သတင်း

ပါတီရုံးများတိုက်ခိုက်ခြင်းဖြင့် အကြမ်းဖက်လုပ်ရပ်ကို စစ်ကောင်စီ သက်သေပြနေဟု NLD တုန့်ပြန်

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးများအား ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်နေမှုများ မှာ ကိုယ်တိုင်အကြမ်းဖက်ဖြစ်သည်ကို သက်သေပြနေခြင်းသာဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင် ကြည်ညွှန့်က ပြောဆိုလိုက်သည်။

ဦးအောင်ကြည်ညွှန့ ်က “အကြမ်းဖက်တဲ့နည်းနဲ့ ပါတီကိုချေဖျက်တဲ့ သဘောဖြစ်တာထင်ရှားသထက် ထင်ရှားလာတာပါ။ စကစ ဟာ ဥပဒေမဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်ကြောင်း သူတို့ကိုယ်တိုင် ကမ္ဘာကိုသက်သေခံပြနေတယ်လို့ ပြောရမှာပဲဖြစ်ပါတယ်” ဟု ပြောသည်။

ယမန့်နေ့ည ၁၂ နာရီခန့်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီက ချိတ်ပိတ်ထားသည့် NLD တိုင်းရုံးအဆောက်အဦး တတိယထပ်နှင့်စတုတ္ထထပ်တို့တွင် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်ပျက်ဆီးမှုများရှိခဲ့သည်။

ယင်းတိုက်ခိုက်မှုဖြစ်ရပ်သည် မန္တလေးမြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့် အချိန်းအတွင်းဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒေသခံအချို့၏ ပြောကြားချက်အရ အိမ်စီးကားနှစ်စီးဖြင့် လာရောက်ကာ သေနတ်များဖြင့်လည်း ပစ်ခတ်ခဲ့ကြသေးကြောင်း သိရသည်။

ဖောက်ခွဲ တိုက်ခိုက်ခြင်း ခံခဲ့ရသည့် မန္တလေး NLD တိုင်းရုံး

အောင်မြေသာစံမြို့နယ်မှ NLD ပါတီဝင်တဦးက “စစ်ကောင်စီကနေ ချိတ်ပိတ်ထားတဲ့ ရုံးတခုကို ညသန်းခေါင်ကျော်ချိန်မှာ ဗုံးဖောက်ခွဲခံရတယ်၊ ပြီးတော့ ပေါက်ကွဲတဲ့နေရာတွေကလည်း အထပ်မြင့်နေရာတွေလေ၊ ပြီးတော့ ညမထွက်ရအချိန်မှာ ဖြစ်တာဆိုတော့ ဘယ်သူတွေ လုပ်နိုင်လဲဆိုတာ အဖြေက ရှင်းရှင်းလေးပါ” ဟု ပြောသည်။

လတ်တလောတွင် ယင်းဗုံးခွဲတိုက်ခိုက်မှုအား မည်သည့်အဖွဲ့က ပြုလုပ်သည်ကို သိရှိရခြင်းမရှိသေးဘဲ ယခင် NLD ရုံးများ တိုက်ခိုက်ခံခဲ့ရသည့်ဖြစ်စဉ်နည်းတူ လက်သည်တရားခံများအား အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်း မိခြင်းလည်း မရှိသေးပေ။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ရှိ NLD လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၏နေအိမ်နှင့် ပါတီအားထောက်ခံသူ ၃ ဦး၏ နေအိမ်များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များနှင့် ဆက်နွယ်မှုရှိသည်ဟုဆိုကာ ယမန့်နေ့ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် များက ချိတ်ပိတ်ကာ ပစ္စည်းများဖောက်ထွင်းယူဆောင်သွားခဲ့ကြောင်းလည်း ကာယကံရှင်လွှတ်တော်ကိုယ်စားလှယ်တဦး က ပြောသည်။

