မြန်မာမှ အလုပ်သမားများ၊ လူ့အခွင့်အရေးကာကွယ်သူများနှင့် အလုပ်သမား သမဂ္ဂဝင်များအပေါ် ဆိုးရွားလှသော အခွင့်အရေး ချိုးဖေါက်မှုများဖြစ်ပေါ်နေသောကြောင့် ဥရောပသမဂ္ဂ (EU) အနေဖြင့် အရေးပေါ် အရေးယူရန် ဥရောပအခြေစိုက် IndustriALL Global Union နှင့် IndustriAll European Trade Union အလုပ်သမား သမဂ္ဂများက တောင်းဆိုနေသည်။
IndustriALL Global Union သည် နိုင်ငံ ၁၄၀ ကျော်မှ သတ္တုတူးဖော်ရေး၊ စွမ်းအင်နှင့် ကုန်ထုတ်လုပ်ရေးကဏ္ဍမှ အလုပ်သမား သန်း ၅၀၀ ကို ကိုယ်စားပြုထားပြီး IndustriAll European Trade Union သည် ဥရောပတလွှား အလုပ်သမားသမဂ္ဂ ၂၀၀ ကျော်မှ အလုပ်သမား ၇ ဒဿမ ၁ သန်းကို ကိုယ်စားပြုသည်။
ကမ္ဘာတဝှမ်းမှ အလုပ်သမားသမဂ္ဂများကိုယ်စား IndustriALL Global Union နှင့် IndustriAll European Trade Union တို့က ဥရောပကော်မရှင်၊ ဥရောပပါလီမန်နှင့် ဥရောပကောင်စီတို့ကို ဆက်သွယ်ခဲ့ပြီး EU ၏ လက်နက်မှလွဲ အရာရာ EBA အစီအစဉ်အရ ပေးအပ်ထားသော မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး အထူးအခွင့်အရေးကို ချက်ခြင်းရုတ်သိမ်းရန် ပြောကြားသည်။
IndustriALL ၏ လက်ထောက်အထွေထွေအတွင်းရေးမှူး ကမ်မယ် အော့ကန်က “စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေက သမိုင်းအမဲစက်တခုဖြစ်တယ်။ အပြစ်မဲ့သူတွေကို သတ်ဖြတ်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းနှင့် ထောင်ချထားခြင်းတို့ဟာ လူသားထုတခုလုံးကို ရက်စက်ကြမ်းကြုတ်မှုဖြစ်တယ်။ ဒီကိစ္စကို တိုက်ပွဲဝင်ဖို့ ကျနော်တို့အားလုံးမှာ တာဝန်ရှိတယ်၊ ပြီးတော့ ဥရောပမှာ အထူးတာဝန်ရှိတယ်။ EU က ထိခိုက်လွယ် ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အလုပ်သမားနဲ့လူ့အခွင့်အရေးအပါအဝင် နိုင်ငံတကာ စံတန်ဖိုးများနဲ့ မူများအပေါ် အခြေခံတဲ့ အလုပ်အကိုင် ဖန်တီးရေးမှာ ကူညီဖို့ ကုန်သွယ်ရေး အထူးအခွင့်အရေး (GSP) ပေးထားတယ်။ ဒီအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ရပ်တန့်အောင် လိုအပ်သလို လုပ်ဖို့ EU ကို တိုက်တွန်းတယ်” ဟု ပြောသည်။
မြန်မာန်ိုင်ငံမှ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူများသည် စစ်ကောင်စီ၏ ဖမ်းဆီးမှု၊ အကြမ်းဖက်မှုနှင့် ညှင်းပမ်းနှိပ်စက်မှု ခြိမ်းခြောက်မှုများကို အမြဲခံနေရပြီး မြန်မာနိုင်ငံမှ အလုပ်သမား သမဂ္ဂများကလည်း ဒီမိုကရေစီဆန့်ကျင်ပြီး လူ့အခွင့်အရေးချိုးဖေါက်သည့် အာဏာသိမ်း စစ်ကောင်စီကို ပြင်းထန်သည့် စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ရန် တောင်းဆိုနေသည်။
အောက်တိုဘာလ ၁၆ ရက်နေ့တွင် မြန်မာပြည်တွင်းရှိ CDM လုပ်နေသော ကျောင်းသား၊ ဝန်ထမ်းနှင့် အလုပ်သမား သမဂ္ဂပေါင်း ၁၈၂ ဖွဲ့ ပူးတွဲထုတ်ပြန်သော ကြေညာချက်တွင် အာဏာသိမ်း စစ်ကောင်စီအပေါ် “အလုံးစုံသော စီးပွားရေးပိတ်ဆို့မှု”ကို ဥရောပနှင့် အမေရိကန်အပါအဝင် နိုင်ငံတကာအစိုးရများက ချမှတ်ကျင့်သုံးရန် တောင်းဆိုထားသည်။
“ကျွန်ုပ်တို့၏ အလုံးစုံသော စီးပွားရေးပိတ်ဆို့မှုဆိုသည်မှာ ငွေကြေးဝန်ဆောင်မှုပေးခြင်းအား ရပ်တံ့ခြင်း၊ အာမခံလုပ်ငန်းများ ရပ်တံ့ခြင်း၊ ငွေကြေးဝန်ဆောင်မှုလက်နက်များ၊ ကြားခံ နာမည်ခံ ပွဲစားမှတဆင့် ဝယ်ယူမှု အစရှိသော ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများ အားလုံးကို ပိတ်ဆို့ အရေးယူခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများအပြင် ရေပေါ်ရေအောက် မြေပေါ်မြေအောက် မြန်မာပြည်သူများ မူလပိုင်ဆိုင်သော သစ်နှင့် သစ်တောထွက်ပစ္စည်းများ၊ ကျောက်စိမ်းနှင့် ရွှေ ကျောက်မျက်ရတနာများ တင်ပို့ရောင်းချခြင်းများအပါအဝင် အခြားသော စီးပွားရေးလုပ်ငန်းများ ပါဝင်သည်”ဟု ထုတ်ပြန်ကြေညာချက်တွင် ဆိုသည်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် အကြမ်းဖက်စစ်ဆင်ရေးများ ပြုလုပ်ကာ အလုပ်သမားများနှင့် စက်မှုဇုန်များကို ပစ်မှတ်ထားလာသည်။ ၎င်းတို့၏ အခွင့်အရေးများအတွက် ဆန္ဒပြပွဲများမှတဆင့် ထုတ်ဖေါ်ရန် ကြိုးစားသော အလုပ်သမား သမဂ္ဂဝင်များနှင့် အလုပ်သမားများကို စစ်တပ်က လိုက်လံဖမ်းဆီးနေသောကြောင့် သမဂ္ဂခေါင်းဆောင် အများအပြား ပုန်းအောင်းနေကြရသည်။ အလုပ်သမားအများအပြားလည်း ဖမ်းဆီးခံရပြီး ၎င်းတို့၏ န်ိုင်ငံကူးလက်မှတ်များကိုလည်း ပယ်ဖျက်ထားသည်။
လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သောကြောင့် အလုပ်သမား ၃ သိန်းခန့်အလုပ်ထုတ် ခံထားရသည်။ လူမှုလွတ်လပ်ခွင့်အား ပိတ်ပင်ထားကြောင်း လွန်စွာ အထင်အရှားမြင်နိုင်သည်။
EU ၏ လက်နက်မှလွဲ အရာရာ အစီအစဉ်မှ တခုဖြစ်သော ကုန်သွယ်ရေးအထူးအခွင့်အရေးကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အလုပ်အကိုင်ဖန်တီးရန် EU နှင့် ကုန်သွယ်ရေးအား အသုံးပြုနိုင်သည့် နည်းလမ်းဖြင့် ဥရောပကော်မရှင်က အားပေးသည်။ အထူးအခွင့်အရေး၏ အဓိက ရည်မှန်းချက်သည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများတွင် အလုပ်သမားအခွင့်အရေးနှင့် လုပ်ငန်းခွင်အခြေအနေ တိုးတက်စေသောကြောင့် အလုပ်သမားသမဂ္ဂများကလည်း ထောက်ခံကြသည်။
သို့သော် ထိုအခွင့်အရေးတွင် စစ်မှန်သော သက်ရောက်မှု ရှိစေရေး ဆိုးရွားလှသော အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖေါက်မှုများကို အရေးယူရမည်ဟုလည်း အလုပ်သမား သမဂ္ဂများက ရပ်တည်ထားသည်။
အထက်ပါ ဥရောပအခြေစိုက် အလုပ်သမားသမဂ္ဂ နှစ်ဖွဲ့တို့က မြန်မာမှ နိုင်ငံစုံလုပ်ငန်းများ ပြန်လည်ထွက်ခွာရန်နှင့် အမှာစာများပြီးစီးသောအခါ အလုပ်သမားများကို တာဝန်သိသိ ဆက်ဆံရန် မြန်မာအလုပ်သမားသမဂ္ဂ ၂ ဖွဲ့ဖြစ်သော မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) နှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) တို့ ပူးတွဲတောင်းဆိုခြင်းကိုလည်း ထောက်ခံကြသည်။
industriAll Europe ဒုတိယအထွေထွေအတွင်းရေးမှူး ဂျူးဒစ် ကာတွန် ဒါလင်းက “ မြန်မာနိုင်ငံက လက်ရှိစစ်အာဏာရှင်စနစ်ဟာ နိုင်ငံသားတွေကို ညှင်းပမ်းနှိပ်စက် လူ့အခွင့်အရေးချိုးဖေါက်ရုံသာမက နိုင်ငံတကာအလုပ်သမားရေးရာအဖွဲ့ သဘောတူညီချက်အများအပြားကိုလည်း ချိုးဖေါက်နေကြောင်း ထင်ရှားတယ်။ EU ရဲ့ ကုန်းသွယ်ရေးအထူးအခွင့်အရေး စနစ်ဟာ အလုပ်သမားများဘေးကင်းစွာ အလုပ်လုပ်နိုင်ရေးနဲ့ အလုပ်သမား အခွင့်အရေး လေးစားလိုက်နာရေးအတွက် ရည်ရွယ်တယ်။ မြန်မာထက်အမှန်တရားနဲ့ပိုဝေးတာ ဘာမှ မရှိတော့ဘူး။ မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ တောင်းဆိုချက်နဲ့အညီ မြန်မာက ချက်ခြင်း ရုတ်သိမ်းဖို့ EU ကို ကျနော်တို့တောင်းဆိုတယ်” ဟုပြောသည်။
You may also like these stories:
အလုပ်သမား အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးကြောင်း စစ်ကောင်စီ လိမ်လည်ထုတ်ပြန်
ပြည်တော်ပြန် မြန်မာ ရွှေ့ပြောင်း လုပ်သားများ၏ ဒုက္ခ
ပြည်တော်ပြန်လမ်း ပျောက်နေသည့် မလေးရှားရောက် မြန်မာများ
ထိုင်းနိုင်ငံရှိ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ၂ နှစ်ခံအလုပ်သမားကတ် လုပ်ပေးမည်