သတင်း

တင်းမရွာသားများ နေရပ်ပြန်ရန် ကြိုးပမ်းမှု စစ်ကောင်စီ ခွင့်မပြု

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေသော တင်းမရွာသားများ နေရပ်ပြန်ရန် အကြိမ်ကြိမ် ကြိုးပမ်းသော်လည်း စစ်ကောင်စီ၏ ခွင့်ပြုချက်မရ၍ မပြန်နိုင်ဖြစ်နေကြောင်း ကျေးရွာသားများက ပြောသည်။

နေရင်းကျေးရွာသို့ ပြန်နေထိုင်နိုင်ရေး ရခိုင်ပြည်နယ်စီမံခန့်ခွဲရေးကောင်စီ အပါအဝင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး များထံ ၄ ကြိမ်တိုင် တင်ပြတောင်းဆိုသော်လည်း ယခုအထိ တိကျသည့်အဖြေမရရှိသေးကြောင်း တင်းမဆရာတော်က မိန့်ကြားသည်။

“ဆရာတော်တို့က ရွာပြန်ဖို့ဆိုတာထက် မီးလောင်သွားတဲ့ အိမ်တွေ၊ တောထနေတဲ့ နေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေကို ခြုံနွယ်ပိတ်ပေါင်းတွေကို သွားရောက် ရှင်းလင်းချင်တယ် ဆိုတာလောက်ကိုပဲ ပထမ ဦးစားပေး အနေနဲ့ တောင်းဆိုတာ။ အောက်တိုဘာ ၇ ရက်နေ့မှာလည်း ဆရာတော်တို့ကိုယ်တိုင် သွားရောက်ပြီး နယ်/လုံဝန်ကြီးကို တွေ့ပြီး တင်ပြ တယ်။ ဒီလ အောက်တိုဘာ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး ပြန်ချင်တယ်ဆိုတာ တင်ပြတယ်။ အထက်ကို တင်ပြပေးမယ် ဆိုပြီး အခုထိ အဖြေမရဘူး” ဟု ဆရာတော်က ဧရာဝတီကို ပြောသည်။

တင်မရွာသားများ ရွာပြန်နိုင်ရေးအတွက် ဧပြီလအတွင်းက ၁ ကြိမ်၊ မေ ၁၃ ရက်က ၁ ကြိမ်၊ စက်တင်ဘာ ၂ ရက်က ၁ ကြိမ်၊ အောက်တိုဘာ ၇ ရက်က ၁ ကြိမ် စုစုပေါင်း ၄ ကြိမ်တိုင် ပြည်နယ်ကောင်စီနှင့် ဒေသအာဏာပိုင်များထံ သွားရောက် တင်ပြခဲ့သော်လည်း တိကျသည့်အဖြေ မရခဲ့ကြောင်း ရွာသားများက ဆိုသည်။

ထို့ကြောင့် တင်မကျေးရွာ ဒေသခံများက ကျောက်တော်မြို့ပေါ်တွင် အစည်းအဝေးတရပ် ပြုလုပ်ပြီး အောက်တိုဘာ ၂၂ ရက် နောက်ပိုင်း ရွာပြန်ရန် ကြိုးပမ်းခဲ့သော်လည်း အာမခံချက် တစုံတရာ မရရှိသဖြင့် ရွာပြန်မည့်ကိစ္စကို နောက်ဆုတ် လိုက်ရကြောင်း ရွာသားများက ပြောဆိုသည်။

တင်မကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ဝန်းက “မီးလောင်သွားတဲ့ အိမ်တွေ ရှိတယ်။ ပျက်စီးနေတဲ့ အိမ်တွေ ရှိ တယ်။ အဲဒီ အိမ်တွေ အခု တောထနေပြီ။ ဒါတွေကို သန့်ရှင်းရေးလုပ်ဖို့ ကျနော်တို့ ပစ္စည်းတွေဝယ်၊ စက်လှေတွေ ငှားပြီး သွားမယ်ဆိုပြီး လုပ်တော့ ကျနော်တို့ တင်ပြချက်တွေအပေါ် အကြောင်းမပြန်ဘူး။ ခွင့်ပြုချက်မရဘူးပေါ့” ဟု ဆိုသည်။

တင်းမရွာသားများ၏ ပြောပြချက်အရ ၎င်းတို့ နေရပ်ပြန်နိုင်ရေးအတွက် ကြိုးပမ်းရာတွင် ရွာအနီး တောင်ရှည်တောင်တန်း ပေါ် တပ်စွဲနေထိုင်သည့် စစ်ကောင်စီ တပ်သားများက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၏ ခွင့်ပြုချက်ပါမှ လာရန်ပြောဆိုသလို မြို့ နယ်အုပ်ချုပ်ရေးမှူးရုံးကလည်း တပ်မ (ကျောက်တော်အခြေစိုက် စကခ-၉) နှင့် ပြည်နယ်ကောင်စီထံ တင်ပြထား ကြောင်း၊ အထက်က ခွင့်ပြုချက် မချသေးကြောင်း စသည့် အကြောင်းပြချက် အမျိုးမျိုးကိုသာ ရရှိကြောင်း သိရသည်။