ဖောက်ခွဲ တိုက်ခိုက်ခြင်း ခံခဲ့ရသည့် မန္တလေး NLD တိုင်းရုံး

၎င်းက “ရုံးက အိမ်မှာပဲ တွဲဖွင့်ထားတာ။ ပထမတကြိမ်လည်း သူတို့လာပြီးတော့ ရုံးခန်းထဲက ပါတီနဲ့ ပတ်သတ်တဲ့ ဆိုင်း ဘုတ်တွေ၊ အလံတွေကို အကုန် ဖျက်စီးသွားတယ်။ မနေ့ကတော့ ကျနော်တို့ ကိုယ်စားလှယ် ၂ ဦး နေအိမ်နဲ့ ပါတီကို ထောက်ခံတဲ့သူ ၃ ယောက် နေအိမ်ကို ချိတ်ပိတ်ပြီးတော့ ပစ္စည်းတွေကိုပါ ယူသွားကြတယ်။ စုစုပေါင်း ၅ အိမ် ဆက်တိုက် ချိတ်ပိတ်သွားတာ။ ကျနော် ပြောချင်တာက ကျနော်တို့ ပါတီကို ပြည်သူတွေ မထောက်ခံရဲအောင် လုပ်ပြတာ။ ဖိနှိပ်ပြတဲ့ သဘောနဲ့ လုပ်တယ်လို့ပဲ ယူဆတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းအပြင် စစ်တပ်ထောက်ခံပွဲများ မြို့နယ်အများအပြားတွင် ပြုလုပ်နေသည့် ယခုရက်ပိုင်းအတွင်း NLD ပါတီရုံးများအား ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးမှုများ ဆက်တိုက်ဆိုသလိုဖြစ်ပွားလျှက်ရှိရာမှာ အောက်တိုဘာ ၂၀ ရက်နဲ့ ၂၁ ရက်နေ့က လည်း ထားဝယ်မြို့ရှိ NLD ပါတီတိုင်းရုံးနှင့် မြိတ်မြို့ရှိ NLD ခရိုင်ရုံးတို့ မိုင်းခွဲတိုက်ခိုက်ခံရသည်။

အဆိုပါရုံးများမှာ စစ်တပ်အာဏာသိမ်းကတည်းက ချိတ်ပိတ်ခံထားရသည့်ရုံးများဖြစ်ပြီး မိုင်းခွဲတိုက်ခိုက်မှုကြောင့် ထား ဝယ်မြို့ရှိ NLD တိုင်းရုံးတခုလုံး ပြိုကျပျက်ဆီးခဲ့ရကြောင်း သိရသည်။

ဖောက်ခွဲ တိုက်ခိုက်ခြင်း ခံခဲ့ရသည့် မန္တလေး NLD တိုင်းရုံး

ယင်းသို့ တရားဝင်နိုင်ငံရေးပါတီတခုဖြစ်သည့်အပြင် ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်သည့် NLD ပါတီရုံးများအား အာဏာသိမ်းစစ်တပ်လက်အောက် ညမထွက်ရအမိန့်များ ထုတ်ပြန်ထားချိန်တွင် မိုင်းခွဲတိုက်ခိုက်ခံနေရမှုများမှာ ပြည်သူများအပေါ် ခြိမ်းခြောက်နေခြင်းသာဖြစ်ကြောင်းလည်း NLD ပါတီ စမ်းချောင်းမြို့နယ်၊ အလုပ်အမှုဆောင်အဖွဲ့ ၊ ဒုဥက္ကဌ ဦးဘိုဘိုဦးကပြောသည်။

၎င်းက “အခုလိုမျိုးလုပ်ရပ်က တကယ်တမ်းပြောမယ်ဆိုရင် သူတို့ရဲ့အမုန်း၊ အာဃာတ၊ သူတို့ရဲ့ အတွေးမှာရှိနေတဲ့ အငုံ့ စိတ်ကို သူတို့က ကမ္ဘာကိုချပြနေတာပါ၊ ပြည်သူလူထုကို ခြိမ်းခြောက်နေတာပါ။ ဒီကိစ္စတွေက အလွန်တရာမှပဲ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စတွေပါ။ ဒါတွေအားလုံးဟာ လက်ရှိအာဏာသိမ်း စစ်ဖက်ခေါင်းဆောင်ပေါ်မှာ တာဝန်အရှိဆုံးပါ” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင် NLD ပါတီရုံးများတိုက်ခိုက်ခံရမှုအဖြစ် အောက်တိုဘာ ၂၃ ရက်နေ့ညပိုင်းက မွန်ပြည်နယ်၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်တို့ရှိ NLD ပါတီရုံးများ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး အဆောက်အဦးများ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

You may also like these stories:

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ သမ္မတကြီးတို့ အမှု နိုင်ငံသားတွေ သိခွင့်ရှိတယ်

ဒေါ်အောင်ဆန်းစုကြည် အမှုများ ပြည်သူမသိစေဖို့ ရှေ့နေတဦးကို ပြောဆိုခွင့်ထပ်ပိတ်

Loading