ထိုင်းအာဏာပိုင်များက တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူများကို နေ့စဉ်ဖမ်းဆီးနေသော်လည်း ဝင်ရောက်လာသူ ဦးရေ ပိုမိုများလာကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားရေး ဆောင်ရွက်သူများထံမှ သတင်းရသည်။
ပြီးခဲ့သည့် စက်တင်ဘာလမှ အောက်တိုဘာအတွင်း ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်၊ ကန်ချနဘူရီ၊ ပရာကျွတ်ခီရီကန် ၊ ရနောင်း ၊ ချုံဖော်ခရိုင်တို့တွှင် မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့် လူဦးရေ ၁ထောင်ကျော်ရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာအတွင်းက ထိုင်းအစိုးရမှ နိုင်ငံအတွင်း တရားမဝင် ရောက်နေသည့် ရွှေ့ပြောင်းလုပ်သားများ အတွက်၂ နှစ် သက်တမ်းရှိ အလုပ်လုပ်ကိုင်ခွင့်ကတ် ပြုလုပ်ပေးမည်ဟု ကြေညာပြီးနောက်ပိုင်း တရားမဝင် ဝင်ရောက် လာသည့် ရွှေ့ပြောင်းလုပ်သားများ ယခင်ထက် ပိုမိုများလာခြင်း ဖြစ်ကြောင်း ၎င်းတို့က ထောက်ပြသည်။
ဘန်ကောက် အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) မှ ဥက္ကဋ္ဌ ဦးအောင်ကျော် က “စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာဆိုရင်တော့ မြန်မာပြည်တွင်းမှာ နေရထိုင်ရတာ ဘဝတွေက မလုံခြုံဘူးပေါ့။ စားဝတ်နေရေး အခက်အခဲဖြစ်တာ တမျိုးထဲလည်း မဟုတ်ဘူး။ သူတို့ဘဝတွေကိုက နေ့နေ့ညည မလုံခြုံတဲ့ အတွက် ကြောင့် နောက်ဆုံး လွတ်မြောက်ရာနယ်မြေဖြစ်မယ့် အလုပ်အကိုင်လည်း ရှိမယ်။ ဝင်ငွေလေးလည်း ပုံမှန်ရမယ်။ ဘဝ လည်း လုံလုံခြုံခြုံဖြစ်မယ်ဆိုပြီး တွေးပြီးမှ အရဲစွန့်ပြီး ဝင်လာတယ်လို့ တွေးမိပါတယ်။ အဝင်ကတော့ တအား စိပ်ပါတယ်။ နေ့စဉ်လည်း အဖမ်းခံရတယ်။ ဒီသတင်းတွေလည်း မီဒီယာတွေမှာ ပြန့်နေတယ်။ အဲဒါကိုလည်း လွတ်လိုလွတ်ငြား အတွေး ကို တွေးပြီးတော့ အရဲစွန့်ပြီးဝင်လာတယ်လို့ပဲ မြင်နေရပါတယ်” ဟု ပြောသည်။
ယခင်က ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်ရန် အတွက် ပို့ဆောင်ပေးသည့် ပွဲစားများအား ပွဲစားခ အနေဖြင့် ဘတ် ၁ သောင်း ၂ ထောင်သာရှိခဲ့ပြီး ယခုလက်ရှိတွင် ဘတ် ၂ သောင်းနီးပါး ပေါက်ဈေး ရှိနေကြောင်း သိရ သည်။
မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “အောက်တိုဘာ ၂၃ ၊ ၂၄ ၊ ၂၅ (၃) ရက်ထဲနဲ့ ၃၇၆ ယောက် အဖမ်းခံရတယ်။ ကန်ချနဘူရီ ခရိုင်နဲ့ ရနောင်း ၂ ခုထဲမှာပဲ။ လူငယ်တွေ များတယ်။ ပွဲစားခ ဘတ် ၁ သောင်း ၉ ထောင်၊ ၂ သောင်းကျော်ပေးပြီးတော့ လာကြရတယ်။ ကန်ချနပူရီတို့ ရနောင်းတို့ဘက်မှာ အလုပ်ကောင်း၊ ဝင်ငွေ ကောင်းရှိတဲ့နေရာ ရှားတယ်။ ရှိနေတဲ့သူတွေတောင် ရရာ အလုပ်လုပ်နေရတာ။ အဲဒီတော့ ထိုင်းနိုင်ငံအတွင်းပိုင်း တွေကို သွားတယ်။ သတင်းအမှားတွေ ပွဲစားတွေရဲ့ စကားကို နားယောင်တာ အကြီးကြီး မှားတာပဲ” ဟု ပြောသည်။
