွှတ်ပေးဘဲနဲ့ ကျန်တဲ့သူတွေက ဘယ်လို လူတွေလဲဆိုရင် ၅၀၅-က အပြင် တခြား အမှုတွေနဲ့ တရားစွဲဆိုဖို့အတွက် အမှုတည်ဆောက်နေတဲ့ လူမျိုးတွေ မလွတ်ဘူး။ နောက်ပြီး ဒီလူတယောက်ကို လွှတ်ပေး လိုက်ခြင်းအားဖြင့် နောက်ထပ် အကျိုးသက်ရောက်မယ့် လူမျိုးတွေကိုဆိုရင် မလွှတ်ဘူးပေါ့။ အဲဒီတော့ ကျနော်တို့ရဲ့ အမှု သည်တွေဖြစ်တဲ့ ရုပ်ရှင်အနုပညာသည်တွေ၊ မီဒီယာသမားတွေ သူတို့တွေကိုကျတော့ ဘယ်လို အကြောင်းပြချက်နဲ့ လွှတ် မပေးလည်း ဆိုတာကို နားမလည်နိုင်ဘူး” ဟု ဧရာဝတီကို ပြောသည်။
အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့အား ဆန့်ကျင်ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့၍ နိုင်ငံရေးနှင့် ဆက်နွယ်ပြီး ပြစ်ဒဏ်ချမှတ်ခံရ သူ ၁၃၁၆ ဦး၊ ဖမ်းဆီး တရားစွဲဆိုခံထားရသူ ၄၃၂၀ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်း/အမှုပိတ်သိမ်းကာ အောက်တိုဘာ ၁၈ ရက်မှ စတင်၍ လွှတ်ပေးသွားမည်ဟု ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ အမှုရုပ်သိမ်းပြီး ပြန်လွတ်မြောက်မည့်ထဲတွင် ပြေတီဦး၊ ပိုင်တံခွန်၊ ရဲတိုက်၊ အိန္ဒြာကျော်ဇင် စသည့် အနုပညာရှင် များ ပါဝင်နိုင်ကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း လူရွှင်တော်ဇာဂနာ ၁ ဦးထဲသာ ပြန်လည် လွတ်မြောက်လာခဲ့သည်။
ဦးခင်မောင်မြင့်က “မိသားစုဝင်တွေကတော့ မျှော်လင့်ကြတာပေါ့။ ပါမယ်လု့ိလည်း ထင်ကြတာပေါ့။ တကယ်ပါမယ်ထင်လို့လည်း ဝမ်းမြောက် ဝမ်းသာနဲ့ အားတက်သရော စောင့်ဆိုင်းကြတာပေါ့။ တရက်တရက်နဲ့ အခုအချိန်ထိ ပါမလာလို့ တော်တော်လေး ထိခိုက် ကြေကွဲကြရတယ်။ ပါမလာတဲ့ အကြောင်းအရင်းကလည်း တိတိပပ မသိတော့ ပိုစိုးရိမ်တာပေါ့” ဟု ဆို သည်။
ယခုတကြိမ် အကျဉ်းသားများ ပြန်လည်လွှတ်ပေးမှုတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး ပြစ်မှုများအတွက် အ ကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား အများအပြားကို ပြန်လွှတ်ပေးခြင်း ဖြစ်သော်လည်း နာမည်ကြီး အနုပညာရှင် များကို ချန်လှပ်ပြီး ဆက်လက် ချုပ်နှောင်ထားသည့်အပေါ် မိသားစုဝင်များက စိုးရိမ်နေကြခြင်း ဖြစ်သည်။
သရုပ်ဆောင် ရဲတိုက်၏ မိသားစုဝင်တဦးက “ကျနော်တို့လည်း ဘယ်တော့ လွတ်မလဲဆိုတာ မျှော်နေတာပဲ။ သိတဲ့သူတွေ လှမ်းမေးတော့ လွှတ်တာတွေက ကုန်သွားပြီတဲ့။ အခုလွှတ်တဲ့ထဲမှာ မပါတော့ဘူး၊ သေချာသွားပြီ။ အစကတော့ အကုန် လွတ်မယ်ထင်တာ။ အခုက မလွတ်လာဘူးဆိုတော့ မလွှတ်ပေးချင်လို့လား၊ ဘာလို့လဲတော့ မသိဘူးပေါ့” ဟု ပြောသည်။
