ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အမှတ် (၂) ဘုရင့်နောင်တံတားအောက်မှ ကျူးကျော်များ အပါအဝင် ရန်ကုန်-ပုသိမ် လမ်းမဘေးရှိ ကျူးကျော်အိမ်များကို ဖယ်ရှားရန် စစ်ကောင်စီက ဖိအားပေးပြီးနောက် ယနေ့ အင်အားသုံး ဖြိုဖျက်မှုများ စတင်ပြုလုပ်သည်။
ယနေ့ နံနက် ၈ နာရီခန့်မှ စတင်ကာ လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ် လမ်းမကြီးဘေး ဘယ်ညာရှိ ကျူးကျော်အိမ် များ အား ဖြိုဖျက်ရန်စစ်ကောင်စီက ဘူဒိုဇာများ၊ အချုပ်ကား၊ စစ်ကား၊ ရဲကားများနှင့် စည်ပင်သာယာကားများ အသုံးပြုကာ အင်အားအလုံးအရင်းဖြင့် လာရောက် ဖြိုဖျက်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
“ရှမ်းချောင်း၊ ရွှေလင်ဗန်း၊ ကစင်နဲ့ ရန်ကုန်-ပုသိမ် လမ်းမတလျှောက်ကို လတ်တလော စာထုတ်ရှင်းလင်းနေတာပါ။ ၊ ဘုရင့်နောင်တံတားကစပြီး လမ်းတလျှောက် BOC လောက်ထိ အိမ်ခြေကအများကြီးပဲ။ အကုန်လုံးကို ရက်အကန့် အသတ်နဲ့ ထုတ်ပြန်တာပါ။ ဒီနေ့က အဲဒီ လမ်းမတန်းပေါ့။ ဖျက်တဲ့သူလည်း ဖျက်တယ်။ မဖျက်တဲ့ သူတွေလည်း ရှိတယ်။ မဖျက်ရင်တော့ သူတို့ ဝင်ဖျက်တာပေါ့” ဟု လှိုင်သာယာမြို့နယ်နေ ဒေသခံတဦးက ပြောသည်။
ရန်ကုန်- ပုသိမ်လမ်းမကြီးဘေးတလျှောက်ရှိ ကျူးကျော်အဆောက်အအုံနှင့် စုပုံပစ္စည်းများကို ဥပဒေနှင့်အညီ ဖျက်သိမ်း ဖယ်ရှားရှင်းလင်းဆောင်ရွက်မည့်ကိစ္စ သက်ဆိုင်ရာဌာနများက စီမံဆောင်ရွက်နေသည်ဟုဆိုကာ စစ်ကောင်စီက စာထုတ် ၍သော်လည်းကောင်း၊ အသံချဲ့စက်ဖြင့် ကြေညာ၍ သော်လည်းကောင်း အကြိမ်ကြိမ် ဖိအားပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဖယ်ရှားမပေးပါက ဝင်ဖျက်မည်ဟု အောက်တိုဘာ ၁၅ ရက်တွင် တကြိမ်၊ အောက်တိုဘာ ၂၂ ရက်တွင် တကြိမ် သတိပေး ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီက ဖိအားပေးမှုကြောင့် နေအိမ်များကို ကိုယ်ထူကိုယ်ထ ဖျက်ကာ မဖြစ်မနေ ပြောင်းရွှေ့ရသော်လည်း ရက် ပိုင်းအတွင်း ပြောင်းရွှေ့ရသည့်အတွက် အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း ပြောင်းရွှေ့သည့် မိသားစုများက ဆိုသည်။
ကိုဗစ်ကြောင့် အလုပ်လက်မဲ့ ဖြစ်ခြင်းများအပြင် အာဏာသိမ်းမှုကြောင့်ပါ ဝမ်းရေးအတွက် ဖြေရှင်းရ ခက်ခဲနေချိန်တွင် ယခုကဲ့သို့ နေအိမ်များမှ ဖယ်ရှားရခြင်းကြောင့် အခက်အခဲများစွာ ရင်ဆိုင်နေရသည်ဟုလည်း ပြောင်းရွှေ့ရသူ ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။
၎င်းက “သက်သက်မဲ့ကို အငြိုးနဲ့ လုပ်တယ်လို့ ယူဆတယ်။ လာတာ ဓားတွေရော၊ တုတ်တွေရော။ ဒီနေ့မှ စပြီးလာဖျက် တာပေါ့။ ရဲမှူးပါတယ်။ ရပ်ကွက်ဥက္ကဋ္ဌ ပါတယ်။ စည်ပင်ကလူကြီးတွေပါတယ်။ စစ်သားတွေလည်းပါတယ်။ အာဏာသိမ်း ပြီးတော့ ဖယ်ပါ၊ မဖယ်ရင် လုပ်ပါမယ်ဆိုတဲ့ ကိစ္စကြီးကျတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ဟိုလူ့ဆီက ပိုက်ဆံချေး၊ ဒီလူ့ဆီက ပိုက်ဆံချေးနဲ့ လုပ်ရတာပေါ့။ မဖြစ်မနေ လုပ်ရတော့တာပေါ့” ဟု ဆိုသည်။
လက်ရှိ ဖယ်ရှားပေးနေရသည့် ကျူးကျော်နေအိမ်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် ယာယီနေထိုင်ခွင့်ကတ် (Smart Card) ရရှိထားသူများ ဖြစ်သည်။
NLD အစိုးရ လက်ထက် ၂၀၁၇ခုက ရန်ကုန်တိုင်းအစိုးရမှ ကျူးကျော် အိမ်ထောင်စု ၁ သိန်းကျော်အား ယာယီနေထိုင်ခွင့် သက်သေခံ Smart Card များ ထုတ်ပေးထားခြင်းဖြစ်ပြီး လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့၊ ဒဂုံတောင်နှင့် ရွေပေါက္ကံ စသည့် မြို့နယ်များတွင် မြေနေရာများ ပြန်လည်ချထားပေးရေး စီမံကိန်းဆောင်ရွက်ရန် စီစဉ်ခဲ့သော်လည်း အကောင် အထည် မဖော်နိုင်ခဲ့ပေ။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီး ၈ လကျော် အကြာတွင်မူ အဆိုပါ ကျူးကျော်နေအိမ်များအား အပြီးတိုင် ဖျက်သိမ်းဖယ်ရှားပေးရေးကို စစ်ကောင်စီက လုပ်ဆောင်လာခြင်း ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် မတ်လအတွင်း လှိုင်သာယာမြို့နယ်မှ ဆန္ဒပြမှုများကို စစ်တပ်အကြမ်းဖက် ဖြိုခွဲခဲ့ရာ သေဆုံးသူ အများအပြားရှိခဲ့ပြီး စစ်အုပ်ချုပ်ရေးဖြင့်လည်း အုပ်ချုပ်ခံခဲ့ရသည်။
You may also like these stories:
မြန်မာအတိုက်အခံများကို တနေရာပေးရန် ASEAN အတွက် အချိန်ကျပြီ
နာကျင်စရာတွေကို ခွန်အားအဖြစ် ပြောင်းပစ်မယ်လို့ မနီလာသိန်း ပြော
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ သမ္မတကြီးတို့ အမှု နိုင်ငံသားတွေ သိခွင့်ရှိတယ်