ရခိုင်စစ်ပွဲကာလက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲထားသည့် မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ရွာသား ၂၃ဦးကို လာမည့် နိုဝင်ဘာ ၅ ရက် နေ့တွင် အမိန့်ချမှတ်မည် ဖြစ်သည်။
၂၀၁၉ ခုနှစ် ဧပြီလအတွင်း မြောက်ဦး ကိုးသောင်းဘုရားအနီး ရဲတပ်ရင်းကို ရက္ခိုင့်စစ်တပ် (AA)က ဝင်ရောက် တိုက် ခိုက်စဉ် စစ်ကူပေးရန်လာသော စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရသည့် ဖြစ်စဉ်တွင် လက္ကာရွာသားများ ပတ်သက်သည်ဆိုကာ ၂၇ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး၊ စစ်ကြောရေးကာလတွင် ၃ဦးသေဆုံးကာ ကျန်တဦးမှာ အမှု ရုပ်သိမ်းခဲ့သဖြင့် လွတ်မြောက်ခဲ့ပြီးဖြစ်သည်။
ယမန်နေ့က အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (က) ၊ ၅၂ (က )၊ ၅၀ ( ဈ ) ၊ ၅၄ တို့ ဖြင့် တရားစွဲဆိုထား သည့် ကျန်လက္ကာရွာသား ၂၃ ဦးအမှုနှင့် ပတ်သက်၍ စစ်တွေခရိုင်တရားရုံးတွင် နှစ်ဘက်ရှေ့နေများ အပြီးသတ် လျှောက်လဲကာ အမိန့်ချရန် ရုံးချိန်းပေးခဲ့ခြင်းဖြစ်သည်။
အမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက “လက္ကာရွာသားအမှုနဲ့ ပတ်သက်ပြီး ၁၇ ဦးတမှု၊ ၁၆ ဦးတမှု အကြမ်းဖက်ဥပဒေနဲ့ စွဲထားတယ်။ အဲဒီထဲကတမှုကို ဒီနေ့နှစ်ဘက်လျှောက်လဲချက်ပေးတယ်။ လာမည့် နိုဝင်ဘာ ၅ ရက်နေ့မှာ အပြီးသတ် အမိန့်ချမယ်။ နောက်တမှုလည်း ဒီနေ့ စွဲချက်တင်ပြီး တရားခံပြသက်သေ တွေကို စစ်ပြီးတဲ့အတွက် နိုဝင်ဘာ ၅ ရက်နေ့မှာပဲ လျောက်လဲချက်ပေးရမယ်။ အဲဒီအမှုလည်း အဲဒီနေ့တခါတည်း အမိန့်ချ ကောင်းချနိုင်တယ်ပေါ့ ” ဟု ဧရာဝတီသို့ ပြောသည်။
ထို့အပြင် တရားလိုများကို စစ်ဆေးခဲ့သည့်အချိန် ရွာသားများအပေါ် စွဲဆိုထားချက်များနှင့်ပတ်သက်၍ ခိုင်လုံသော အကြောင်း တစုံတရာ သက်သေထွက်ဆိုနိုင်ခြင်း မရှိသလို AA တပ်ဖွဲ့ကိုလည်း အကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်ထားပြီ ဖြစ်သည့်အတွက် ရွာသားများ နှစ်ရှည် ချုပ်နှောင်ခံထားရခြင်းမှာ အလွန်နစ်နာကြောင်းလည်း တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက သုံးသပ်သည်။
“လက္ကာရွာသားတွေက ချုပ်ခံထားရတာ နှစ်နဲ့ချီရှိနေပြီ။ သူတို့ကို တရားစွဲတုန်းကလည်း AA ကို အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာထားတာ မရှိသေးဘူး။ အခု AA ကို အကြမ်းဖက်အဖွဲ့ကနေ ပယ်ဖျက်ပြီးပြီ ဆိုတော့ ဒီရွာသားတွေ ချုပ်နှောင်ခံထားရတာဟာ အလွန်တရာ နစ်နာဆုံးရှုံးမှုရှိတယ်လို့ သုံးသပ်တယ်။ သက်ဆိုင်ရာလူကြီးတွေ အနေနဲ့ လည်း ဒီအမှုကို စဉ်းစားချင့်ချိန်ပြီး ဆောင်ရွက်ပေးသင့်တယ်လို့ မြင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်တပ်စစ်ကြောရေးတွင် သေဆုံးသွားသော ရွာသား ၃ဦး၏ မိသားစုများကလည်း တရားမျှတမှု ရလိုကြောင်း တောင်းဆိုထားသည်။
တရားဆိုင်နေသူ လက္ကာရွာသား ကိုဦးလှမောင်၏ မိခင် ဒေါ်စံသာနုက “ကျမတို့ ဒုက္ခရောက်တာကိုတော့ မပြောချင် တော့ဘူး။ အမှုရုပ်သိမ်းတယ်လို့ ကြေညာတဲ့အခါ ကျမသားပါမလားဆိုပြီးမျော်တယ်။ လွတ်ငြိမ်းချမ်းသာခွင့်ပေး တဲ့ အချိန်လည်း သားလေး ပါမလားလို့မျော်တယ် မပါဘူး။ တလ ၄ကြိမ် ရုံးချိန်လာရတာ။ ၃ နှစ်နီးပါးရှိပြီ ဘယ် လောက် ဒုက္ခရောက်မလဲဆို စဉ်းစား ကြည့်ကြပါ” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် မတ်လအတွင်းက ရက္ခိုင့်စစ်တပ် (AA ) ကို အကြမ်းဖက်အဖွဲ့မှ ပယ်ပျက် ပေးပြီး AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဆွေမျိုးတချို့နှင့် အကြမ်းဖက်မှုနှင့်တရားစွဲခံရသော ရွာသားတချို့ကို အမှုရုပ်သိမ်းကာ ပြန်လွတ်ပေးခဲ့သော်လည်း လက္ကာရွာသားများမှာ ပါဝင်မှုမရှိဘဲ သုံးနှစ်နီးပါးကြာ ချုပ်နှောင်ခံနေရဆ်ဲ ဖြစ်သည်။
စစ်တပ်နှင့် ရက္ခိုင့်စစ်တပ် (AA) သည် ရခိုင်မြောက်ပိုင်းမြို့နယ်များတွင် သုံးနှစ်နီးပါး တိုက်ခိုက်ခဲ့ကြပြီး ၂၀၂၀ ခုနှစ် နိုင်ဝင်ဘာလမှစ၍ လက်ရှိ အချိန်အထိ နှစ်ဘက်တိုက်ပွဲများ ယာယီရပ်နားထားခဲ့သည်။
You may also like these stories:
မြောက်ဦးက စာရေးဆရာတဦး PDF နှင့် ဆက်စပ်ဟုဆိုကာ အမှုဖွင့်ခံရ
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် သေဆုံးခြင်း
NUG ပိုက်ဆံ ဘယ်လိုရှာလဲ ဘယ်လိုသုံးလဲ ဝန်ကြီး ဦးတင်ထွန်းနိုင် ပြောသည်