ရခိုင်စစ်ပွဲအတွင်း မီးရှို့ခံရသည့် တင်းမရွာမှ နေအ်ိမ်တချို့

“စစ်ရှောင်စခန်းမှာ နေတာလည်း ကျနော်တို့ တနှစ်ကျော်ပြီ။ အနေဆင်းရဲ၊ အစားဆင်းရဲ။ နောက်ပိုင်း သားသမီးတွေ ရန် ကုန်တို့၊ မလေးရှားတို့က ပြန်ရောက်လာတာ ရှိတယ်။ သူတို့ နောက်တိုးတဲ့ လူတွေအတွက် ရိက္ခာလည်း မရဘူး။ အားလုံး က ရွာပြန်ဖို့ ဆန္ဒတွေ ပြင်းပြနေကြတာပေါ့။ ဒီလအတွင်းလောက် တချို့ ရွာပြန်ပြီး ပစ္စည်းတွေကို သွားကြည့်တာ ရှိတယ်။ သူတို့ (စစ်တပ်) နဲ့ တွေ့တော့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ခွင့်ပြုချက်ပါမှ ရွာလာခဲ့။ အထောက်အထား မပါဘဲနဲ့ မလာနဲ့ ဆိုပြီး ရွာသားတွေကို ပြောတာရှိတယ်။ အဲဒါနဲ့ ကျနော်တို့လည်း မြို့နယ်ကလည်း ဘာအထောက်အထားမှ ထုတ်မပေး တော့ အာမခံချက် မရရှိရင် မသွားရဲဘူး” ဟု ဦးမောင်ကျော်ဝန်းက ပြောသည်။

ထိုကဲ့သို့ ဒေသခံများ တင်းမရွာသို့ပြန်ရန် ကြိုးပမ်းနေချိန် ယခု အောက်တိုဘာ ဒုတိယပတ်အတွင်းက ယင်းကျေးရွာ အနီး မိုင်းပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ကြောင်း၊ ရွာသားများ ပြန်မလာရဲစေရန် တမင်ဖန်တီးပြီး လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း ဒေ သခံများက ယူဆကြသည်။

တင်းမကျေးရွာသူ ဒေါ်အေးရီကလည်း “ကျမတို့က သူတို့ (စစ်တပ်) ကို ကြောက်ပြီး ပြေးလာတာလေ။ အခု သူတို့ ရွာနား မှာ တပ်စွဲပြီး ရှိနေတော့ မြို့နယ်ကလည်း အထောက်အထား မပေးဘူး။ ရွာလည်း ပြန်ချင်တယ်။ ဒါပေမဲ့ ကျမတို့ မပြန်ရဲ ဘူး” ဟု ပြောဆိုသည်။

စစ်တပ်နှင့် ရက္ခိုင့်စစ်တပ် (AA) တို့ တိုက်ပွဲပြင်းထန်ခဲ့သော ၂၀၂၀ မတ်လအတွင်းက အဆိုပါ တင်းမရွာမှာ မီးရှို့ခံခဲ့ရပြီး ရွာသား ၁၈ ဦးကိုလည်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ယနေ့အချိန်ထိ သတင်းအစအန ပျောက်လျက် ရှိသည်။

ရွာသားများအား ဖမ်းဆီးသွားသည့်တပ်မှာ ရွာအနီး တောင်ခြေတောင်တန်းတွင် ထိုစဉ်က တပ်စွဲနေထိုင်ခဲ့သော တပ်မ (၅၅) လက်အောက်ခံ တပ်ဖွဲ့ဝင်များဖြစ်ပြီး ရွာမီးရှို့ခဲ့သူများမှာလည်း ယင်းစစ်တပ် လက်ချက်ဖြစ်ကြောင်း ရွာသားများက အခိုင်အမာ ပြောဆိုထားပြီး သက်ဆိုင်ရာ ဌာနများထံလည်း တိုင်ကြားခဲ့ကြသည်။

အဆိုပါ တင်းမကျေးရွာသား ၁၈ဦးကို စစ်တပ်က ဖမ်းဆီးကာ ပျောက်ဆုံးမှု အပါအဝင် အိမ်ခြေ ၇၀၀ ကျော် ရှိသော တင်းမရွာ မီးရှို့ခံရမှု ကိစ္စနှင့်ပတ်သက်ပြီး မိသားစုဝင်များနှင့်တကွ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူ့အခွင့်အရေးကော်မရှင် စသည်ဖြင့် တိုင်ကြားစာများ ပေးပို့ခဲ့သော်လည်း တစုံ တရာ အကြောင်းမထူးခဲ့ပေ။

၂၀၂၀ ဒီဇင်ဘာ ၂၉ ရက်တွင် အဆိုပါ တင်းမ ကျေးရွာသားများ ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး အထက်က ညွှန်ကြားသည် ဟုဆိုကာ မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ကာယကံရှင် မိသားစုကို ခေါ်ယူပြီး သက်သေထွက်ချက်များ ရယူခဲ့ကြောင်း သိရ သည်။

ထို့နောက် ၂၀၂၁ ဇန်နဝါရီ လဆန်းပိုင်းတွင် ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးကို အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေး ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့သော်လည်း ယနေ့အချိန်ထိ တစုံတရာ ထူးခြားလာမှု မရှိသေးကြောင်း တင်းမရွာသား များထံမှ သိရသည်။

You may also like these stories:

မြန်မာအကျပ်အတည်း ကိုင်တွယ်ရေး အမေရိကန် တဆင့်တက်တော့မည်

မျက်နှာပန်းလှချင်လား ဒါမှမဟုတ် တချိန်လုံးပဲ အပြစ်ဖို့ခံချင်သလား

စစ်ကောင်စီအကြီးအကဲက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအာဃာတ ကြီးမားနေ

Loading