အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အနေဖြင့် မြန်မာနိုင်ငံမှ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တရား ဝင်တွေ့ဆုံရန် အာဆီယံလွှတ်တော်အမတ်များအသင်း (APHR) က ယနေ့ တိုက်တွန်းလိုက်သည်။
အောက်တိုဘာ ၂၆ ရက် မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် တက်ခွင့်မရသည့် အာဆီယံ ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးပွဲ ကျင်းပနေချိန်တွင် APHR က မြန်မာနှင့် ထိုင်း အပါအဝင် ဘာသာစကား ၆ မျိုးဖြင့် ကြေညာချက် တစောင် ထုတ်ပြန် တောင်းဆိုလိုက်ခြင်းလည်း ဖြစ်သည်။
“အာဆီယံဟာ စစ်ခေါင်းဆောင်ကို မဖိတ်ဘဲ ချန်ထားပြီး သူတို့အပေါ် အလေးမထားတာဟာ နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိကြောင်း ပြသနိုင်ခဲ့တာကြောင့် အဓိကကျတဲ့ ဆောင်ရွက်ချက်တခုကို ပြုလုပ်ခဲ့တယ်ဆိုတာ အသိအမှတ် ပြုပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်နိုင်ဖို့ အမှန်တကယ် အကောင်အထည် ပေါ်လာအောင် အာဆီယံ ခေါင်းဆောင်တွေဟာ ဒီလိုတခါမှ မရဖူးတဲ့ အခွင့်အရေးကို အသုံးချပြီး ခုချိန်မှာ တုန့်ပြန်မှုတွေ ဆက်ပြီးတိုးမြှင့် လုပ်ဆောင်ရပါမယ်” ဟု APHR ဥက္ကဋ္ဌ မလေးရှားလွှတ်တော်အမတ် ချားလ်စ် စန်တီယာဂိုက ပြောသည်။
ဆက်လက်၍ ၎င်းက “ပထမဆုံးနဲ့ အရေးကြီးဆုံး လုပ်ရမှာကတော့ စစ်မှန်တဲ့ ရွေးကောက်ခံ NUG ကိုယ်စားလှယ်တွေနဲ့ တရားဝင် လူသိရှင်ကြား တွေ့ဆုံဆွေးနွေးဖို့ပဲ ဖြစ်ပါတယ်” ဟုလည်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ အဆုံးသတ်ခြင်း၊ နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ခြင်းနှင့် ခိုင်မာသော ဒီမိုကရေစီ ရရှိရေးအတွက် ပြည်သူများ၏ ဆန္ဒပြည့်ဝမှု မရှိမချင်း အာဆီယံအဖွဲ့သည် မည်သည့် စစ်အုပ်စု ကိုယ်စားလှယ်ကိုမှ အစည်းအဝေး ပေးမတက်သင့်ကြောင်း APHR က အကြံပြုသည်။
ထို့ပြင် အာဆီယံအဖွဲ့သည် ဒုက္ခသည်များ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ လူသားချင်း စာနာမှုအကူအညီများ ပေးနိုင်ရေး အပါအဝင် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများအား ခိုလှုံခွင့်ပြုခြင်းကို လူ့အခွင့်အရေးနှင့်အညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံကို အဓိက အကူအညီ ပေးသင့်သည်ဟုလည်း APHR က ထောက်ပြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည်း အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ဦးဘိုလှတင့်ကို သံအမတ်ကြီး အဖြစ် ယနေ့ ခန့်အပ်ခဲ့သည်။
ဒေသတွင်း ငြိမ်းချမ်းရေး အစီအစဉ်ကို လိုက်နာရန် ပျက်ကွက်သောကြောင့် စစ်ကောင်စီ ခေါင်းဆောင်ကို တက်ခွင့်မပေး သလို စစ်ကောင်စီကလည်း ရာထူးငယ်သော ကိုယ်စားလှယ်ဖြင့် ကိုယ်စားပြုရခြင်းကို လက်မခံသောကြောင့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကို အောက်တိုဘာ ၂၆ ရက်နေ့တွင် မြန်မာကိုယ်စားလှယ်မပါဘဲ စတင် ကျင်းပနေပြီ ဖြစ်သည်။
You may also like these stories:
မြန်မာအတိုက်အခံများကို တနေရာပေးရန် ASEAN အတွက် အချိန်ကျပြီ
စစ်ကောင်စီကို ပထုတ်ထားသော ASEAN ထိပ်သီးဆွေးနွေးပွဲ မြန်မာမပါဘဲ စတင်