သရုပ်ဆောင် ရဲတိုက်သည် အကျဉ်းထောင်အတွင်း စိတ်ကျရောဂါ ခံစားနေရသည်မှာ ၁ လနီးပါး ရှိပြီဖြစ်ပြီး ယခုတကြိမ် လွတ်မြောက်မည်ဟု မျှော်လင့်ထားသည့်အတွက် မလွတ်သည့်အပေါ် စိတ်ဖိစီးမှုများ နှိပ်စက်သည့်ဒဏ် ပိုမိုခံစားရမည်ကို လည်း မိသားစုဝင်များက စိတ်ပူပန်နေကြောင်း သိရသည်။
“ကိုရဲတိုက်က အခု ၁ လနီးပါး ရှိပြီ စိတ်ကျရောဂါ ပြန်ခံစားနေရတာ။ အဲဒီလို အခြေအနေမျိုးမှာ ထပ်ပြီးတော့ မလွတ်တဲ့ ကိစ္စ ပေါ်လာတဲ့ အခါကျတော့ ပိုပြီးတော့ ဖိစီးနှိပ်စက်တဲ့ စိတ်ခံစားမှုတွေ ဖြစ်မယ်လို့ စိတ်ပူတာပေါ့။ ပုံမှန်အခြေအနေ ထက် ပိုပြီးတော့ စိတ်အနှောင့်အယှက် ဖြစ်မယ်လို့ ထင်တယ်။ ကျနော်တို့ စိုးရိမ်ရတာပေါ့” ဟု ရဲတိုက်၏ မိသားစုက ပြော သည်။
ထိုသို့ နာမည်ကြီး အနုပညာရှင်များ ပြန်လွတ်လာခြင်း မရှိသော်လည်း ဆန့်ကျင်ဆန္ဒပြမှုများ၌ ပါဝင်ခြင်း၊ လူမှုကွန်ရက် စာ မျက်နှာကို အသုံးပြု၍ ဆန့်ကျင်လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ပုဒ်မ ၅၀၅-က ဖြင့် အရေးယူခံထားရသည့် အနုပညာ ရှင် ၂၄ ဦးနှင့် လူမှုကွန်ရက်တွင် လူသိများသူ ၁၀ တို့ကို စစ်ကောင်စီက အောက်တိုဘာ ၁၈ ရက်တွင် အမှု ပိတ်သိမ်းပေးခဲ့ သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဧပြီ ၂ ရက်နေ့မှ မေ ၁ ရက်နေ့ထိ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)၊ ဆူပူဆန္ဒပြမှု များနှင့် လူမှုကွန်ရက် စာမျက်နှာမှတဆင့် လှုံ့ဆော်ရေးသားမှုများကြောင့်ဟု ဆိုကာ သဘင်၊ ဂီတ၊ ရုပ်ရှင်လောကမှ အနု ပညာရှင် တချို့ကို ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲခံထားရသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ အဆိုတော် စောဖိုးခွား၊ သရုပ်ဆောင် လူမင်း၊ ပြေ တီဦး၊ အိန္ဒြာကျော်ဇင်၊ ရဲတိုက်၊ ပိုင်တံခွန်၊ အဆိုတော် ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်း တို့မှာ အင်းစိန် အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။
You may also like these stories:
ကမ္ဘာ့ အချောဆုံး အမျိုးသား အယောက် ၁၀၀ စာရင်းတွင် ပိုင်တံခွန် ပါဝင်
အာဏာရှင် မပြုတ်မချင်း ပြည်သူတယောက်အနေနဲ့ ဆက်လုပ်နေမှာပဲ
ဆရာကြီး “မောင်မိုးသူ” ကောင်းရာသုဂတိမှာ ငြိမ်းချမ်းပါစေ
ဖမ်းဆီးခံထားရသည့် ကိုဂျင်မီ မင်္ဂလာဒုံ စစ်ဆေးရုံ၌ အရေးပေါ်ကုသမှု ခံနေရ