ကတ်ရရှိမည့်သူများမှာ လက်ရှိ တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်း လုပ်သားများနှင့် MoU သဘောတူ စာချုပ်များဖြင့် အလုပ်လုပ်ကိုင်ရင်း သက်တမ်းကုန်နေသည့် ရွှေ့ပြောင်းလုပ်သားများ ပါဝင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်း ကန်ချနပူရီ၊ ရနောင်း၊ တာ့ခ်ခရိုင် မဲဆောက်၊ ပရာကျွတ်ခီရီကန်၊ ချင်းရိုင်တို့ အပါအဝင် အထူးကြပ်မတ် ထားသည့် ခရိုင် ၁၀ ခုရှိပြီး အဆိုပါ ခရိုင်များအား လေကြောင်းသာမက ကုန်းကြောင်းအရပါ လုံခြုံရေးတင်းကျပ် ထား ကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ပါက ကိုဗစ်အရေးပေါ် ကာလ စီမံချက်အရ ထောင်ဒဏ် ၁၀နှစ်၊ လက်ခံနေရာ ပေးသူ များအား ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက်မှ ၂၅ ရက်အတွင်း မြန်မာနိုင်ငံမှ ထိုင်းဘက်သို့ ခိုးဝင်လာသူ ၄၀၀ နီးပါး ဖမ်းဆီးခံ ခဲ့ရကြောင်း သိရပြီး ကန်ချနပူရီပြည်နယ်၊ ပကျွတ်ပြည်နယ်၊ ရနောင်းပြည်နယ်တို့တွင် ဖမ်းဆီးခံရမှု အများအပြားရှိခဲ့သည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်း ထိုင်းအစိုးရက မြန်မာအပါအဝင် ကမော္ဘဒီးယား၊ လာအို အိမ်နီးချင်းနိုင်ငံမှ အလုပ်သမား ၄ သိန်းကျော်ကို MoU စနစ်ဖြင့် ခေါ်ယူရန်အတွက် စီစဉ်ထားပြီး အဆိုပါ လုပ်ငန်းစဉ် မတိုင်ခင် ထိုင်းနိုင်ငံ၏ လုပ်ငန်း လိုအပ် ချက်အရ ၂ နှစ်တာ သက်တမ်းရှိသည့် အလုပ်လုပ်ကိုင်ခွင့် ကတ်များပေးရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အလုပ်လုပ်ကိုင်ခွင့် ကတ်ထုတ်မည့် အစီအစဉ်အား ထိုင်းအစိုးရက အောက်တိုဘာလမှ စတင်ကာ ပြုလုပ်ပေး လျက် ရှိသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသော မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဒသမ ၁၅ သန်း ရှိပြီး တရားမဝင် ဝင် ရောက် နေထိုင်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား အရေအတွက်မှာ ၁ သန်းကျော် ရှိနေကြောင်း သိရသည်။
You may also like these stories:
နယ်စပ်ဖြတ်ကျော် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေး ထိုင်းအစိုးရထံ တောင်းဆိုထား
ထိုင်းနိုင်ငံရှိ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ၂ နှစ်ခံအလုပ်သမားကတ် လုပ်ပေးမည်