တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၆ နှစ်ပြည့်ပွဲသို့ တက်ရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ ဝေဖန်ခံရမှုများကြောင့် ဗဟိုကော်မတီ၏ သဘောထား မဟုတ်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) က ထုတ်ပြန်ကြေညာခြင်း ဖြစ်နိုင်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က သုံးသပ်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်က နေပြည်တော်တွင် အာဏာသိမ်း စစ်ကောင်စီက ကျင်းပသည့် NCA ၆ နှစ်ပြည့်ပွဲ သို့ ABSDF ဗဟိုကော်မတီဝင်တဦး ဖြစ်သူ ဦးမင်းဇော် တက်ရောက် စကားပြောခဲ့ခြင်းသည် ဗဟိုကော်မတီ၏ သဘော ထား မဟုတ်ကြောင်း ABSDF က အောက်တိုဘာ ၂၄ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
NCA ၆ နှစ်ပြည့်ပွဲတွင် ပြောကြားခဲ့သော ပြောကြားချက်များသည် တက်ရောက်သူ၏ ပုဂ္ဂိုလ်ရေး ပြောကြားချက်သာ ဖြစ် ကြောင်း၊ အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်းသည် အခြေအနေပေါ် မူတည်ပြီး ပါဝင်ဆောင်ရွက်ခဲ့သူများ၏ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်ကောင်စီက ပြုလုပ်သည့် အဆိုပါ အခမ်းအနားသို့ ABSDF ကိုယ်စားလှယ် တက်ခဲ့သည့်အပေါ် နိုင်ငံတကာရောက် ABSDF ရဲဘော်ဟောင်းများနှင့် ပြည်သူများကြား ဝေဖန် ပြစ်တင်မှုများ ရှိလာပြီးနောက် တပတ်ခန့်အကြာတွင် ABSDF ဘက်က ယခုကဲ့သို့ ကြေညာချက်တစောင် ထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက “နိုင်ငံတကာရောက်နေတဲ့ ABSDF အဟောင်းတွေက သိပ်သဘော မတွေ့ကြဘူးဗျ။ သူပြောတာကိုလည်း သဘောမတွေ့ဘူး၊ သူတက်တာကိုလည်း သဘော မတွေ့ဘူး။ အဲဒီအခါကျတော့ နိုင်ငံတကာရောက် ကျောင်းသားတွေက ဝိုင်းဝန်းပြီးတော့ ပြောကြဆိုကြ၊ ဝေဖန်ကြတာ များတော့ ကြေညာချက်ထုတ်ပြီးတော့ ဘယ်လို အခြေအနေပါဆိုပြီး နည်းနည်းလေး လေပြေထိုးလိုက်တဲ့ သဘောပါပဲ” ဟု ပြောသည်။
NCA ၆ နှစ်ပြည့်ပွဲသို့ မတက်ရောက်ရေးမူ ရှိပါက ABSDF ကိုယ်စားလှယ်သည် အခမ်းအနားသို့ ရောက်လာမည် မဟုတ် ဟုလည်း ၎င်းက ဆိုသည်။
၎င်းက “ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်က အရေးပေါ် ခေါ်ဖို့ခက်တော့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့က သင့်တော်တယ်လို့ မီးစိမ်း ပြလိုက်လို့ ဖြစ်မှာပါ။ အဲဒါကြောင့် ကိုယ်စားလှယ် တယောက်ကတော့ ရောက်သွားတာပေါ့” ဟု ပြောသည်။
သို့သော်လည်း ယခု ကြေညာချက် ထုတ်လိုက်ခြင်းအားဖြင့် ABSDF သည် NCA စာချုပ်မှ နုတ်ထွက်မည်ဟူသည့် သဘော မျိုး ယူဆ၍ မရကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ရှင်းပြသည်။
၎င်းက “ABSDF က NCA က ထွက်ရင် ဒီနေ့ထွက် မနက်ဖြန် မတရားအသင်း ဖြစ်မယ်။ အကြမ်းဖက်အဖွဲ့ ဖြစ်သွားမှာပေါ့။ NCA က ကာထားလို့ အကြမ်းဖက်အဖွဲ့အဖြစ်က ကင်းလွတ်နေတာ။ ရပ်တည်လို့ မလွယ်ဖြစ်မှာပေါ့။ တဖက်ကလည်း သူ တို့ဘက်ကို စဉ်းစားပေးဦးမှပေါ့” ဟု ပြောသည်။
အခမ်းအနားတွင် ABSDF ကိုယ်စားလှယ် ဦးမင်းဇော်က အဖွဲ့ကို ကိုယ်စားပြုပြီး စကားပြောခဲ့သော်လည်း နောက်ပိုင်းတွင် ဗဟိုကော်မတီက အဆိုပါ ပြောစကားများသည် အဖွဲ့အား ကိုယ်စားမပြုကြောင်း ဆိုလာသည်ဖြစ်ရာ ABSDF ၏ သဘော ထားသည် နားလည်ရခက်စရာ ဖြစ်နေကြောင်း ယင်းပွဲသို့ တက်ရောက်ခဲ့သည့် အခြားသော တိုင်းရင်းသားလက်နက်ကိုင် အချို့က မှတ်ချက်ပြုသည်။
ပွဲတက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့မှ တာဝန်ရှိသူ တဦးကလည်း “သူပြောတာကတော့ ငြိမ်း ချမ်းရေးကို ဝင်လာတဲ့ပုံစံ ဖြတ်သန်းမှုပေါ့။ အရှည်ကြီးပဲ။ ကောက်ချက်ဆွဲဖို့တော့ နည်းနည်းခက်တယ်။ မာနယ်ပလောခေတ် က အကြောင်းအရာတွေပါ ပါတယ်။ အဖွဲ့တွေ အားလုံးထဲမှာ သူပြောတဲ့ မိန့်ခွန်းက အရှည်ဆုံးပဲ” ဟု ပြောဆိုသည်။
