အာဏာသိမ်း စစ်ကောင်စီက နေပြည်တော်တွင် အောက်တိုဘာ ၁၅ ရက်၌ ကျင်းပခဲ့သော တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုမှု ၆ နှစ်ပြည့်ပွဲသို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စော မူတူးစေးဖိုးက သဝဏ်လွှာတစောင် ပေးပို့ခဲ့ကြောင်း အဆိုပါပွဲ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) အချို့ထံမှ သိရသည်။
အခမ်း အနားသို့ တက်ရောက်ခဲ့သည့် ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ဗိုလ်ချုပ်ကြီး မူတူးကိုယ်တိုင်က အွန်လိုင်းကနေ သဝဏ်လွှာ ပို့ပါတယ်။ သူက နားမကြားလို့ဆိုပြီး သဝဏ်လွှာကို ကိုယ် တိုင် မဖတ်နိုင်တော့ သဝဏ်လွှာကို ဗိုလ်ချုပ်ကြီးမင်းနောင် ကိုယ်တိုင်ကပဲ အစည်းအဝေးမှာ ဖတ်ကြား ပြပါတယ်။ ဒါ ကြောင့် အစည်းအဝေးမှာ KNU မတက်ဘူးဆိုတာ မဟုတ်ပါဘူး။ KNU တပိုင်း အွန်လိုင်းကနေ တက်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက ၂၀၁၅ အောက်တိုဘာ ၁၅ ရက် NCA စာချုပ်ချုပ်ဆိုစဉ်က ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည် KNU ဥက္ကဋ္ဌအနေနှင့် သော်လည်းကောင်း၊ NCA လက်မှတ်ထိုးမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ ခေါင်းဆောင်အနေ နှင့် သော်လည်းကောင်း လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျနော်တို့ ၈ ဖွဲ့ ထိုးတယ်ဆိုပေမယ့် တဖွဲ့ချင်းမှာလည်း သူ့ခေါင်းဆောင်ရှိသလို ၈ ဖွဲ့ အားလုံးရဲ့ အကြီးအမှူးအဖြစ် ဗိုလ် ချုပ်ကြီးမူတူးကို ခန့်အပ်ခဲ့တာကိုး။ ဒါကြောင့် ဗိုလ်ချုပ်ကြီးမူတူးက KNU တဖွဲ့ထဲက ကိုးလို့ကန့်လန့် ပြောနေပေမယ့် ၈ ဖွဲ့ ရဲ့ ခေါင်းဆောင်အနေနဲ့ သူဦးဆောင်ပြီး ထိုးခဲ့တော့ သူ့အနေနဲ့ တခုခုတော့ ပြောဖို့လိုတယ်လေ။ ဒါကြောင့် သူက ဂုဏ်ပြု တဲ့ အနေနဲ့ ပြောခဲ့တာ ဖြစ်ပါတယ်” ဟု ဆိုသည်။
NCA ၆ နှစ်ပြည့်ပွဲသို့ တက်ခဲ့သည့် အခြားသော EAO အဖွဲ့မှ တာဝန်ရှိသူ တဦးကလည်း အခမ်းအနားသို့ ဗိုလ်ချုပ် ကြီး စောမူတူးစေးဖိုး သဝဏ်လွှာ ပို့ခဲ့သည်မှာ မှန်ကန်ကြောင်း ဧရာဝတီသို့ ပြောသည်။
“အဲဒီစာက ငြိမ်းချမ်းရေးကို ဦးတည်ပြီးတော့ ရေးထားတာပဲ။ အဘိုးကိုယ်တိုင် ဖတ်ပြပါလို့ အခမ်းအနားမှူးက ပြောတာရှိ တယ်။ ဒါပေမဲ့ သူ့ PSO (ကိုယ်ရေးအရာရှိ) ပြောတာက အဘိုးကတော့ နားလည်းမကြားဘူး။ မဖတ်တော့ဘူးဆိုပြီး ပြော တာရှိတယ်။ အဘိုးကတော့ အနားမှာရှိတဲ့ပုံပဲ။ ဒါပေမဲ့ ကိုယ်တိုင် မျက်နှာပြလာတာတော့ မရှိဘူး။ KNU က အစည်းအဝေး တက်တာလား၊ မတက်တာလားက ပြောရတော့ခက်တယ်။ ဘယ်လို ပြောရမှန်းကို မသိဘူး။ ဗဟိုကော်မတီက ပုံစံ တမျိုး ပြောတာရှိတယ်။ အဘိုးမူတူးစေးဖိုးက ပြောတာတမျိုး ရှိတယ်” ဟု ၎င်းက ဆိုသည်။
ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် နီးစပ်သည့် KNU အရာရှိတဦးကမူ NCA ၆ နှစ်ပြည့်ပွဲသို့ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး တက်ရောက်ခဲ့ခြင်း မရှိသလို သဝဏ်လွှာ ပေးပို့ခဲ့ခြင်းလည်း မရှိကြောင်း ဧရာဝတီကို ပြောသည်။
၎င်းက “ဖုန်းနဲ့ပဲ တပ်မတော်က မေးလို့ သူနှုတ်ဆက်လိုက်တာပါပဲ။ သူဖုန်းနဲ့ပြောတဲ့ စကားကို ပြန်ရေးပြီး သူတို့ ဖတ်ပြတာ လည်း ဖြစ်နိုင်ပါတယ်။ သူ ပြောတာကတော့ ဒါက ၆ နှစ်ပြည့်တယ်ပေါ့။ ဒါက မင်္ဂလာရှိတဲ့ နေ့တရက် ဖြစ်တယ်ပေါ့။ ငြိမ်း ချမ်းရေး စလုပ်ခဲ့တာ ၆ နှစ်ပြည့်ပြီပေါ့။ ဒါကို နှစ်ဖက်စလုံးကလည်း ထိန်းကြောင်းသွားဖို့ လိုတယ်ပေါ့။ NCA မပျက်ဖို့ပေါ့။ သူပြောတာ အဲဒါပါပဲ” ဟု ရှင်းပြသည်။
အောက်တိုဘာ ၁၅ ရက်က NCA ၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် KNU ဗဟိုက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး ယင်း ထုတ်ပြန်ချက်တွင် စစ်တပ်က အာဏာ သိမ်းလိုက်သောကြောင့် နိုင်ငံတဝှမ်းရှိ ပြည်သူတရပ်လုံး ဖိနှိပ်မှုများ ခံစားနေ ရကြောင်း၊ နိုင်ငံပြိုလဲ ပျက်ဆီးမည့် အနေအထား ရောက်နေကြောင်း ရေးသားထားသည်။
အာဏာသိမ်းစစ်တပ် အနေဖြင့် ဂုဏ်သိက္ခာ ကျဆင်းနေမှုကို ကယ်တင်နိုင်ရန် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး ကတိကဝတ် ပြုမှုအား တရားဝင် ကြေညာချက်ထုတ်ပြန်ပြီး နိုင်ငံရေးတွင် ပါဝင်နေမှုမှ နုတ်ထွက်သင့်ကြောင်း KNU က တိုက်တွန်းထားသည်။
နေပြည်တော်တွင် အကျဉ်းချုံး ကျင်းပသည့် NCA ၆ နှစ်ပြည့်ပွဲသို့ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် KNU တို့မှလွဲပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ တက်ရောက်ခဲ့ကြောင်း သတင်းများ ထွက်လာပြီးနောက် စစ်ကောင်စီ ကျင်းပသော ပွဲသွားတက်သည့် ယင်း EAO အဖွဲ့များအပေါ် ဝေဖန်ပြစ်တင်ခဲ့ကြသည်။
ထိုသို့ ဝေဖန်ပြစ်တင်မှုများ ဖြစ်ပေါ်လာပြီးနောက် NCA ၆ နှစ်ပြည့်ပွဲသို့ KNU ဥက္ကဋ္ဌက သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း အခမ်း အနား တက်ရောက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့က ထုတ်ပြောလာခြင်း ဖြစ်သည်။
You may also like these stories:
တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့ အကြမ်းဖက်မှုများကို ပံ့ပိုးနေဟု စစ်ကောင်စီ မီဒီယာစွပ်စွဲ
မိုင်းကိုင်တွင် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြောင့် အရပ်သား ၆ ထောင်ကျော် ထွက်ပြေးနေကြရ
လွိုင်ကော်မြို့ပေါ် လက်နက်ကြီးကျည်ကျ ၁ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရ