စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် ဒေသခံကာကွယ်ရေး အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားရာ တဝိုက်ရှိ ကျေးရွာ ၅ ရွာကို စစ် ကောင်စီက မကြာခဏ ဝင်ရောက်စီးနင်းမှု ပြုလုပ်နေပြီး ၁ လတည်းတွင် ၂ ကြိမ်ရှိပြီ ဖြစ်ကြောင်း ဒေသခံ သတင်း ရင်းမြစ်များထံက သိရသည်။
ယမန်နေ့ ညနေ ၅ နာရီခန့်က အုန်န္နဲဘုတ်၊ ဘင်၊ အနောက်တော၊ အင်တောနှင့် ညောင်ပင်သာရွာတို့ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အင်အား အလုံးအရင်းဖြင့် ဝင်ရောက် စီးနင်းမှုကြောင့် ဒေသခံများ ညတွင်းချင်းပင် ထွက်ပြေးတိမ်း ရှောင်ခဲ့ ကြရသည်။
အဆိုပါ ကျေးရွာ ၅ ရွာကို ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း ၄ ကြိမ်တိုင် စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ ကြောင်း သိရသည်။
ညောင်ပင်သာ ဒေသခံ တဦးက “သူတို့ လာပြီဆိုရင် ကိုယ့်ရွာကို မွှေမှာ၊ ကိုယ့်အိမ်ကို မွှေမှာ၊ လူတွေကို တွေ့ရင်လည်း အသက်ကြီးသော ငယ်သော မရှောင်ဘူး။ အကုန်လုံးကို ရိုက်နှက်ဖမ်းဆီးတာ ဆိုတော့ အားလုံးက မနေရဲကြဘူးလေ။ သူ တို့ လာပြီလို့ သတင်း ကြားတာနဲ့ ထွက်ပြေးနိုင်အောင်ကို ထွက်ပြေးရတာ။ လူတွေ့ရင် ရိုက်မယ်၊ လူသားဒိုင်းအဖြစ် ဖမ်းပြီး တော့ ပြန်လွှတ်ရင် လွှတ်တယ်။ မလွှတ်ဘူးဆိုလည်း ပစ်သတ်လိုက်တယ်။ ဒီလတည်းကို ၂ ကြိမ် လောက်ရှိပြီ ပြေးရတာ” ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး “မနေ့ကဆို အမိုးပဲ ရှိတယ်။ အခင်း မရှိဘူး၊ ဒုက္ခရောက်တာပေါ့။ မိုးရွာလာတော့ အားလုံး ရေတွေ ဝင်တဲ့ အခါကျတော့ ထိုင်တောင် မထိုင်ရဘူး။ မတ်တပ်ရပ်ပဲ နေရတယ်။ ညနေ ၅ နာရီ ဝန်းကျင်လောက် ဝင်လာတာ။ ပထမတခါ ပြေးတုန်းက ၃ ညအိပ် ၄ ရက် နေခဲ့ရတယ်။ ချုံတောထဲတွေ ချောင်းဘေးမှာတွေ နေရတဲ့အခါကျတော့ ခြင် ကိုက် မှတ်ကိုက်နဲ့” ဟု ဆိုသည်။
ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅၀ ခန့်သည် အဆိုပါကျေးရွာ ၅ ရွာကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ကျေး ရွာများတွင် တပ်စွဲထားခြင်း မရှိသည့်အတွက် ဒေသခံအချို့ ပြန်ကြသော်လည်း အများစုမှာ ရွာတွင်း ပြန်မဝင်ရဲသေး ကြောင်း သိရသည်။
ကျေးရွာ ၅ ရွာမှ ဒေသခံ ပြည်သူ ၄၀၀၀ ကျော်သည် စစ်ကောင်စီတပ်၏ ဝင်ရောက်စီးနင်းမှုကြောင့် နီးစပ်ရာ တောထဲသို့ ထွက်ပြေး တိမ်းရှောင်နေရပြီး မိုးရွာသွန်းမှုကြောင့် နေရာထိုင်ခင်း အခက်အခဲနှင့် ကျန်းမာရေး အခက်အခဲများ ကြုံတွေ့ရ ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
မင်းကင်းမြို့နယ်တွင် ယခုကဲ့သို့ ဝင်စီးနင်း ခံနေရသည့် ကျေးရွာများအနီးတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ အား ကောင်းနေသည့်အတွက် စစ်ကောင်စီက မကြာခဏဆိုသလို လာရောက် စီးနင်းနေခြင်းကြောင်း မြို့နယ် ဒေသခံ ကာ ကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။
ယမန့်နေ့က စစ်ကောင်စီတပ် စစ်ကြောင်း တက်လာချိန်တွင် မိုးရွာသွန်းမှုကြောင့် တူမီးဖြင့် မပစ်ခတ်နိုင်သဖြင့် ဒေသခံများ ကိုသာ ဘေးလွတ်ရာသို့ အမြန်ဆုံး ရွှေ့ပြောင်းပေးရသည့် အခြေအနေ ဖြစ်ကြောင်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သိရသည်။
“မိုးရွာတယ်ဆိုရင် သူတို့က ဆင်းတာပဲ။ မိုးရွာရင် တူမီးတွေ မပေါက်ဘူး ဆိုတာ သူတို့က သိနေတယ်လေ။ ရာသီဥတုဆိုး တာနဲ့ ဒီဘက်ကို ဆင်းဆင်းလာတယ်။ တပ်စွဲပြီး နေတာမျိုး မဟုတ်ဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ လက်နက်ငယ် တွေနဲ့ ပစ်သွားပြီးတော့ သူတို့ဝင်တယ်။ ကျနော်တို့နဲ့ တိုက်ရင်တိုက်၊ မတိုက်ရင် ကျနော်တို့က ရှောင်တယ် ဆိုလည်း သာ သာယာယာ ဝင်တယ်။ ရှိတဲ့ ပစ္စည်းတွေ ယူတယ်။ လူတွေ့ရင် ရိုက်ရင်ရိုက်မယ် နှက်ရင် နှက်တယ်” ဟု မင်းကင်းမြို့နယ် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။
မင်းကင်းမြို့နယ်ရှိ အနောက်တော၊ ဘင်၊ ညောင်ပင်သာ၊ အုန္နဲဘုတ်နှင့် သင်တော စသည့် ကျေးရွာ ၅ ရွာကို အောက်တို ဘာ ၅ ရက်က စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်း ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၆ ရက်တွင် စစ် ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ထို့ပြင် အောက်တိုဘာ ၁၃ ရက်ကလည်း စစ်ကောင်စီ တပ်သားများနှင့်အတူ ပျူစောထီး အဖွဲ့ဝင်များသည် မင်းကင်းမြို့ နယ်ရှိ လောင်းပြည့်ရွာသို့ ဝင်ရောက်လာခဲ့ပြီး နီးစပ်ရာ တောတွင်း စီးနင်းရှာဖွေပြီးနောက် ဒေသခံ ၄ ဦးကို ပစ်ခတ်သတ် ဖြတ်ခဲ့သည်။
You may also like these stories:
PDF နှင့် ရွာသားများကို “ရှင်းလင်းရန်” ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ညွှန်ကြား
ဖရူဆိုဒေသခံ တထောင်ခန့် တောထဲ ထွက်ပြေးနေရ