ထုတ်ပြန်ချက်၊ ဝေဖန်ခံနေရမှုများနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် ABSDF ခေါင်းဆောင်များထံ ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ထုတ်ပြန်ချက်ထဲက အတိုင်းသာရေးရန်နှင့် သီးခြား ထပ်မရှင်းပြလိုတော့ကြောင်းသာ တညီတညွတ်တည်း ပြောကြသည်။
မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံရေးလေ့လာသူ တဦးကမူ ABSDF အနေဖြင့် NCA လမ်းကြောင်းကို ဆက်လက် ဆုပ်ကိုင်ထား ပြီး အာဏာသိမ်း စစ်ကောင်စီနှင့် တွေ့ဆုံမှုများ လုပ်နေမည်ဆိုပါက မြန်မာပြည်သူလူထု၏ ဝေဖန်ပြစ်တင်ခြင်းကို ခံရနိုင် ကြောင်း သုံးသပ်သည်။
၎င်းက “ABSDF က ဒီပုံစံအတိုင်း ဆက်သွားရင် ဝေဖန်မှုကတော့ ပြင်းထန်လာမှာ။ မြန်မာပြည်သူလူထုက ABSDF ကို တိုင်းရင်းသားအဖွဲ့လို့ သဘောပေါက်ထားတာမှ မဟုတ်ဘဲ။ ရှစ်လေးလုံး အရေးတော်ပုံကနေ တက်လာတဲ့ ကျောင်းသား တပ်မတော်လို့ သိတာ။ သို့သော် သူက သူကိုယ်တိုင် သဘောထား တင်းတင်းမာမာ ဖော်ပြဖို့ခက်နေတဲ့ အနေအထားမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) နဲ့ လက်တွဲပြီး NCA အကောင်အထည်ဖော်တဲ့ လမ်းကြောင်းကို ဆက်လျှောက်မယ်ဆိုရင် မြန်မာလူထုရဲ့ အတော်လေး ဝေဖန်တာတွေ ခံရမယ်ထင်တယ်” ဟု ဆိုသည်။
ABSDF ကို ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ဖြိုခွင်းခံရပြီးနောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ကျောင်းသားများ၊ အလုပ်သမားများ၊ လယ်သမားများနှင့် လူငယ်များက မြန်မာနိုင်ငံ နယ်စပ်အသီးသီးသို့ ထွက်ခွာကာ ဖွဲ့စည်းတည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။
ABSDF သည် ကရင်ပြည်နယ်ရှိ KNU ထိန်းချုပ်နယ်မြေတွင် ဌာနချုပ်ရှိပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ရာ ဒေသတွင်လည်း စခန်းခွဲများ ရှိသည်။
နေပြည်တော်တွင် အကျဉ်းချုံး ကျင်းပသည့် NCA ၆ နှစ်ပြည့်ပွဲသို့ ချင်းအမျိုးသားတပ်ဦး (CNF) မှလွဲပြီး ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ် ဦး (ABSDF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ လားဟူဒီမို ကရက်တစ်အစည်းအရုံး (LDU)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကမူ အခမ်းအနားသို့ အွန်လိုင်းမှတဆင့် သဝဏ်လွှာ တစောင် ပေးပို့ခဲ့ကြောင်း NCA ၆ နှစ်ပြည့်ပွဲ တက်ရောက်ခဲ့သူများထံမှ သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးလည်းဖြစ်၊ ချင်းအမျိုးသားတပ်ဦး (CNF) ၏ ဒုဥက္ကဋ္ဌလည်း ဖြစ်သည့် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းကမူ အပစ်ရပ် လက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင် များ အနေဖြင့် NCA လမ်းကြောင်းအတိုင်း တွေ့ဆုံဆွေးနွေးနိုင်မည် ဆိုသော အခြေအနေအတွက် စိတ်ကူးယဉ် မနေသင့် ကြောင်း ပြောဆိုသည်။
၎င်းက “မင်းအောင်လှိုင်လို အိပ်မက်ထဲမှာ မနေစေချင်ဘူး။ အမှန်တရားအပေါ်မှာ နိုးထပြီးတော့မှ ယနေ့ တိုင်းပြည်ရဲ့ ပကတိ အခြေအနေကိုလည်း ကြည့်ပါ။ ပြည်သူလူထု တရပ်လုံးရဲ့ ဆန္ဒကိုလည်း လေးစားပါ။ လူထုနဲ့ မပေါင်းဘဲနဲ့၊ လူထုရဲ့ ဆန္ဒကို မလိုက်လျောဘဲနဲ့ အဲဒီ နိုင်ငံရေး ဆွေးနွေးပွဲတွေကို စိတ်ကူးယဉ်နေတာက သမိုင်းထဲမှာ အမှားလုပ်နေတာ ဖြစ်တယ်။ သမိုင်းရဲ့ ဒဏ်ခတ်မှုကို အကြီးအကျယ် ခံရလိမ့်မယ်။ အချိန်မနှောင်းသေးဘူး” ဟု ဧရာဝတီနှင့် သီးသန့်အင်တာဗျူး တွင် ပြောဆိုထားသည်။
You may also like these stories:
စစ်ကောင်စီက ကျင်းပသည့် NCA ၆ နှစ်ပြည့်ပွဲ KNU တက်ခဲ့သလား
စစ်ကောင်စီ NCA ၆ နှစ်ပြည့်ပွဲ CNF နှင့် KNU မတက်