ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ နာယကအဖွဲ့ဝင်တဦးဖြစ်သူ ဦးဝင်းထိန်အား ယနေ့ ထောင်ဒဏ်နှစ် ၂၀ ချမှတ်လိုက်ကြောင်း ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးမြင့်သွင်ကပြောသည်။
၎င်းက “အခု ၃ နာရီကပဲ အမိန့်ချလိုက်တာ၊ နေပြည်တော်အချုပ်ထောင်ထဲမှာပဲ ဒက္ခိဏခရိုင် တရားရုံးရဲ့ အထူးခုံရုံးနဲ့ အမိန့်ချလိုက်တာပါ၊ အခုတော့ ရဲတွေက ဘယ်ထောင်ပို့ရမလဲ စီစဉ်နေတယ်၊ နှစ် ၂၀ ဆိုတော့ အနီးအနားက ရမည်းသင်းတို့ ဘာတို့ ပို့လို့မရတော့ဘူးဖြစ်သွားတယ်။ နီးတဲ့နေရာတော့ အရင်ပို့မယ်ထင်ပါတယ်”ဟု ပြောသည်။
ယခုပြစ်ဒဏ်ချမှတ်မှုနှင့် ပတ်သက်ပြီး ရှေ့နေအဖွဲ့အနေဖြင့် ဥပဒေပါအခွင့်အရေးအရ အယူခံတင်မည်ဖြစ်ပြီး ဦးဝင်းထိန်အနေဖြင့်လည်း စိတ်ဓာတ်၊ ယုံကြည်ချက်၊ ခံယူချက်ကြီးသူဖြစ်သည့်အတွက် ၎င်း၏ပြောကြားချက်များအား တာဝန်ခံကာ ပြောခွင့်ရှိတာ ပြောဆိုခဲ့ခြင်းသာဖြစ်ကြောင်းလည်း ရှေ့နေများကပြောသည်။
“ကျနော်တို့ဘက်ကလည်း ဥပဒေအကာအကွယ်ရှိတယ်ဆိုတာ ထောက်ပြတယ်၊ ဥပဒေနဲ့အညီ ပြောခွင့်ရှိတဲ့ ပြဌာန်းချက်တွေ၊ ကင်းလွတ်ခွင့်တို့၊ စီရင်ထုံးတို့ရှိတယ်၊ အဲဒီအတွက် ဦးဝင်းထိန်အနေနဲ့က အစိုးရကို စေတနာနဲ့ ဝေဖန်ခွင့်ရှိတယ်ဆိုတဲ့ စီရင်ထုံးတွေနဲ့ပဲ ချေပတာပါ။ ဒါကြောင့် ပြစ်ဒဏ်ချတာကို ကျနော်တို့က အယူခံဆက်ပြီး တက်ဦးမှာပါ” ဟု ရှေ့နေတဦးကပြောသည်။
NLD ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းထိန်အနေဖြင့် စစ်တပ်အာဏာသိမ်းသည့်နေတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းပြည်နှင့် လူမျိုး၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားကိုသာ ဦးစားပေးသူ ဖြစ်ကြောင်း၊ တရားဝင်အစိုးရ၊ ပြည်သူလူထုက အခွင့်အာဏာ ပေးထား၊ ရွေးချယ်ထား သည့် သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းလိုက်ခြင်းသည် မထူးဇာတ်ခင်းသွားခြင်း ဖြစ်ကြောင်း၊ ကိုဗစ် ကြောင့် တနိုင်ငံလုံး ဒုက္ခရောက်ပြီး စီးပွားရေးကျချိန် မထောက်မညှာ အာဏာသိမ်းခြင်းသည် အမြော်အမြင်နည်းပြီး အမြင် ကျဉ်းမြောင်းခြင်း ဖြစ်ကြောင်း စသည်ဖြင့် ဝေဖန်ပြောဆိုခဲ့သည်။
ဝေဖန်ပြောကြားမှုများပြုလုပ်ပြီးနောက် နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် ဥတ္တရသီရိခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်နေ့တွင် တရားရုံးသို့ ဦးတိုက်လျှောက်ကာ တရားစွဲဆိုခံရခြင်းဖြစ်သည်။
တရားစွဲခံရပြီးနောက် ဖေဖော်ဝါရီ ၄ ရက်နေ့က နေပြည်တော်မှ ရန်ကုန်သို့ပြန်လာခဲ့သည့် ဦးဝင်းထိန်အနေဖြင့် နေအိမ်၌ ဖမ်းဆီးခံခဲ့ရပြီး နေပြည်တော်ပြန်လည်ခေါ်ဆောင်ကာ ချုပ်နှောင်ထားခြင်းခံခဲ့ရသည်။
တပ်မတော်အရာရှိဟောင်းတဦးလည်းဖြစ်သူ ဦးဝင်းထိန်သည် လုပ်ငန်းရှင်တဦးအဖြစ် ရပ်တည်နေရာမှ ၁၉၈၈ ခုနှစ်တွင် NLD ခေါင်းဆောင်များဖြစ်သည့် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်ပူးပေါင်းခဲ့သည့်အတွက် ၁၉၈၉ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ထောင်ဒဏ် ၅ နှစ်ကျခံခဲ့ရသည်။
ယင်းနောက် ၁၉၉၆ ခုနှစ်တွင် နောက်တကြိမ်ထပ်မံဖမ်းဆီးခံရပြီး အင်စိန်ထောင်၊ မြင်းခြံထောင်၊ မိတ္ထီလာထောင်၊ မန္တလေးထောင်နှင့် ကသာထောင်တို့တွင် ၂၀၂၁၀ ခုနှစ် ၁၄ နှစ်နေထိုင်ရပြီး၊ ဦးဝင်းထိန်သည် စုစုပေါင်း ထောင်ထဲတွင် နှစ် ၂၀ နှင့် ၂ လ နေထိုင်ခဲ့ရသည်။
You may also like these stories:
ဦးဝင်းထိန်အမှု အာမခံ လျှောက်ထားမှု ပယ်ချခံရ
ဦးဝင်းထိန်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီး
ဦးဝင်းထိန်နှင့် သူ၏ရှေ့နေတို့ တွေ့ခွင့်မရ၍ ရုံးချိန်းရက် ထပ်မံ ရွှေ့ဆိုင်း