မြန်မာနှင့် ထိုင်းနှစ်နိုင်ငံကြားတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ရေး အပါအဝင် လူသားချင်း စာနာမှု အကူအညီများ နယ် စပ်ဖြတ်ကျော်ပေးနိုင်ရေးအတွက် ထိုင်းအစိုးရကို တောင်းဆိုထားကြောင်း ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါအား ကာ ကွယ်ထိန်းချုပ်ကုသနိုင်ရန် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးအဖွဲ့ COVID 19 Task Force (CTF) မှ သိရသည်။
CTF မှ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် KNU တပ်မဟာ (၅) ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ပဒိုမန်းမန်းက “ထိုင်းအစိုးရဘက်ကိုလည်း နယ်စပ် အခြေပြု Cross border နဲ့ သွားနိုင်ဖို့ အတွက်လည်း တောင်းဆိုထားတာ ရှိတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ စိန်ခေါ်မှု အများကြီးတွေတော့ ကျော်လွှားရဦးမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိ အခြေအနေတွင် ထိုင်းနိုင်ငံဘက်ခြမ်းတွင်လည်း ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် ရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခသည်များကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုများ ပြုလုပ်လျက်ရှိ ကြောင်းလည်း သိရသည်။
ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းများအနက် အကြီးဆုံး စခန်းဖြစ်သည့် မယ်လဒုက္ခသည်စခန်းတွင် ကိုဗစ်ကာကွယ်ဆေး ၄၀၀၀ ကျော်ကို ထိုင်း အာဏာပိုင်များဘက်မှ လှူဒါန်းခဲ့ပြီး စက်တင်ဘာလအတွင်း ထိုးနှံ ပြီးစီးခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet နှင့် အမေရိကန်ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံပြီး မြန်မာ့ အာဏာသိမ်းမှု နောက်ဆက်တွဲ အကျပ်အတည်းများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ရာတွင်လည်း နယ်စပ်ဖြတ်ကျော် ကူညီထောက်ပံ့နိုင်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ထိုင်း-မြန်မာနယ်စပ်ကို ဖြတ်ကျော်ပြီး လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးနိုင်ရန်နှင့် မြန်မာနိုင်ငံ ဘက်ခြမ်း ပူးပေါင်း ပါဝင်မှုများကို ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးတို့ ဦးဆောင်ပြုလုပ်သည့် အစည်းအဝေးတွင်လည်း မြန်မာ နိုင်ငံသားများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပိုမိုပေးအပ်နိုင်ရေးအတွက် ရှေ့ဆက်ရန် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး၊ အစုအလိုက် အပြုံလိုက် ဒုက္ခရောက်နေချိန်တွင် လူသား ချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ အမြန်ဆုံး ထိထိရောက်ရောက် ရရှိရန် ဒေသဆိုင်ရာ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုက အရေးတကြီး လိုအပ်ကြောင်း ဒေါက်တာ စင်သီယာမောင် ကလည်း ပြောသည်။
မြန်မာနိုင်ငံသားများကို လူသားချင်း စာနာထောက်ထားမှု အကူအညီ ရရှိရေးကို နိုင်ငံအတော်များများက စိတ်ဝင်စား လျက်ရှိကြောင်း ၎င်းက ပြောသည်။
“နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ပြည်တွင်းကနေပြီး ကူညီနေတဲ့ အစီအစဉ်တွေ စစ်တပ်အောက်ကနေပြီး ကူညီ နေတဲ့ အစီအစဉ်တွေက ဒုက္ခရောက်နေတဲ့ ပြည်သူလူထုဆီ မရောက်ရှိနိုင်တာပဲ ဖြစ်ဖြစ် ဖျက်ဆီးခံရတာပဲ ဖြစ်ဖြစ် လုံခြုံမှု အရပဲဖြစ်ဖြစ် မရေရာ မသေချာ ဖြစ်နေတဲ့ အပေါ်မှာ အကူအညီရရှိနိုင်ရေးကို နိုင်ငံတော်တော်များများက စိတ်ဝင်စားနေ ပါတယ်” ဟု ပြောသည်။
တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းများနှင့် NUG ကျန်းမာရေး ဝန်ကြီးဌာနတို့က မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေ သော ကိုဗစ်- ၁၉ ကူးစက် ကပ်ရောဂါအား ကာကွယ်ထိန်းချုပ် ကုသနိုင်ရန် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ COVID 19 Task Force (CTF)ကို ဇူလိုင်လ ၁၇ ရက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
ကိုဗစ်ရောဂါနဲ့ပါ ရင်ဆိုင်နေရတဲ့ ကရင်နီစစ်ရှောင်များ
ထိုင်းနယ်စပ် မယ်လဒုက္ခသည်စခန်းအတွက် ကိုဗစ်ကာကွယ်ဆေး ၄၀၀၀ ခန့် ရရှိ
ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူများကို ကွာရန်တင်း မဝင်ရဘဲ လာခွင့်ပြုမည်ဟု ထိုင်းဝန်ကြီးချုပ်ပြော