အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို စစ်ကောင်စီတက်ရောက်ခွင့် မရခြင်းက စစ်ကောင်စီကို မည်သည့်နိုင်ငံကမှ မြန်မာနိုင်ငံအစိုးရအဖြစ် အသိအမှတ်မပြုသည်မှာ ပိုမို ပေါ်လွင်သွား ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေး ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဧရာဝတီသို့ ပြောသည်။
၎င်းက “ဒီအာဏာသိမ်းမှုကို ဘယ်နိုင်ငံကမှ အခုထိ လက်မခံသေးပါဘူး။ ဒါက ဒီဟာရဲ့ နောက်ဆက်တွဲဖြစ်လာတာလို့ မြင်ပါတယ်။ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကိုလည်း အသိအမှတ် မပြုဘူး။ အာဏာသိမ်းမှုကိုလည်း တကမာ္ဘလုံးက ရှုတ်ချနေဆဲ ဖြစ်ပါတယ်” ဟု ဆိုသည်။
အာဆီယံ ဘုံသဘောတူညီချက်အရ အထူးကိုယ်စားလှယ်ကို ဝင်ရောက်ခွင့်ပြုပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်သူများ အားလုံးနှင့် တွေ့ဆုံခွင့်ပေးရေး ကိစ္စကို စစ်ကောင်စီဘက်က လိုက်လျောမှု မရှိခဲ့သောကြောင့် ယခု ကျင်းပနေသော အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ စစ်ခေါင်းဆောင်ကို မဖိတ်ကြားခြင်းဖြစ်ကြောင်း လေ့လာသုံးသပ်သူများ ပြောဆိုကြသည်။
ဒေါ်ဇင်မာအောင်က “ဒီအစည်းအဝေးကနေ သံတမန်ရေးအရ ဖိအားတွေ ပိုပေးဖို့ လိုအပ်တယ်။ အခု ဆိုရင် UN ရဲ့ မြန်မာ ပြည်ဆိုင်ရာ အထူး ကိုယ်စားလှယ်လည်း ခန့်အပ်ထားပြီးဖြစ်တာကြောင့် အာဆီယံကလည်း ပိုပြီးတော့ အားကောင်းတဲ့ ဖြေရှင်းနည်းအသစ်တွေ လုပ်လာလိမ့်မယ်လို့ မျှော်လင့်တယ်” ဟု ဆိုသည်။
ယခု ကျင်းပနေသော အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမှ အာဆီယံ-တရုတ်၊ အာဆီယံ- အမေရိကန် အပါအဝင် အာဆီယံ- ကုလသမဂ္ဂ အစရှိသော မိတ်ဖက်နိုင်ငံများပူးပေါင်းပြီး အာဆီယံအနေဖြင့် မြန်မာ့အရေးကို ပိုပြီး ဆောင်ရွက်လာစေရန် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံမှ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် တရားဝင် တွေ့ဆုံရန် အာဆီယံအဖွဲ့ကို တိုက်တွန်းကြောင်း အာဆီယံ လွှတ်တော်အမတ်များ အသင်း (APHR) က တိုက်တွန်းသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ အဆုံးသတ်ခြင်း၊ နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ခြင်းနှင့် ခိုင်မာသော ဒီမိုကရေစီရရှိရေးအတွက် ပြည်သူများ၏ ဆန္ဒပြည့်ဝမှု မရှိသရွေ့ အာဆီယံအဖွဲ့သည် မည်သည့်စစ်အုပ်စု ကိုယ်စားလှယ် ကိုမှ အစည်းအဝေး ပေးမတက်သင့်ကြောင်း APHR က အကြံပြုသည်။
လက်ရှိ ကျင်းပနေသည့် အာဆီယံ အစည်းအဝေးကို စစ်ကောင်စီ ခေါင်းဆောင်အား တက်ခွင့်မပေးသလို စစ်ကောင်စီက လည်း ရာထူးငယ်သော ကိုယ်စားလှယ်ဖြင့် ကိုယ်စားပြုရခြင်းကို လက်မခံသောကြောင့် အာဆီယံထိပ်သီး ဆွေးနွေးပွဲကို အောက်တိုဘာ၂၆ ရက်က စတင်ကာ မြန်မာ ကိုယ်စားလှယ် မပါဘဲ စတင် ကျင်းပနေပြီ ဖြစ်သည်။
You may also like these stories:
အာဆီယံအနေဖြင့် NUG နှင့် တရားဝင်တွေ့ဆုံရန် APHR တိုက်တွန်း
စစ်ကောင်စီကို ပထုတ်ထားသော ASEAN ထိပ်သီးဆွေးနွေးပွဲ မြန်မာမပါဘဲ စတင်
စစ်ကောင်စီတွင် သံတမန်ရေးကစားကွက် မရှိ